LA က ကိုယ်တွေ့ လမ်းပန်းဆက်သွယ်ရေး

LA က ကိုယ်တွေ့ လမ်းပန်းဆက်သွယ်ရေး
January 11, 2017 Asian Fame

2:11 pm
LA က ကိုယ်တွေ့ လမ်းပန်းဆက်သွယ်ရေး

la

လော့စ်အိန်ဂျယ်လိစ်ကို ကိုယ် ရောက်တဲ့အချိန်က အများပြည်သူအတွက် လမ်းပန်းဆက်သွယ် ရေးတွေဟာ ခုလို ချောချောမွေ့မွေ့ မရှိသေးဘူး။ သက်ဆိုင်ရာ အာ ဏာပိုင်တွေဟာ တစ်နေ့တစ်နေ့ အများပြည်သူအတွက် လမ်းပန်း ဆက်သွယ်ရေးကို ကောင်းသထက် ကောင်းအောင် ဘယ်လိုလုပ်ရမလဲ ပဲ စဉ်းစားနေသလား အောက်မေ့ရတယ်။ မျက်စိအောက်မှာတင် ဟောတစ်ခု ဟောတစ်ခု ဖြစ်လာလိုက်တာ မျက်လှည့်ပြလိုက်သလိုပဲ။

ဟိုတုန်းက အလုပ်လျှောက် တော့ လူတွေ့မေးတဲ့အခါ ကားရှိ သလား၊ အလုပ်ကို ဘာနဲ့လာမလဲ မေးတာ။ ရိုက်ပေါက်လာမေးတယ် မထင်နဲ့။ သူ့အလုပ်ကို အချိန် မှန်မှန်လာနိုင်ဖို့ သူပူတယ်။ ကား မရှိလို့ လာလိုက်ပျက်လိုက်ဆို သူ့ အလုပ်ကို ထိခိုက်မှာကိုး။ ကိုယ်ပထမအလုပ်တစ်ခု လျှောက်တာ အိမ်နားက လော့စ် အိန်ဂျယ်လိစ် လေယာဉ်ကွင်းမှာ။ အိမ်နဲ့နီးပေမယ့် ကားမရှိလို့အလုပ် မရဘူး။ ဘတ်စ်ကားနဲ့ လာနိုင်ဦးတော့ ဘတ်စ်ကားတွေက နေ့ပိုင်း ပဲရှိတာလေ။ အလုပ်ချိန်က တစ် နေ့ အဆိုင်း ၃ ဆိုင်မှာ ကိုယ်ကျ မယ့် အဆိုင်းက ညဦးပိုင်းဝင်ရပြီး မနက်အစောကြီးထွက်ရတာဆို ဘာနဲ့လာပြီးဘယ်လိုပြန်မလဲ။ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေ မရှိတဲ့အချိန်။

ကိုယ့် ပထမဆုံးရတဲ့ အလုပ်ဟာ ကိုယ့်အိမ်နဲ့ ၅ မိုင်ကျော်ကျော် ပဲ ဝေးတယ်။ ကိုယ့်မှာ ကားမရှိဘူး။ ရှိတောင် ကားမမောင်းတတ်သေး ဘူး။ ကိုယ်နဲ့ အလုပ်တူတဲ့ ညီအစ် ကိုတော် တစ်ယောက်က အလုပ်နဲ့ မိုင် ၃ဝ ကျော် ၄ဝ လောက်ဝေးတဲ့ North Hollywood မှာ နေတယ်။ အိမ်ကနေ မနက်အစော ကြီးထွက်လာ၊ ကိုယ့်ကို ဝင်ခေါ်ပြီး မှ ၇ နာရီမှာ အလုပ်ဝင်ကြရတာ။ ဆောင်းတွင်းဆို အဲဒီအချိန်တွေက မှောင်တုန်း။

ဒါကြောင့် ပြောတာ။ LA က ကိုယ်ပိုင်ကားမရှိရင် မလွယ်ဘူးလို့ (ဟိုတုန်းက၊ ခု သိပ်မမှန်တော့)။ အရှေ့တိုင်းသားတွေမှာ (ဗမာ၊ ဖိ လစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း) အမြင် တစ်မျိုးရှိတယ်။ ကားဝယ်စီးတာကို မိမိတို့နေရင်း တိုင်းပြည်မှာလို လူတန်းစားတစ်ခု၊ လူ့အလွှာတစ်ခုလို့ မြင်ပုံရတယ်။ ဘာကားလဲဆိုတဲ့ အကြည့်အမြင်က နောက်ဆက်တွဲ ပါလာသေး။ ဒီမှာက ကားတစ်စီး ဝယ်ရင် ပိုက်ဆံအပြေအကျေ ပေး ရတာမှ မဟုတ်တာ။ ၃ နှစ် (သို့) ၅ နှစ် အလုပ်လုပ်တဲ့ လခထဲက အရစ်ကျပေးသွားရုံ။ (ကိုယ်ပိုင်) ကားမရှိတာ ဖိနပ်မရှိသလိုပဲ။ ကိုယ့်သူငယ်ချင်း ဗမာပြည်က ဓာတုအင်ဂျင်နီယာ နှစ် ယောက် LA မှာ အလုပ်လာလုပ်တယ်။ တစ်ယောက်က မျက်မှန် အထူကြီးမို့ ကားမမောင်းနိုင်၊ ကား မောင်းနိုင်တဲ့ သူငယ်ချင်းနဲ့ ကား စပ်တူဝယ်ပြီး အလုပ်အတူ လုပ်ကြ တာ။ မကြာဘူး၊ ပြန်ပြေးရတာပဲ။

ကိုယ်လုပ်တဲ့ အလုပ်မှာ အသက် ၂ဝ ဝန်းကျင် လူမည်းမလေး တစ်ယောက် အလုပ်လာလုပ်တယ်။ သူ့ကားက စက်သံ အတော်ကျယ် ကျယ်လောင်လောင်မြည်တဲ့ အမြီး ချွန် ခေါင်းချွန် ရှေးခေတ် ချက်ဗ လက်ကားကြီး။ အဆင်ပြေလို့ ဟုတ်လို့။ တစ်နေ့ မိန်းကလေးက ခွင့်ယူတယ်။ အလုပ်မလာဘူး။ ဘာ လို့ အလုပ်မလာတာလဲ နေမ ကောင်းလို့လား ကိုယ်ကမေးတော့ ‘ကားမှတ်ပုံတင်နဲ့ လူ ကားမောင်း လိုင်စင်’ သွားလုပ်တာတဲ့။ ဟင် …အစက မရှိလို့လား၊ စီးနေတာ ကြာပြီဥစ္စာဆိုတော့ ဒီကားကို အ ဟောင်းပုံက ဒေါ်လာနှစ်ရာနဲ့ဝယ် ထားတာ၊ ကားမှတ်ပုံတင်လည်းမရှိ ဘူး၊ သူ့မှာလည်း ကားမောင်းလိုင် စင်မရှိဘူး။ သူစီးနေ မောင်းနေတာ ပဲ နှစ်ပေါက်နေပြီ။ ကားက ဖိနပ် လေ။ အလုပ်လာဖို့ စီးလို့ ရပြီးတာ ပဲ။ ဘာမှမဖြစ်ရင်၊ ဘာပြဿနာမှ မရှိဘူး။ အတည်ပေါက်နဲ့သာ မောင်းပေါ့။

LA မှာ မီးရထားလိုင်းတွေ တိုးသထက်တိုးလာတာ အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် မ ရောက်တဲ့မြို့နယ် မရှိ၊ အကုန် ရောက်။ ဘတ်စ်ကားတွေဆိုလည်း နှစ်စီးကို တစ်စီးဖြစ်အောင် ရထား လို ချိတ်ဆက်ထားတာတွေရော၊ အများကြီးတိုးလာတယ်။ နောက်ပြီး City Bus ဆိုတာတွေ DASH ဆိုတာတွေကလည်း ၂၇ လိုင်းတောင် ရှိတယ်တဲ့။ LA ဟာ အမေရိကမှာ ဒုတိယအကြီးဆုံး ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းရှိတဲ့မြို့။

City Bus တွေဟာ အဓိကဘတ်စ်ကားလိုင်းကြီးတွေ ဆုံတဲ့နေရာ၊ ရထားဘူတာလမ်းဆုံတွေဆီ သက်ဆိုင်ရာ မြို့နယ်တွေက သယ်ယူ ပို့ဆောင်ပေးတဲ့ယာဉ်။ ကားခတွေက ဈေးအသက်သာ ဆုံးဖြစ်အောင်လုပ်ပေးထားတယ်။ သာမန် ၅ မူး၊ မျက်မမြင်နဲ့ သက်ကြီး လက်မှတ်(အသက် ၆၃ အ ထက်)ပြရင် တစ်မတ်။လော့စ်အိန်ဂျယ်လိစ်က အကြီးဆုံး တက္ကသိုလ်ကြီးနှစ်ခုကို မီးရထား၊ ဘတ်စ်ကားတွေအပြင် City Bus တွေနဲ့ ချိတ်ဆက်ထားတာဖြစ်တော့ အတော်အဆင်ပြေ ချောမွေ့တယ်။ UCLA (Univer-sity of California, Los Angeles) ဟာ Santa Monica City မှာ ရှိတော့ Santa Monica Blue Bus လို့ ခေါ်တဲ့ City Bus ပြေးတယ်။ သူကအမျိုး ၂ဝ လောက် ခွဲထားသေးတယ်။ လေဆိပ်နဲ့ ချိတ်ဆက်ပေးသလို ရထားလိုင်းတွေနဲ့ ချိတ်ဆက်ပေးတာလည်း ရှိတယ်။

စာရေးဆရာမဂျူးဟာ လော့စ် အိန်ဂျယ်လိစ်မှာ ၉ လ ၁ဝ လ နေသွားတာ။ အဲဒီ Santa Monica မှာ Getty Museum က ထားပေးတဲ့ အိမ်ကြီးမှာနေတာ။ှSanta Monica Blue Bus ဟာ မဂျူး တွင်တွင်သုံးတဲ့ ဘတ်စ်ကြီးမို့ သူပြန်သွားတာတောင် ကျွန်တော်တို့ မိသားစုတွေက အဲဒီ Blue Bus ကြီးမြင်ရင် ခုထက်ထိဟိုမှာ ‘ဒေါ်ဂျူး ဖောက်သည်ကြီး’ လို့ ပြောနေကြ သေးတာ။ LA အကြီးဆုံး စာအုပ်ဆိုင်ကြီးဖြစ်တဲ့ Getty Museum စာအုပ်ဆိုင်မှာ သူအမြဲစာသွား ဖတ်လေ့ရှိတယ်။ စာအုပ်ဆိုင်က သုံးထပ်။ စာအုပ်စင်တွေဘေးမှာ စားပွဲကုလားထိုင်တွေလည်း ချပေးထားတယ်။ မဝယ်ဘဲ တစ်နေကုန် ထိုင်ဖတ်နေလည်း ပြောလေ့မရှိ ဘူး။ နောက်ပြီး Getty Museum ကိုလည်း အဲဒီကားက ရောက်တယ်။ ‘ဂျူးရဲ့ ဖိနပ်ပြာ’ ကြီးပေါ့။

မောင်အေးဝင်း(လမင်းတရာ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*