စိတ်အခြေပြု ရုပ်ပြောင်းလဲခြင်း

စိတ်အခြေပြု ရုပ်ပြောင်းလဲခြင်း
January 26, 2017 Asian Fame

10:40 am
စိတ်အခြေပြု ရုပ်ပြောင်းလဲခြင်း

mind

ပြောင်းလဲရမည် ဆိုတဲ့ အတိုင်း ပြောင်းလဲသင့်ပါပြီ။ နှစ်ပေါင်းများ စွာ အဆိုးဆုံး နေ့ရက် များကို ရင် ဆိုင်ခဲ့ရပြီးပါပြီ။ အခုခေတ်သစ် ကို ဖန်တီး တည်ဆောက်နေတဲ့ အချိန် မှာ အဘက်ဘက်က ပြောင်းလဲနိုင် ရပါလိမ့်မယ်။ အဆိုးဆုံးထက် ပိုမ ဆိုးနိုင်တော့ပါဘူး။ အဆိုးဆုံးကို ရင်ဆိုင်ပြီးရင် အကောင်းကို မျှော် လင့်ချင်ကြတာ လူ့သဘာဝဖြစ်ပါ တယ်။ ပြည်သူတွေ အနေနဲ့ မျှော် လင့်နေကြတာက နေ့စဉ်ကြုံတွေ့ ရင်ဆိုင် ဖြေရှင်းနေရတဲ့ စားဝတ် နေရေးပါပဲ။ နေရေးဆိုတဲ့ ကဏ္ဍမှာ အခက်အခဲ ကြီးစွာနေခဲ့ရတဲ့ နေ ရေးအပြင် သွားလာရေးလည်း ပါ ဝင်ပါတယ်။ အဓိက,ကတော့ မဟာ ရန်ကုန်မြို့တော်ကြီးမှာ နေ ထိုင်တဲ့ ပြည်သူတွေ ရဲ့ နေ့စဉ်နဲ့အမျှ အလုပ် သွားနေရတဲ့ အခက်အခဲ တွေပါ။

နေ့စဉ် အလုပ်သွားနေရတဲ့ ပြည်သူတွေဟာ သိန်းပေါင်းများ စွာ ရှိပါတယ်။ ဒီပြည်သူတွေဟာ လိုင်းကားတွေကို တိုးဝှေ့၊ တွယ် ချိတ်ပြီး ဒုက္ခခံ စီးနေကြရပါတယ်။အရှက်တရားတွေ၊ အသက် အန္တ ရာယ်တွေကို ဂရုမပြုနိုင်ဖြစ်နေရ ပါတယ်။ ဒီလိုဒုက္ခတွေနဲ့ ရင်ဆိုင် နေရတဲ့ ပြည်သူတွေမှာ စိုးရိမ် သောကစိတ် တွေ ရှိနေခဲ့ရပါတယ်။အိမ်တွေမှာ ကျန်ရစ်ခဲ့သူတွေ လည်း စိုးရိမ်သောကတွေ ရှိနေကြ ပါတယ်။ လိုင်းကားပေါ်ကို ရောက် ရှိရေးဆိုတဲ့ စိုးရိမ်သောကစိတ် အ ပြင် အလုပ်နောက်ကျမှာ၊ ညနေ အိမ်ပြန် နောက်ကျ မှာတွေက လည်း အမြဲစိုးရိမ်သောက ရောက် နေရတဲ့စိတ်တွေပါ။ နောက်တစ်ခု က လောဘစိတ်တွေ နဲ့ယှဉ်ပြီး စား ဝတ်နေရေးအတွက် ဖြေရှင်းနေရ တဲ့ လိုင်းကားမောင်းသူတွေ၊ ကား နောက်လိုက် စပါယ်ယာတွေ ရဲ့စိတ် တွေပါ။ နေ့စဉ် တွက်ခြေကိုက်ဖို့ လိုင်းကား အချင်းချင်း ယှဉ်ပြိုင်ပြီး အလုအယက် မောင်းနေရတာ ကြောင့် ဒေါသစိတ်တွေ ဖြစ်ပေါ် လာခဲ့ရပါတယ်။ လောဘစိတ်တွေ ကြီးထွားလာတဲ့ အခါ အရိုင်းစိတ် တွေ ဖြစ်လာခဲ့ပါတယ်။ ပြောရရင် နေ့စဉ်နဲ့အမျှ သောက စိတ်တွေ၊ လောဘနဲ့ ဒေါသစိတ်တွေ ရင်းနှီး နေရတဲ့ မြို့တော်ကြီး ဖြစ်နေရပါ တယ်။ ရန်ကုန်မြို့တော်ကြီးရဲ့ လမ်းမတွေပေါ်မှာ အချိန်တွေ ကုန် ဆုံးနေရပါတယ်။ ပြည်သူတွေအ တွက် အချိန်တွေကိုပါ ပေးခဲ့ရသလို၊ တိုင်းပြည် အတွက်လည်း လုပ်အား တွေ ဆုံးရှုံးခဲ့ရပါတယ်။

