ခဲထပ်မှန်ခြင်းမှ ကင်းဝေးပါစေကြောင်း. . .

ခဲထပ်မှန်ခြင်းမှ ကင်းဝေးပါစေကြောင်း. . .
January 25, 2017 Asian Fame

11:40 am
ခဲထပ်မှန်ခြင်းမှ ကင်းဝေးပါစေကြောင်း. . .

PC

Popular Choice ဆိုသည်က ပေါ်ပြူလာနယူးစ်၏ ရွေးချယ်မှုဟူသည်ထက် တစ်ပတ်အတွင်းဖြစ်ခဲ့သော ထူးခြားမှုများအနက် အများပြည်သူ စာဖတ်သူတို့အတွက် အရေးပါသော၊ အများပြည်သူအပေါ် အသက်ရောက်ဆုံး ဖြစ်စေသော အကောင်းအဆိုးတစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့သော လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖြစ်အပျက်တစ်ခုခုကိုဖြစ်စေ၊ တီထွင်ဆန်းသစ်မှု သို့မဟုတ် လူသုံးကုန်ပစ္စည်းတစ်ခုခုကိုဖြစ်စေ ပေါ်ပြူလာအဖြစ်ဆုံးဟု ယူဆသည့်အကြောင်းကို ရွေးချယ်တင်ဆက်ခြင်းဖြစ်ပါသည်။

တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည်တို့မှ ကောက်နုတ်တင်ဆက်ခြင်းဖြစ်ရာ စာဖတ်သူတို့၏ အကြိုက်နှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်သော်လည်း ထိုကွဲလွဲမှုသည်ပင် မတူညီသော အမြင်များကို သုံးသပ်နိုင်သည်ဖြစ်၍ အသိဥာဏ်နှင့် ရှုထောင့်များသုံးသပ်နိုင်မှု ပိုမိုကျယ်ပြန့်လာစေရန်လည်း ရည်ရွယ်ပါသည်။ အထူးသဖြင့်မူ ပေါ်ပြူလာနယူးစ်၏ စာဖတ်ပရိသတ်တို့အတွက် ရင်းနှီးရသောအချိန်နှင့် ငွေကြေးအကျိုးမဲ့ မဖြစ်စေဘဲ တစ်ပတ်အတွင်း ထူးခြားမှုတို့ကို သိမ်းဆည်းမှတ်တမ်းပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

မထသပြီးတော့ တက္ကစီတွေ အလှည့်ကျတော့မယ်ဆိုတဲ့ သတိပေးသံတွေ ခပ်စိပ်စိပ်ထွက်လာတဲ့ ဇန်နဝါရီလရဲ့ ရက်စွဲတွေအောက်မှာ တက္ကစီယာဉ်မောင်း၊ အုံနာတွေ မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်နေကြတော့မှာ မလွဲပါဘူး။ စည်းကမ်းလိုက်နာမှု အားနည်းခဲ့တဲ့ တက္ကစီယာဉ်တွေနဲ့ ပတ် သက်ပြီး သေချာ ထိန်းသိမ်းကြပ် မတ်မယ့် စနစ်တစ်ခုကိုပြောင်းလဲ သွားမယ်လို့ ထုတ်ဖော်ပြောဆိုထား တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရဲ့ ရည်ရွယ်ချက်ဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်တယ်လို့ အားလုံးက လက်သင့်ခံကြပေမယ့်လည်း အရေးကြီးတဲ့ကိစ္စတစ်ခုက ရှိနေပါသေးတယ်။ အရင် မော်တော်ယာဉ်လိုင်း ပေါင်းစုံထိန်းသိမ်းကြီးကြပ်မှုကော် မတီ (မထသ)ကို အပြီးတိုင် ဖျက်သိမ်းပြီး YBS စနစ်ကိုပြောင်းလဲဖို့ ကြိုးစားခဲ့ရာမှာ လူထုထောက်ခံမှု အပြည့်အဝရရှိခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ စနစ်ပြောင်းလဲ ပြီး ရက်ပိုင်းအတွင်းမှာပဲ YBS စာမေးပွဲကို မအောင်မြင်ဘူးဆိုတဲ့ ဝေဖန်မှုတွေဆက်တိုက်ရရှိခဲ့ပါတယ်။

ကြိုတင်ပြင်ဆင်မှု အားနည်းတဲ့ အပြောင်းအလဲတစ်ခုအောက်မှာ ရန်ကုန်တိုင်းပြည်သူ လူထုဝရုန်းသုန်းကား ဖြစ်ရလောက် အောင်ကိုပဲ အပြောင်းအလဲဟာ အဆင်ပြေချောမွေ့မှုမရှိခဲ့ပါဘူး။

