ပုဂံပြဿနာ NLD အစိုးရ ဘယ်လိုအဖြေရှာ

ပုဂံပြဿနာ NLD အစိုးရ ဘယ်လိုအဖြေရှာ
January 25, 2017 Asian Fame

5:18 pm
ပုဂံပြဿနာ NLD အစိုးရ ဘယ်လိုအဖြေရှာ

Bagan Hotel

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရလက်ထက်တွင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် ကြိုးစားနေသည်။ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်လာဖို့ ကြိုးစားရာတွင် ပုဂံဒေသအပေါ် အစိုးရ၏ စီမံခန့်ခွဲပြမှုအပိုင်းသည် အလွန်အရေးကြီးသည့်အချက်ဖြစ်သည်။

လက်ရှိပုဂံဒေသကို ကြည့်မည်ဆိုလျှင် အစိုးရအဆက်ဆက်ကြား အမိန့်ညွှန်ကြားချက်အမျိုးမျိုးကြောင့် ရှေးဟောင်းအမွေ အနှစ်ကိုထိခိုက်နိုင်သည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့် လူနေအဆောက်အ အုံများစွာ တိုးတက်လာခြင်းပဲ ဖြစ်သည်။ န.အ.ဖလက်ထက် ၁၉၉၈ ခုနှစ် ယဉ် ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေမပြဋ္ဌာန်းခင်က ပုဂံဒေသတွင် ဟိုတယ်၊ မိုတယ် စုစုပေါင်း ၇၆ လုံး တည်ဆောက်ပြီး ဖြစ်သည်။ န.အ.ဖအစိုးရလက်ထက်ပြီး ဦးသိန်း စိန်အစိုးရလက်ထက် ၂ဝ၁၃ ခုနှစ်တွင် ဟိုတယ်များသိသိသာသာများပြားလာပြီး ယခု NLD အစိုးရလက်ထက် အပြောင်းအလဲတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း စုစုပေါင်း ၁၄၂ လုံးအထိရှိလာပြီဖြစ် ကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာန (ပုဂံဌာနခွဲ)မှ စုံစမ်းသိရသည်။

တရားဝင်ခွင့်ပြုချက်နှင့် တည်ဆောက်ခွင့်
ပြုထားသည့်ဟိုတယ် တစ်လုံးမှ မရှိသေး

လက်ရှိ တည်ဆဲ ဖြစ်နေသေးသည့် ၁၉၉၈ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ရော ၂ဝ၁၅ ခုနှစ် ဦးသိန်းစိန်လက်ထက် တွင် နောက်ထပ်ပြဋ္ဌာန်းခဲ့သည့် ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်း ရေး ဥပဒေပါပြဋ္ဌာန်းချက်များအရပါ ပုဂံ ဒေသတွင် အဆောက်အအုံများ တည်ဆောက်လျှင် ယဉ်ကျေးမှု ဝန်ကြီးဌာနကို ကြိုတင်ခွင့်ပြုချက် တောင်းခံရမည် ဖြစ်သည်။ သို့သော် ရှေးဟောင်းသုတေသနဦး စီးဌာန (ပုဂံဌာနခွဲ)၏ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကို မေးမြန်းချက် အရ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တရားဝင် ခွင့်ပြုချက်နှင့် တည်ဆောက်ခွင့်ပြုထားသည့် ဟိုတယ်တစ်လုံးမှ မရှိသေးကြောင်း သိရသည်။

”ယဉ်ကျေးမှု အမွေအနှစ်ဇုန်ထဲမှာ ဘယ်ဟိုတယ် ဘယ်တည်းခိုခန်းမှ မဆောက်ရဘူးလို့ ပြဋ္ဌာန်းထားပြီးသားပါ။ ကာကွယ်ထိန်းသိမ်းထားတဲ့ ဇုန်ထဲမှာ ဆိုရင် ဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ ဆောက်နိုင်တယ်လို့ပဲ ပြောထားတယ်။ ဒါပေမယ့် လက်ရှိ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်တစ်လုံးမှ မပေးထားဘူး” ဟု ဦးအောင်အောင် ကျော်က ဆိုသည်။ သို့သော် ယခင် အစိုးရလက်ထက်က ဧရာလိုဟိုတယ်မျိုးကို ဥပဒေကို ကျော်လွန်ပြီး ဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့တာမျိုး ရှိခဲ့ဖူးကြောင်း ဦးအောင်အောင်ကျော်က သူကြားသိခဲ့ရသည့် အခြေအနေကို ပြောပြသည်။