အခုပြောချင်တာက ပြောင်း လဲရမည်ဆိုတဲ့ ဒီမိုကရေစီခေတ် အပြောင်းအလဲမှာ ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြ နေရတဲ့ သောက စိတ်တွေ၊ အဆိုးရွားဆုံး ခေတ်မှာ ရရှိခဲ့တဲ့ လောဘစိတ်၊ ဒေါသစိတ် တွေကို အရင် ပြောင်းလဲရပါမယ်။

အခု ရန်ကုန်မြို့တော်ကြီးမှာ ရန်ကုန်တိုင်း အစိုးရက နှစ်ပေါင်း များစွာ သောကစိတ်တွေ၊ လောဘ နဲ့ ဒေါသစိတ်တွေကို ဖြစ်ပေါ်စေခဲ့ ရတဲ့ မထသ ယာဉ်လိုင်းတွေ ပြေး ဆွဲနေတဲ့ စနစ်ကို ပြောင်းလဲပြီး  အစိုးရပိုင် ယာဉ်လိုင်းတွေ ပြေးဆွဲ မယ့်စနစ်ကို ပြောင်းလဲ ခဲ့ပါပြီ။ ဒီ လို ပြောင်းလဲ တာကို အကောင်း  ဖြစ်မယ်လို့ ပြည်သူတွေ မြင်နေကြ ပါတယ်။ ဒီမိုကရေစီ စနစ်ကို ဖော် ဆောင်မယ့် အရပ်သား အစိုးရသစ် ရဲ့ ပြောင်းလဲဖို့ ကြိုးစားတာတွေကို တွေ့မြင်ချင်ကြပါတယ်။ ခေတ်ဆိုး မှာ ကြုံတွေ့ရတာ ထက်တော့ ပို ကောင်းလာလိမ့်မယ် ဆိုပြီး ပြောင်း လဲမှုမှန်သမျှကို ပြည်သူတွေ အမြဲ ကြိုဆိုနေကြမှာပါ။ ခေတ်ပြောင်း ကို ဖန်တီးရမယ့် အစိုးရတွေမှာ အခက်အခဲတွေတော့ ရှိကြမှာပါပဲ။ အခုပြောင်းလဲမှုဟာ ပုံသဏ္ဌာန် ပြောင်းလဲမှုပါ။ ပုံသဏ္ဌာန်ပြောင်း လဲမှုထက် အရေးကြီးတာက စိတ် တွေကို ပြောင်းလဲနိုင်ဖို့ အရေးကြီး ပါတယ်။

