ရုပ်ပိုင်းနှင့်စိတ်ပိုင်း ထိခိုက်မှုမရှိစေရ

ရုပ်ပိုင်းနှင့်စိတ်ပိုင်း ထိခိုက်မှုမရှိစေရ
January 11, 2017 Asian Fame

10:57 am
ရုပ်ပိုင်းနှင့်စိတ်ပိုင်း ထိခိုက်မှုမရှိစေရ

school

အခကြေးငွေယူ၍ ဆရာများစာသင်ကြားခြင်းမပြုရန်နှင့် ကျောင်းသား၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းကို ထိ ခိုက်မှုမရှိစေရဘဲ စာသင်ပေးရမည် ဆိုသည့်အချက်များပါသော အခြေခံပညာရေးဥပဒေ မူကြမ်းစာရွက်များ ယခုရက်ပိုင်းအတွင်း ကျယ် ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။အစိုးရ၏ ကြေညာစာအချို့တို့ ကို အများသိစေရန်ကြေညာပေးနေသော မြန်မာနိုင်ငံပြန်တမ်းအမည် ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာကပြန်လည် ဖော်ပြခဲ့မှုကြောင့်လည်း ပညာရေး ဆိုင်ရာ အသိုင်းအဝိုင်းကြား စိတ်ဝင်စားမှု ပိုရှိသွားစေခဲ့သည်။ ထိုဥပဒေကြမ်းကိုပင် ပညာရေးဝန်ကြီးဌာနအသစ်က ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၃ဝ ရက် နေ့ကအများသိစေရန် ဝန်ကြီးဌာနဖေ့စ်ဘွတ်ခ်စာမျက်နှာထက်၌ ကြေညာခဲ့ပြီးဖြစ်သည်။

အခြေခံပညာရေးဥပဒေမူကြမ်း အစနှင့် နောက်ဆုံးအခြေအနေ

မဆလခေတ်က ရေးဆွဲခဲ့ သော ၁၉၇၃ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် အခြေခံပညာ ရေးဥပဒေသည် သက်တမ်းအား ဖြင့် ကြာမြင့်နေပြီး ခေတ်မမီတော့ ၍ အသစ်ပြန်လည်ရေးဆွဲရန် အ ကြောင်းဖန်လာသည်။ ထို့ကြောင့် ထိုအတွက် ဥပဒေ မူကြမ်းတစ်ခုကို ပြီးခဲ့သည့် အစိုးရ လက်ထက်ကရေးဆွဲခဲ့သည်။ ယင်း ဥပဒေကြမ်းသည် ယခင်လွှတ်တော် ၌ မတင်ဖြစ်ခဲ့သည့် နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ဥပဒေကြမ်း၊ အဆင့်မြင့်ပညာရေး ဥပဒေကြမ်း၊ပုဂ္ဂလိကပညာရေး ဥပဒေကြမ်း စသည့် ပညာရေးဆိုင်ရာ ဥပဒေ ကြမ်းများထဲမှ တစ်ခုဖြစ်သည်။

ထိုဥပဒေကြမ်းအားလုံးကို ပညာရှင်များက ၂ဝ၁၄ ခုနှစ် အမျိုး သားပညာရေးဥပဒေ၊၂ဝ၁၅ ခုနှစ် အမျိုးသားပညာရေးဥပဒေကို ပြင် ဆင်သည့် ဥပဒေကို အခြေခံကာ ရေးဆွဲထားသည်ဟု ထိုစဉ်က တာ ဝန်ရှိသူတို့က ပြောကြားခဲ့ဖူးသည်။ အစိုးရသစ်တက်ပြီးနောက်ပိုင်း ယခုပညာရေးဝန်ကြီးဌာနအသစ် က ယခင်အခြေခံပညာရေးဥပဒေမူကြမ်းအဟောင်းကို ပြင်ဆင်မှု အချို့၊ ဖြည့်စွက်မှုအချို့အနည်းငယ် လုပ်ပြီး ယခုအစိုးရအဖွဲ့နှင့် လွှတ် တော်ပညာရေးဆိုင်ရာ ကော်မတီ တို့ထံပြန်တင်ခဲ့သည်ဟုသိရသည်။ သို့သော်လည်း လွှတ်တော် ပညာရေးