ပြည်သူတီးတဲ့ တရားစည် ပီပီသသမည်ပါစေ

ပြည်သူတီးတဲ့ တရားစည် ပီပီသသမည်ပါစေ
January 12, 2017 Asian Fame

2:12 pm
ပြည်သူတီးတဲ့ တရားစည် ပီပီသသမည်ပါစေ

tayar si

ဟစ်တိုင်၊ လူထုအော်သံ၊ ပြည်သူ့အသံ၊ အယ်ဒီတာ့ထံပေးစာ စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးပေးကာ ပြည်သူတို့၏ ပြဿနာ၊ အခက်အခဲနှင့် နစ်နာမှုများ အတွက် သတင်းစာ၊ ဂျာနယ်များ၌ နေရာပေးဖော်ပြကြသည်။ အဘယ့်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူတို့တွင် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် ရှိခြင်းကြောင့်နှင့် ထိုအခွင့်အရေးကို စည်းကမ်းနည်းလမ်းတကျ အသုံးပြုရန်လိုအပ်၍ ဖြစ်သည်။ သို့သော် ပြည်သူ့အသံစစ်စစ်ကို မကြားမမြင်သော နားမျက်စိတို့ဖြင့် အလေးဂရုမထားပါက စေတနာသည် ကံ၊ အမှန်တရား ဒဏ်ခတ်ခြင်းကို ခံကြရပါလိမ့်မည်။ ထိုယုံကြည်တန်ဖိုးထားမှုနှင့်ပင် ပေါ်ပြူလာနယူးစ်ဂျာနယ်အနေဖြင့် မြန်မာပြည်သူတို့အတွက် တရားစင်မြင့် ဖွင့်ပေးလိုက်ရခြင်းဖြစ်ပြီး မိမိတို့၏ အမှန်တကယ် နစ်နာမှုများ၊ အဖိနှိပ်ခံရခြင်းများ၊ အဂတိတရားများနှင့် အပစ်ပယ်ခံ တရားမျှတခြင်းတို့အတွက် ကြိုဆိုလက်ကမ်းအပ်ပါသည်။

စိတ်ပျက်စရာ တိုးလ်ဂိတ်တွေ

ဘောနတ်ကြီးတိုးလ်ဂိတ်မှာ မော်လမြိုင်ဘက်ကလာတဲ့ကားတွေ နိုင်ငံ တော်ကို ပိုက်ဆံပေးဖို့ တန်းစီနေတာ ဘုရားကြီးရောက်တော့မယ်။ပြည်သူ့ပိုက်ဆံနဲ့ ဖောက်တဲ့လမ်း ပြည်သူတွေက ပိုက်ဆံပေးပြီး ဖြတ် သန်းဖို့ ကိုယ်ပိုင်အချိန်တွေပါ ထပ်ပေး နေရတာ တို့ရွှေပြည်ကြီးပါ။ဒီအပေါက်လေး တစ်ပေါက်နဲ့ တစ်သက်လုံးတော့ လုပ်မစားကြပါနဲ့။ ပြောင်းလဲချိန်ကျော်နေပါပြီ။