အဓိက ပြောင်းလဲပစ်ရမယ့် စိတ်တွေဟာ လောဘ စိတ်တွေပါ။ မထသလက်ထက်မှာ ပြေးဆွဲလို့ ကောင်းတဲ့ ယာဉ် လမ်းကြောင်းကို ရရှိထားတဲ့ ကုမ္ပဏီ ပိုင်ရှင်တွေနဲ့ ဝင်ငွေ များများ ရရှိခဲ့တဲ့ ယာဉ်    မောင်းတွေ၊ ယာဉ်နောက်လိုက် တွေရဲ့လောဘတွေကို စနစ်တကျ နှိမ်နင်းဖို့ လိုအပ်နေပါတယ်။ အစိုးရ အနေ နဲ့ အတော် ခက်ခက်ခဲခဲကို ဖြေရှင်း ရပါလိမ့်မယ်။ မထသ အောက်မှာ ပြေးဆွဲခဲ့တဲ့ ယာဉ်လိုင်း ပိုင်ရှင်များကို မိမိတို့ ပြေးဆွဲလိုတဲ့ လမ်းကြောင်းများမှာ မှတ်ပုံတင် ခိုင်းလိုက်တဲ့ အတွက် ဝင်ငွေကောင်း တဲ့လိုင်းတွေကို စုပြုံပြီး မှတ်ပုံတင် ကြပါတယ်။ အဆိုပါ ယာဉ်လိုင်း တွေကို ပြေးဆွဲလိုတဲ့ ယာဉ်တွေ ပိုများနေပြီးတော့ ဝင်ငွေအရ နည်း တဲ့ ယာဉ်လိုင်းတွေကို မှတ်ပုံတင် နည်းနေခဲ့ကြတယ်။ ဒီပြဿနာက လည်း အကိုင်အတွယ် အင်မတန် ခက်ခဲပါလိမ့်မယ်။ ဒီလောဘနဲ့ မိမိ ကိုယ်ကျိုး အတွက်ပဲ ကြည့်နေတတ် တဲ့ စိတ်တွေ ရှိနေသေးရင် ဒီမိုကရေ စီခေတ် အပြောင်းအလဲကို ဘယ် လိုမှ မရောက်နိုင်ပါဘူး။

တကယ်ဆိုရင် ခေတ်ပြောင်း ဖို့ လိုလားခဲ့ သူတွေထဲမှာလည်း လိုင်းကား ပိုင်ရှင်တွေရော၊ ယာဉ် မောင်းသူတွေ ပါပါခဲ့မှာပါ။ ဒီ မိုကရေစီ အစိုးရ သစ်ဖြစ်ဖို့ လက် သန်း မှင်ပြာစွန်းခဲ့ သူတွေထဲမှာ လည်း မိမိတို့ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်ရင် လောဘစိတ်ကို မဖျောက် နိုင်ကြပါဘူး။ ခေတ်ဆိုးထဲ က ထွက် လာခါစ ခေတ်အသစ်ကို ပြုပြင် တည်ဆောက်နေ ချိန်မှာ  ကိုယ်ကျိုး တစ်ခုတည်းကို မကြည့်သင့်တော့ ပါဘူး။ အတ္တတွေ မကြီးသင့်တော့ ပါဘူး။

ပြည်သူလူထုကြီး အတွက် အတ္တနဲ့ ပရအကျိုးကို မျှကြည့်ပြီး ခေတ်အသစ် တည်ဆောက်ရေးမှာ ပါဝင်ကြမှ အောင်မြင်ပါလိမ့်မယ်။ အများပြည်သူတွေ ရဲ့ အခက်အခဲ ကို ဝိုင်းဝန်း ကူညီဖြေရှင်းရမယ့် အ ချိန်ပါ။

ကျွန်တော် တွေးလိုက်မိတာ က ကမ္ဘာကြီးမှာ ကွန်မြူနစ်စနစ် တွေထွန်းကားခဲ့တဲ့ အချိန်ကို သတိ ရမိပါတယ်။ အရင်ကွန်မြူနစ် နိုင်ငံ တွေက ပြည်သူတွေဟာ ဘုံဝါဒ နိုင်ငံတော် တည်ဆောက်ရေးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။ ဘုံ ဝါဒနိုင်ငံ တည်ဆောက်ရေး အ တွက် အသက်စွန့် လိုသူတွေ အ မြောက်အမြား ပေါ်ပေါက်ခဲ့ပါ တယ်။ မော်စီတုန်းတည်ဆောက်ခဲ့ တဲ့ တရုတ်ပြည်၊ ဟိုချီမင်းဦး   ဆောင်ခဲ့တဲ့ ဗီယက်နမ် နိုင်ငံတွေ ဟာ ဘုံဝါဒရဲ့စံပြနိုင်ငံ တွေဖြစ်ခဲ့  ပါတယ်။ ကွန်မြူနစ်စနစ် အောင် မြင်ခြင်း မအောင်မြင်ခြင်းကို ပြော ချင်၍မဟုတ်ပါ။ တိုင်းပြည်တစ်ခု ကို အသစ်ပြန်လည်တည်ဆောက် ရေးမှာ အဲဒီတိုင်းပြည်က လူကြီး တွေသာမက လူငယ်တွေပါ တက် တက်ကြွကြွနဲ့ ပါဝင်တည်ဆောက် ခဲ့တယ်။ တိုင်းပြည် အတွက် အတ္တ အကျိုးတွေကို ဘေးဖယ်ပြီး ကိုယ် ကျိုး စွန့်ခဲ့ကြပါတယ်။ ပြည်သူတွေ ရှေ့ကနေ ကွန်မြူနစ် ပါတီဝင်တွေ က ဦးဆောင် အနစ်နာခံ ခဲ့ကြပါ တယ်။ ပြည်သူတွေ ပါဝင်လာ   အောင်လည်း စည်းရုံးနိုင် ခဲ့ကြပါ တယ်။