အဓိက Main Frame ဖြစ်တဲ့ Master Plan စတင်စဉ်မှာ အုပ်အော်သောင်းတင်းနဲ့ အရပ်ကူ လူဝိုင်းဖြစ်ခဲ့တဲ့ YBS ဟာ အဆင်မပြေဘူးဆိုတဲ့အသံတွေ တောက် လျှောက်ထွက်လာပြီးနောက်မှာလည်း အရန် Plan B , Plan C တွေ ချပြဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါဘူး။ အဆင်ပြေတယ်ဆိုတဲ့ အသံတွေရှိ နေတာထက်ကို၊ အဆင်မပြေသူ တွေ အရေအတွက်ကတော့ အများဆုံးဖြစ်ခဲ့ပါတယ်။ ဒီတော့ အမြတ်အနေနဲ့ YBS အပြောင်းအလဲကနေ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကြီးမားတဲ့သင်ခန်းစာတွေ တစ်ပွေ့တစ်ပိုက် ရရှိခဲ့မယ်လို့ပဲ မျှော်လင့်မိပါတယ်။ YBS နဲ့ပတ်သက်ရင် ပြောစရာ စကားတစ်ခွန်းကတော့ ပြည်သူတွေလိုချင်တဲ့ အပြောင်းအလဲဟာ ညင်သာပြီး ပြည်သူတွေ အထိမနာမယ့်၊ အဆင်ပြေချောမွေ့မယ့် အပြောင်းအလဲသာ ဖြစ်သင့်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။”ကွီးဖြိုးကတော့ လုပ်ချလိုက် ပြန်ပြီဗျာ” လို့ ပြည်သူတွေ ရေရွတ်နေကြတုန်းမှာပဲ…။ ကဲ..အခုထပ်လာပါပြီတဲ့။ မထသပြီးတော့ TAXI တွေ အလှည့်တဲ့…။ရန်ကုန်မြို့တော်အတွင်းမှာ အမှန်တကယ်ရှိသင့်တဲ့ တက္ကစီ အရေအတွက်ကိုပဲ ခွင့်ပြုပြီး ကျန်တဲ့တက္ကစီတွေကို အိမ်စီးကား အဖြစ် ပြန်ပြီး ပြောင်းမယ်ဆိုတဲ့ သတင်းကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ လလယ်ကတည်းက ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းစာရှင်း လင်းပွဲတစ်ရပ်မှာ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ဒီအပေါ်မှာ ထောက်ခံမှုတွေလည်း အများအပြား ရှိခဲ့ပါတယ်။ ဒါပေမယ့် TAXI အပြောင်းအလဲကြီးပြီးတဲ့နောက်မှာတော့ ထောက်ခံမှုတွေကနေ စိုးရိမ်မှုအဖြစ် အသံ ကာလာတွေ ပြောင်းလဲခဲ့ပါတယ်။ TAXI ပုစ္ဆာမှာ သင်ခန်းစာကောင်းကောင်းရခဲ့တဲ့ ရန်ကုန်လူထုဟာ တိုင်းအစိုးရရဲ့ TAXI အပြောင်းအလဲကိုလည်း ဘုရား၊ တရားတပြီး စောင့်နေရသလို ဖြစ်နေပါပြီ။ လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ တက္ကစီအစီးရေ ခြောက်သောင်းလောက်မှာ မူလနံပါတ်အနီနဲ့ တက္ကစီပြေးဆွဲနေတဲ့ ယာဉ်တွေဟာ အစီးရေ ၃ သောင်းကျော် လောက်ပဲရှိတယ်လို့ ကုန်းလမ်းပို့ ဆောင်မှု ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒီ အစီးရေ ခြောက်သောင်းလောက် မှာ ၂ သောင်း ၇ ထောင်ကျော်ဟာ နံပါတ်ပြားအနက်(အိမ်စီးကား)အဖြစ်ကနေ နံပါတ်ပြားအနီတက္ကစီအဖြစ်ကို ပြောင်းလဲထားတဲ့ကား တွေဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခု လိုပြောသွားပါတယ်။