လတ်တလောကြုံရသူတစ်ဦး

၂ဝဝဝ၊၂ဝဝဝနဲ့ ၆ဝဝဝ ကျပ်ပေးခဲ့ရတယ်

ပြီးခဲ့တဲ့ ဒီဇင်ဘာနောက်ဆုံးအပတ်က ကျွန်တော် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးရုံးအဖွဲ့ထံသွားပြီး ပတ်စပို့သက်တမ်းသွား တိုးခဲ့ပါတယ်။ ရုံးရှေ့မှာတော့ အပြီးအစီး ငွေ ၂၅ဝဝဝ ကျပ်လို့ ရေးထားတာ တွေ့ပါတယ်။ ဒါပေမယ့် အထဲမှာတော့ ဒီထက်ပိုပေးနေရပါတယ်။ တရားဝင်လား၊ တရားမဝင်လားမသိ ပါဘူး။ ဘဏ်ကို ချလန်နဲ့ သွင်းရတာတော့ ၂၅ဝဝဝ ကျပ်ပါ။ သက်တမ်းတိုးဖို့ ကိုယ်ရေး မှတ်တမ်းစာရွက်က ၂ဝဝဝ ကျပ်၊ ဓာတ်ပုံရိုက်တဲ့ဆီမှာ စလစ်စာရွက်ဖိုးက ၂ဝဝဝ ကျပ် သတ်သတ်ပေးရပါတယ်။ အားလုံးက မျက်နှာတွေတည်တည်နဲ့ ယူနေကြပါတယ်။ ပေးရတဲ့သူက ပြန်မေးကြည့်တော့လည်း ရုပ်တည်နဲ့ ပြန် ကြည့်တော့ အော်ဟုတ်မှာပဲလို့ဆိုပြီး ပေးခဲ့ရပါတယ်။ နောက် ၁ဝ ရက်ပြည့်လို့ ပတ်စပို့ သွားထုတ်တော့လည်း ၂ဝဝဝ ကျပ် ထပ်ပေးခဲ့ရသေးတယ်ဗျာ။

ဒီတော့ အားလုံးပေါင်းရင် ပတ်စပို့စာအုပ် ရဖို့ ၃၁ဝဝဝ ကျပ်ကုန်တယ်ပေါ့ဗျာ။ ဒါတွေက ခုမှမဟုတ်ပါဘူး။ အရင်တုန်းကဆို ဒီ့ထက်ဆိုး ပါတယ်။ ဒါ့ကြောင့် ဒါဟာတရားဝင် မဝင်၊ နိုင်ငံတော်က ရ မရ၊ ရဲတွေကပဲ လာဘ်စားတာလား၊ တာဝန်ရှိသူတွေဖြေပေးပါလို့ပဲ ဒီကဏ္ဍကနေတင်ပြမေးမြန်းလိုက်ရပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့က ပတ်စ်ပို့ရခဲ့သူ

အကြံပြုလိုက်ရပါတယ်

ရန်ကုန်လေဆိပ် T1 ရော၊ T2 ရော ရိုက်စား လုပ်စား ညစ်စားတွေ ကိုလေဆိပ်တာဝန်ရှိသူတွေက ရှင်းမထုတ်တော့ဘူးလားလို့ ဒီကဏ္ဍက နေ မေးလိုက်ချင်ပါတော့တယ်။

ဘာ့ကြောင့် ခုလိုမေးရလဲဆိုရင် T1 ရောက်လာရင် သူတို့တွေက တွန်းလှည်းလေးကိုယ်စီတွန်းပြီး ကားနားမှာ အဆင်သင့်ရောက်လာကြပါတယ်။ တစ်ယောက်က ဝန်စည်စလှယ်သေတ္တာတွေကို ကားနောက်ခန်းဖွင့် လိုက်တာ နဲ့ မပြောမဆိုမျက်နှာပြောင်ပြောင်လာကိုင်ပါလိမ့်မယ်။ ”ဟေ့ကောင် မလိုဘူး၊ ငါတို့မှာ လက်ပါတယ်” လို့ ပြောလိုက်မှ ပေစောင်းပေစောင်းနှင့် ထွက်သွားပါလိမ့်မယ်။ အားနာ၍ သော်လည်းကောင်း ဘာမှမပြောဘဲ ဒီအတိုင်းထားလိုက်ရင် လက်တွန်း လှည်းတွန်းပေး Security Check ဝင်ပေးနဲ့ Check In Counter ရောက်ပစ္စည်းချပြီးတာနဲ့  မုန့်ဖိုးဆိုပြီးတောင်းပါလိမ့်မယ်။ ၅ဝဝဝ တန်တစ်ရွက် မဟုတ်ရင်တော့ ကျေနပ်လိမ့်မည် မဟုတ်ပါ။ ဒါ့ကြောင့် ဂျာနယ်လစ်တွေ ကိုယ်တွေ့သိရအောင်ခရီးသည်ဟန်ဆောင် လေဆိပ်ဝင်ကြည့်ပြီး ဂျာနယ်မှာ သတင်းဆောင်းပါးရေးဖို့ ကောင်းပါတယ်လို့ အကြံပြုလိုက်ပါတယ်။

ဦးမြဦး

(မှတ်ချက်။ ။ ဖော်ပြပါတင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော် မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*