ကျွန်တော်တို့ နိုင်ငံမှာလည်း ခေတ်ဆိုး စနစ်ဆိုး ထဲကထွက်လာ ပြီး ပြောင်းလဲရမည် ဆိုတဲ့ကြွေးကြော်သံနဲ့ ခေတ်ပြောင်းကို စတင် တည်ဆောက်နေပါပြီ။ အခု ရန် ကုန်မြို့တော်ကြီးမှာ နေ့စဉ်နဲ့အမျှ ပြည်သူတွေ သွားလာနေကြတဲ့ ယာဉ်လိုင်းတွေ ကို စတင်စနစ် ပြောင်းလဲလိုက်တဲ့ အချိန်ပါ။ နေ့ စဉ် အလုပ်ဆင်း အလုပ်ပြန် ပြည် သူတွေ အခက်အခဲ မရှိအောင် တက္ကသိုလ်တွေက ကျောင်းသားလူ ငယ်တွေ၊ အရပ်ဘက် လူမှု အဖွဲ့အ စည်းတွေ ကူညီပေးနေကြပါပြီ။ အာဏာရ အင်အယ်ဒီ ပါတီဝင် တွေလည်း ဦးဆောင် ပါဝင်လာကြ မှာကို မျှော်လင့်မိပါတယ်။

စိတ်ကြောင့် ရုပ်ပြောင်းလဲ   နိုင်သလို။ ရုပ်ကြောင့်စိတ်ပြောင်း လဲမှုလည်း ဖြစ်နိုင်ပါတယ်။

အခုယာဉ်လိုင်းစနစ် ပြောင်း လဲမှုဟာ ပုံသဏ္ဌာန်အရ ရုပ်ပြောင်း လဲမှုပါ။ ဒီလို နေ့စဉ် သွားလာနေ ရတဲ့ ပြည်သူတွေ အခက်အခဲ မရှိ အောင် ကူညီလိုတဲ့ စိတ်စေတနာ တွေ ပါဝင်ကြောင်း ပြနေပါတယ်။ အာဏာရ အစိုးရရဲ့ ပုံသဏ္ဌာန်အ ပြောင်းအလဲမှာ ပြည်သူက ပြည် သူကို ကူညီခြင်း ဆိုတာ ပြနေပါ တယ်။ အစိုးရ တစ်ခုက မှန်ကန်တဲ့ မူဝါဒ တစ်ခုကို ချမှတ်ပေးပြီး ပြည် သူတွေ လိုက်ပါ ဆောင်ရွက်ရင် အောင်မြင်မှာပါ။

မူဝါဒတစ်ခု အောင်မြင်လာခဲ့ ရင် ပြည်သူတွေမှာလည်း ပါဝင် ကူညီခွင့်ရတဲ့ ပျော်ရွှင်စိတ်တွေ   ဖြစ်ပေါ်နိုင်ပါလိမ့်မယ်။ ဒီဖြစ်ပေါ် လာတဲ့ ပျော်ရွှင်စိတ် တွေကလည်း စိုးရိမ်သောကစိတ်တွေကို အတန် သင့်ပြေ ပျောက်နိုင်ပါတယ်။ အတ္တ စိတ်တွေကိုလည်း ပျောက်ကင်းစေ ပါလိမ့်မယ်။ အဓိကကတော့ လူ လူချင်း ကိုယ်ချင်းစာ စိတ်ဖြစ်လာ ဖို့ လိုပါတယ်။ ဒီမိုကရေစီခေတ် တည်ဆောက်နေတဲ့ အချိန်မှာ  လူ လူချင်း တန်ဖိုးထားပြီး လူ့အခွင့်အ ရေးကို အလေးထားဖို့ အခြေခံရ ပါလိမ့်မယ်။ လူ့ အခွင့်အရေးကို အ လေးထားမှ လူလူချင်း စာနာတတ် တဲ့ လူ့ဝန်းကျင် ပေါ်ပေါက် ကျယ် ပြန့်လာနိုင်မှာပါ။