”တက္ကစီတွေ တအားများနေတယ်ဆိုရင် တရားဝင်တက္ကစီဖြစ်သင့်တဲ့ ကားတွေက ကက၊ ခခ လို ကားတွေပဲ ဖြစ်ပါတယ်။ အခြားကားတွေကတော့ အိမ်စီးကားတွေ ကို တက္ကစီနံပါတ်တပ်ထားတာဖြစ် လို့ ရန်ကုန်မြို့ရဲ့ လိုအပ်ချက်အခြေအနေတွေပေါ် မူတည်ပြီးတော့ ထိန်းညှိဆောင်ရွက်မယ်။ မလိုအပ် ရင် အချို့တက္ကစီအနီတွေကို အိမ် စီးပြန်ပြောင်းလဲမယ်။ စီးသူနဲ့ တက္ကစီဆွဲသူ အချိုးညီမျှ တမှုရှိဖို့ တော့လိုတယ်။ နည်းသွားရင်လည်း ဈေးကြီးသွားနိုင်သလို များနေ တဲ့အခါကျတော့ လူရဖို့ပတ်မောင်း နေရတဲ့ အခြေအနေမျိုးက ယာဉ် ကြောကျပ်တည်းမှု ပြဿနာကို ဖြစ်ပေါ်စေတယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လိုင်စင်မဲ့ တက္ကစီ တွေကို နှိပ်ကွပ်မယ့်အကြောင်းနဲ့ တက္ကစီစီးနင်းသူတွေကို ဝန်ဆောင်မှုပေးမယ့် Call Center တစ်ခုထားပြီး အွန်လိုင်းကနေတစ်ဆင့် တက္ကစီငှားစီးလို့ရမယ့် စနစ်တစ်ခု ကို ပြောင်းလဲသွားမယ့်အကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် အိမ်စီးကားအဖြစ် ပြောင်းလဲလိုက်မယ့် တက္ကစီယာဉ် မောင်းတွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းအပါအဝင် တက္ကစီအုံနာတွေ တက္ကစီယာဉ်မောင်းတွေနဲ့ ညှိ နှိုင်း ဆောင်ရွက်သွားမယ့် အခြေ အနေတွေကိုတော့ တစ်စွန်းတစ်စ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိခဲ့ ပါဘူး။ အခုထိလည်း မရှိသေးပါဘူး။

အရင် ဦးသိန်းစိန်အစိုးရလက် ထက် ၂ဝ၁၅ ခုနှစ်အကုန်လောက်မှာ အိမ်စီးကား နံပါတ်အနက်ကနေ နံပါတ်အနီပြောင်းပြီး တက္ကစီပြေး ဆွဲတဲ့ကိစ္စကို ရပ်ဆိုင်းထားခဲ့ပါတယ်။ အခုတော့ နံပါတ်အနက်က နေ အနီပြောင်းထားတဲ့ တက္ကစီတွေကို နံပါတ်အနက်အဖြစ်ပြန် ပြောင်းမယ်ဆိုတဲ့ အသံတွေ တွင် တွင်ကျယ်ကျယ် ထွက်လျက်ရှိပါ တယ်။ ဒီကိစ္စကို ဘယ်တော့လုပ် မယ် မှန်းမသိရှိရပေမယ့် ကျိန်းသေလုပ်မယ်ဆိုတာကိုတော့ တိုင်းဒေသကြီးအစိုးရက ထုတ်ဖော်ပြော ကြားထားဆဲပါပဲ။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ မှတ်တမ်းတွေအရ ရန်ကုန်မြို့တွင်း နေ့စဉ်ခရီးသွားလာသူ နှစ်သန်းရှစ်သိန်းလောက်ရှိပြီး ဒီအထဲမှာ ကိုယ်ပိုင်ကား၊ တက္ကစီ၊ မီးရထားစီးသူ ခြောက်သိန်းလောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ပို့ ဆောင်ရေးဝန်ကြီးဌာနက ရရှိထားတဲ့ နောက်ဆုံးအချက်အလက်တွေအရတော့ မီးရထားစီးသူ တစ်သိန်းနီးပါးရှိတယ်လို့ သိရပါတယ်။ ဒီထဲမှာ အိမ်စီးကားနဲ့ ခရီးသွားတဲ့ အရေအတွက်ကို ဖယ်လိုက်ရင် တက္ကစီနဲ့ ခရီးသွားတဲ့ ရန်ကုန်လူထုဟာ နေ့စဉ် ၂ သိန်း ပတ်ဝန်းကျင်မှာ ရှိတယ်လို့ အကြမ်းဖျင်း ကောက်ချက်ချလို့ ရပါတယ်။

တက္ကစီတွေ အနေနဲ့ကြည့်ရင်လည်း နံပါတ်အနက်ကနေ အနီပြောင်းလဲထားတဲ့ တက္ကစီ ၂ သောင်း ၇ ထောင်လောက်မှာ အကြမ်းဖျဉ်းတွက်ရင် ယာဉ်မောင်း ၂ သောင်း ၇ ထောင်ရှိပါတယ်။ အလုပ်မရှိလို့ တက္ကစီမောင်းကြတဲ့ ဒီယာဉ်မောင်း ၂ သောင်း ၇ ထောင်ကို မှီခိုနေတဲ့ မိသားစု အရေအတွက်ကိုပါ ထည့်တွက်ရင် မနည်းတဲ့အရေအတွက်ပမာဏ ရှိပါတယ်။ ဒီတော့ တက္ကစီအပြောင်းအလဲလုပ်မယ့်ကိစ္စဟာ ခရီးသွားပြည်သူ ၂ သိန်းကျော်နဲ့ ယာဉ်မောင်းတွေရဲ့ မိသားစုအပေါ်မှာ တိုက်ရိုက် သက်ရောက်မှု ဖြစ်ပေါ်မှာ မလွဲပါဘူး။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချဖို့ သက်ဆိုင်တဲ့ ဘက်ပေါင်းစုံက အပြောင်းအလဲတွေကို ပြောင်းလဲနေတယ်ဆိုပေမယ့် ဝရုန်းသုန်းကားနဲ့ ပြည်သူ တွေ ဓားစားခံဖြစ်မယ့်အပြောင်းအလဲကိုတော့ အားလုံးမလိုချင် ကြပါဘူး။ ဒါကြောင့် တိုင်းအစိုးရ အနေနဲ့ YBS ကိုကောင်းကောင်း သင်ခန်းစာယူပြီး တိကျသေချာတဲ့ ဆောင်ရွက်ချက်တွေနဲ့ ဆောင်ရွက် ဖို့ လိုပါလိမ့်မယ်လို့ အကြံပြုချင်ပါတယ်။ ကောင်းမွန်တဲ့ စနစ်တစ်ခု အဖြစ် YBS စနစ်ပြောင်းတယ်။ လက်ခံကြပါတယ်။ ဒါပေမယ့် ပြည်သူတွေ အထိနာခဲ့တယ်။ အခု တက္ကစီတွေကိုပြောင်းလဲတော့မယ် ဆိုပြန်တယ်။ ပြည်သူတွေ အထိမနာဖို့ လိုပါတယ်။ ပြောင်းလဲမယ့် အပြောင်းအလဲမှာ နံပါတ်အနက်ကနေ အနီပြောင်းတဲ့ တက္ကစီယာဉ်မောင်းတွေနဲ့ မိသားစုတွေအတွက် အလုပ်လက်မဲ့ ဖြစ်သွားနိုင်မလား။

လက်ရှိကိုယ်ရကိုယ်ယူ၊ ကိုယ်မောင်းချင်တဲ့ နေရာမောင်း၊ ကိုယ်တင်ချင်တဲ့ ခရီးသည်တင် စနစ်နဲ့ မောင်းနှင်နေတဲ့ နံပါတ်နီ /နီ-နက်ပြောင်း တက္ကစီတွေအားလုံး က လာမယ့်ထိန်းချုပ်စင်တာ တစ် ခုအောက်မှာ မောင်းနှင်ရမယ့် အပေါ်လိုက်နာမှာလား။ ဘယ်လိုတိကျမှုတွေနဲ့ ဆောင်ရွက်မှာလဲ။တစ်စုံတစ်ရာ အဆင်မပြေမှုတွေရှိခဲ့ရင် ခရီးသွားပြည်သူတွေ ဒုက္ခမခံစားရဖို့ ဘယ်လို Plan B , Plan C တွေထားရှိမှာလဲဆိုတဲ့ မေးခွန်းတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ ကြိုတင် ပြင်ဆင်ထားဖို့ လိုတာကတော့ အမှန်ပဲဖြစ်ပါတယ်။

YBS ကတော့ ပြောင်းလဲခဲ့ ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူ တွေအများစုကတော့ အဆင်မပြေမှုနဲ့ ကနေ့အထိလုံးချာလည် လိုက်နေတုန်းပါပဲ။ များမကြာမီ…လာပါဦးမည် တက္ကစီတွေ။ မည်သို့မည်ပုံ မည်သည့်အခြေအနေတွေနဲ့ လာမယ် မသိသော်လည်း YBS စနစ်အပြောင်းမှာ ခဲမှန်ခဲ့ရတဲ့ ရန်ကုန် တိုင်း လူထုကတော့ မျက်ခုံး ခပ်လှုပ်လှုပ်ပါပဲ။ ဒီ့အတွက် တက္ကစီတွေ အပြောင်းအလဲလုပ်ပါက ခဲထပ်မှန်ခြင်း အလျင်းကင်းဝေးရပါစေကြောင်း ရန်ကုန်တိုင်း ပြည်သူလူ ထုကိုယ်စား ဒီတစ်ပတ် Popular Choice ကဏ္ဍကနေ ဆုတောင်း လိုက်ရပါတော့တယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*