ဟိုတယ် တည်ဆောက်မှုတချို့တွင်လည်း အထက်လူကြီး၏ တောင်းဆိုမှုကြောင့် လုပ်ဆောင်ပေးခဲ့ရသည့် အခြေအနေများလည်း ရှိခဲ့ကြောင်း ယဉ်ကျေးမှုဝန် ကြီးဌာနတွင် ၄၄ နှစ်ကျော် ဝန်ထမ်းဘဝ နှင့်ဖြတ်သန်းခဲ့ကာ ဒုတိယညွှန်ကြားရေး မှူးချုပ်တာဝန်မှ အငြိမ်းစားယူခဲ့သည့် မင်းဘူး ဦးအောင်ကြိုင်က သူ့အတွေ့အကြုံ ကို ယခုလို ဝန်ခံပြောပြခဲ့သည်။

Bagan Hotel-2

”သရပါ ဟိုတယ်တုန်းကဆို သုံးခါလောက်တားခဲ့တယ်။ လူကြီးတွေကိုက ပေးပစ်တာ။ အဲဒီတုန်းက ကျွန်တော် မန္တလေးရောက်နေပြီ။ ကျွန်တော်တို့ တားတာက သရပါတံခါးကြီးနဲ့ နီးလို့ပါလို့ဆိုပြီးတားတဲ့စာကို လေယာဉ်ကွင်းအထိ လိုက်ပြတယ်။ ပထမတုန်းကတော့ ဝန်ကြီးက ကောင်းပါတယ်၊ အဲဒီလိုတားတာလို့ ပြောတယ်။ တကယ်တမ်း တစ်ရက်၊ နှစ်ရက်လည်းကျရော ဖုန်းလာတာပဲ။ တားမနေ နဲ့တော့ ပေးလိုက်တော့ဆိုတယ်။ ငါတို့တွေ အဲဒါကို ဘီအိုတီစနစ်နဲ့လုပ်ပြီးပြီ။ နောက်အနှစ် ၃ဝ ကျရင် အစိုးရပိုင် ဖြစ်သွားမှာပဲဆိုပြီးပေးခဲ့ရတယ်” ဟု မင်းဘူးဦးအောင်ကြိုင်က ဝန်ထမ်းဘဝအတွေ့အကြုံတစ်ခု ကို ပြောပြသည်။လက်ထောက် အဆောက်အအုံ ထိန်းသိမ်းရေးမှူးဘဝမှ ညွန်ကြားရေးမှူး ရာထူးအထိ ပုဂံဒေသရှိ ရှေးဟောင်းသုတေသနဦးစီးဌာန(ပုဂံဌာနခွဲ)တွင် တာဝန်ထမ်း ဆောင်ခဲ့သည့် မင်းဘူး ဦးအောင်ကြိုင်၏ ပြောကြားချက်များအရ ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်စဉ်က ဟိုတယ် ၁၁ လုံးခန့်ကို ထောက်ခံချက် လက်မှတ်ထိုးပေးခဲ့ရသည်ဟု ဆိုသည်။

ပုဂံဒေသတွင် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ သိသိသာသာ တိုးပွားလာ

ပြီးခဲ့သည့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီး ဦးအေးမြင့်ကြူ လက်ထက် ၂ဝ၁၃ ခုနှစ်ကစတင်ပြီး ၂ဝ၁၆ ခုနှစ်အတွင်း ပုဂံ ဒေသတွင် ဟိုတယ်၊ မိုတယ်နှင့် တည်းခို ခန်းများ သိသိသာသာတိုးပွားလာခဲ့သည်။ ”သူနဲ့ နီးစပ်ရာ၊ နီးစပ်ရာတွေ ပေးပစ်တာ။ နောက်ပြီး ကျွန်တော်တို့ ကြားတာ တော့ ရွှေကျောင်းနားက ကပ်နေတဲ့ ဟိုတယ်ဆို သူ ရှယ်ယာပါတယ်လို့တောင် ကြားတယ်” ဟု မင်းဘူး ဦးအောင်ကြိုင်က သူတို့ ကြားသိတာကို ပြောပြသည်။

ယင်းနှစ်များအတွင်း ရှေးဟောင်းသု တေသနဦးစီးဌာန (ပုဂံဌာနခွဲ)တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ညွှန်ကြားရေးမှူး အဆင့်ရှိ လူလေးဦးအထိ အပြောင်းအလဲ ဖြစ်ခဲ့ပြီး ယင်းတို့ထဲမှ တစ်ဦးသည် ၎င်းဝန်ထမ်းဘဝတွင် အထက်လူကြီးများ၏ ဖိအားပေးမှုကြောင့် ဟိုတယ်များ ခွင့်ပြုခဲ့ရကြောင်းကို ဆောင်းပါးရေးပြီး အသိပေး ဖော်ပြခဲ့ဖူးသည်။ နောက်တစ်ချက်က ပုဂံဒေသတွင် ဟိုတယ်၊ မိုတယ်များနှင့် တည်းခိုခန်းများ သိသိသာသာမြင့်တက်လာရသည့် အကြောင်းအရင်းတွေထဲက တစ်ချက်မှာ အဆောက် အအုံများတည်ဆောက်ရေးနှင့် ပတ်သက်သည့် အမိန့်ကြေညာစာ အမှတ် ၁/၂ဝ၁၃ အရ ယဉ်ကျေးမှုအမွေအနှစ်ဇုန်များထဲတွင် အဆောက်အအုံ တည်ဆောက်မည်ဆိုလျှင် ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်း ချက်များနှင့် ခွင့်ပြုချက်ရယူနိုင်မည့် ညွှန် ကြားချက် ထုတ်ပြန်ပြီးနောက် ပုဂံဒေသ တွင် ရင်းနှီးမြှုပ်နှံရန် စီးပွားရေး လုပ်ငန်း ရှင်များ အသီးသီး ဝင်ရောက်လာခဲ့သည်။

”အဲဒီအချိန်တုန်းက ပုဂံဒေသက မြေတွေ ဈေးကောင်းခဲ့တာပေါ့။ တစ်ဧကကို သောင်းဂဏန်းအထိ တက်သွားခဲ့တယ်။ ဒီမှာ ဟိုတယ်၊ မိုတယ်ဆောက်ချင်တဲ့ လုပ် ငန်းရှင်တွေက မြေဆင်းဝယ်ကြတယ်။ တကယ့် ဒေသ ခံတွေက မြေတွေရောင်းပြီး ဒီဒေသနဲ့ ဝေးတဲ့နေရာတွေ ရောက်သွားကြတယ်” ဟု စိုးမင်းကြီးဘုရားအနီးတွင် ဈေးဆိုင်ဖွင့် ရောင်းချနေသည့် ဒေသခံ ကိုမင်းမင်းက ဆိုသည်။ စီးပွားရေး ဈေးကွက်မြင်သည့် လုပ်ငန်းရှင်များက နေရာအသီးသီးတွင် မြေ နေရာများ ဝယ်ယူပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ တည်ဆောက်မည့် လိုင်စင်များ အလုံးအရင်းနှင့် လျှောက်ထားမှုအပြီး တစ်နှစ်အကြာတွင် အမိန့်ညွှန်ကြား ချက် ၃/၂ဝ၁၄ ဖြင့် တည်ဆောက်ခွင့် မပြုတော့ကြောင်း ကြေညာခဲ့သည်။ ယင်းညွှန်ကြားချက်ကြောင့် မြေနေရာအပိုင်ရှိကာ ဘဏ်ချေးငွေများယူပြီး ဟို တယ်လုပ်ငန်းထဲ ဝင်ရောက်မည့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအတွက်တော့ တကယ့်ဆုံးရှုံးမှုတစ်ခု ဖြစ်နေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် မကြာသေး သည့်နှစ်ကမှ ပုဂံဒေသရှိ ဟိုတယ်၊ မိုတယ် ၄၂ လုံးကို သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိဟုဆိုကာ ဆက်လက် ဆောက်လုပ်ခွင့် မပြုရန်တားမြစ်လိုက်ခြင်း ဖြစ်သည်။ တားမြစ်ထားသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် စည်ပင်လိုင်စင် ရရှိ နေသည့် လုပ်ငန်းများလည်း ပါသလို၊ တချို့ဆိုလျှင် အဆောက်အအုံအားလုံး ပြီးစီးပြီး လုပ်ငန်းလည်ပတ်နေသည့် အခြေအနေမျိုးရှိနေမှ လုပ်ငန်းပိတ်သိမ်းရမည့် အ နေအထား ဖြစ်သည်။ ပုဂံဒေသတွင် ဟိုတယ်တည်ဆောက် ခွင့်လိုင်စင်များကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခွင့်ပြုချက် ချပေးခြင်းဖြစ်ပြီး မိုတယ်၊ တည်းခိုခန်း စသည် များကို ညောင်ဦးမြို့နယ် စည်ပင်သာယာ ရေးကလည်း မြို့ပြလူနေမှုနှင့် ကိုက်ညီ လျှင် လိုင်စင်ပေးပိုင်ခွင့် ရှိသည်။ သို့သော် ဌာနနှစ်ခုစလုံး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း တည်ဆောက်လျှင် တော့ ရှေးဟောင်းသုတေသနဦးစီးဌာန၏ ထောက်ခံကြောင်း ခွင့်ပြုချက်ပါရမည် ဖြစ် ကြောင်း ဆိုထားသည်။

ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် နည်းလမ်းတစ်ခု

ပုဂံဒေသတွင် ဟိုတယ်၊ မိုတယ်များ ပေါ်ပေါက်လာခြင်းသည် တစ်ဖက်က ကြည့်လျှင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။ ပုဂံ၊ ညောင်ဦး စသည့် မြို့နယ်တွင် နေထိုင်သည့် ဒေသခံ ၁၈ဦးကို မေးမြန်းရာတွင် ၁၆ ဦးခန့်မှာ ဟိုတယ်၊ မိုတယ်များ ပေါ်ပေါက်လာသည်ကို သဘောကျကြပြီး ၎င်းတို့မှာ ဟိုတယ်၊ မိုတယ်များတွင် အလုပ်ခန့်ထားသည့် ဝန်ထမ်းများ၏ မိသားစုဝင်များဖြစ် နေကြသည်။ သို့သော် ဟိုတယ်၊ မိုတယ်များနှင့် တည်းခိုခန်းများတည်ဆောက်ထားသည့် နေရာအများစုမှာ ယခင် န.အ.ဖ အစိုးရ လက်ထက်က သတ်မှတ်ပေးထားသည့် ဟိုတယ်ဇုန်များတွင် တည်ဆောက်ထားခြင်း မဟုတ်ပေ။ ၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပြဋ္ဌာန်းပြီးနောက် ဥပဒေပါ ပြဋ္ဌာန်းချက် အတိုင်း ဇုန်အသီးသီး သတ်မှတ်ခဲ့သည်။ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် နေ့စွဲဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဦးဝင်းစိန်လက်ထက်တွင် ပုဂံဒေသအတွင်း ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန်၊ ရှေးဟောင်းနေရာတည် ရှိရာဇုန်နှင့် ကာကွယ်ထိန်းသိမ်းထားသော ဇုန်ဆိုပြီး ဇုန်နေရာများ သတ်မှတ်ကြေညာခဲ့သည်။ ယင်းနောက်များမကြာမီတွင် ယင်းဇုန်များအတွင်းနှင့် အနီးတွင် ဟိုတယ်ဇုန် ၁၊ ၂၊ ၃၊ ၄ ဇုန်နေရာများကို သတ်မှတ်ပေး ခဲ့သည်။ သို့သော် ဟိုတယ်၊ မိုတယ် အများစုသည် ယင်းဇုန်များအတွင်း တည်ရှိမနေပေ။ ထို့အပြင် ခေတ်အဆက်ဆက် အမိန့်အမျိုးမျိုးနှင့် ဆောက်ချင်သလို တည်ဆောက်ခဲ့ကြသည့် ဟိုတယ်၊ မိုတယ်များနှင့် တည်းခိုခန်းများအပေါ် လက်ရှိ အစိုးရ၏ စီမံခန့်ခွဲမှုအပိုင်းသည် ယခုအချိန်တွင် အထူး အရေးကြီးလာပြီ ဖြစ် သည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးနောက်ပိုင်း ပြောင်းရွှေ့စေချင်ကြောင်း အကြုံပြုတင်ပြထား

ယူနက်စကို အဖွဲ့ကလည်း ယဉ်ကျေးမှုအမွေအနှစ်များနှင့် နီး ကပ်စွာ တည်ရှိနေသည့် ဟိုတယ် များကို ဆယ်နှစ်တန်သည် ဖြစ်ဖြစ် အရင်းကျေကာလတစ်ခု သတ်မှတ် ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီး နောက်ပိုင်း ပြောင်းရွှေ့စေချင်ကြောင်း အကြုံပြုတင်ပြထားသည်။ ”ဒီအတိုင်း နှင်ထုတ်လိုက်တာ မျိုး မဟုတ်ဘူးနော်။ နောက်ထပ် တစ်နေရာမှာ သင့်တော်တဲ့ တစ် နေရာမှာ အခြေခံအဆောက်အ အုံတွေ အားလုံးကိုပြည့်စုံအောင် ဖန်တီးပြီး ရေတို့၊ မီးတို့၊ လမ်းတို့ စတာတွေ ပြည့်စုံအောင် ဖန်တီးပြီး ဒီဟိုတယ်တွေကို အဲဒီနေရာပေါ့ ဟိုတယ်ဇုန်အသစ်မှာ ပြောင်းရွှေ့ ပြီးတော့နေရာချထား ပေးဖို့အ တွက် ကျွန်မတို့ ယူနက်စကို အဖွဲ့ ကတော့ အကြံပြုထားတာ ရှိပါ တယ်” ဟု ယူနက်စကိုအဖွဲ့၏ မြန် မာနိုင်ငံ တာဝန်ခံကိုယ်စားလှယ်ဒေါ်ဥမ္မာမျိုးက ဆိုသည်။

လက်ရှိ အစိုးရအနေနှင့် ပုဂံ ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးအတွက် စီမံခန့်ခွဲ လိုက်သည့် လတ်တလောဆောင် ရွက်မှုများထဲမှ ဟိုတယ်၊ မိုတယ် ၄၂ လုံး ပိတ်ပင် တားမြစ်လိုက် သည့်ကိစ္စကို ယခုပြန်လည်ညှိနှိုင်းမှုများ လုပ်နေရသည်။ ထို့အပြင် ပုဂံဒေသအတွင်းရှိ ဟိုတယ်၊ မိုတယ်များနှင့် တည်းခို ခန်းများအပြင် လူနေအိမ်များ မလိုအပ်ဘဲ ပိုမိုချဲ့ထွင်လာခြင်း မရှိစေရန်နှင့် ၎င်းအခြေအနေများကို ဆက်လက်ကိုင်တွယ် ဖြေရှင်းနိုင်ရန် လက်ရှိတွင် တစ်ဖက်မှာ လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များက ဥပဒေများကို ပြန်လည်ပြင်ဆင်ရေးဆွဲရန် ကြိုးစားနေကြသည်ဟု သိရသည်။ အခြေအနေအားလုံးကို ခြုံငုံ သုံးသပ်ကြည့်လျှင် ပုဂံဒေသအတွင်းရှိ အလျှိုလျှို ပေါ်ပေါက်လာသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းများကို လက်ရှိ NLD အစိုးရအနေနှင့် မည်သည့်နည်းလမ်းနှင့် ညင်ညင်သာသာ ကိုင်တွယ် အဖြေရှာနိုင်မလဲဆိုသည်ကို တော့ ပိတ်ကားထက်ဆက်လက် စောင့်ကြည့်ရတော့မည် ဖြစ်သည်။

သူဇာရေးသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*