ကျွန်တော်တို့နိုင်ငံမှာ လူလူ ချင်း စာနာထောက်ထားတဲ့ အမူ အကျင့်တွေဟာ ကဏ္ဍ ဘက်ပေါင်း စုံမှာ ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ လူသား ဘဝတွေကို အတ္တနဲ့ရှင်သန် နိုင်မှ လူ့အရာ ရောက်တဲ့ ခေတ်ကို ဖန်တီးခံ ခဲ့ရပါပြီ။ စိတ်တွေက ရုပ် ဝတ္ထုတွေအောက်မှာ အနင်းချေခံခဲ့ ရပါတယ်။ အခုအချိန်မှာ  ပြည်သူ တွေရဲ့စိတ်တွေကို စပြီး ပြောင်းလဲ ပစ်ရပါလိမ့်မယ်။ ပြည်သူ အများစု ရဲ့ စိုးရိမ်သောက အမြဲရောက်နေ တဲ့ အကြောက်တရား စိတ်တွေ လျော့ပါးသွားအောင် လုပ်ဆောင် ရပါလိမ့်မယ်။

ပြည်သူ အများစုကြီးမှာ ကူး စက်ရောဂါ ကျရောက် သလိုမျိုး အ ကြောက်တရား ဖြစ်စေခဲ့တဲ့ အ ကြောင်းတရား ကတော့ လောဘ စိတ်တွေကြောင့်ပါပဲ။ လောဘတွေ ဟာ မီးတဟုန်းဟုန်း တောက်သလို တိုင်းပြည်တစ်ခုလုံး ပြာကျ သွားစေ တဲ့အထိ တောက်လောင်ခဲ့ပါတယ်။ အခုလည်း ဒီမီးတောက်က အရှိန် နဲ့ တောက်လောင် နေတုန်းပါ။ ဒီ လောဘမီးတွေကို မငြှိမ်းနိုင်သေး ရင်တောင် အရှိန် လျော့သွား အောင် ဆောင်ရွက်နိုင်မှ ပြည်သူ တွေအတွက် သောကစိတ်တွေ    လျော့ပါးသွားနိုင်မှာပါ။

အခု ပြောင်းလဲလိုက်တဲ့ ရန် ကုန်မြို့တော်ကြီး ယာဉ်လိုင်းစနစ် အသစ်မှာ ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ် မောင်းသူတွေ၊ ယာဉ်နောက်လိုက် တွေရဲ့ လောဘစိတ်တွေကို ပြောင်း လဲနိုင်ဖို့ လိုပါတယ်။ ဥပဒေနဲ့သာ မက ဒီမိုကရေစီ ခေတ်ပြောင်းကာ လကို နားလည်ခြင်းဖြင့် လူလူချင်း တန်ဖိုး ထားတတ်တဲ့ စိတ်မျိုးကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဘာ ဖြစ်လို့လဲ ဆိုရင် ကဏ္ဍ အသီးသီးမှာ တရား ဥပဒေတွေ မစိုးမိုးနိုင်သေး တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါ တယ်။ ပြောရရင်  စိတ်ကိုအခြေပြု ပြီး ရုပ်ကို ပြောင်းလဲနိုင်မှသာ မျိုးစုံ လောင်ကျွမ်းနေတဲ့ အပူမီးတွေ ငြှိမ်းသတ်နိုင်ပါ လိမ့်မယ်။ အပူမီး တွေ လောင်ကျွမ်းနေသမျှ အေး ချမ်းမှုကို မရနိုင်ပါ ဘူး။

ပြောင်းလဲရမည် ဆိုတဲ့ တကယ် ပြောင်းလဲနိုင်တဲ့ ခေတ်ကို ရောက်ဖို့ စိတ်တွေပြောင်းလဲနိုင် အောင် ကြိုးစားနိုင်ကြပါစေ။

မြတ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*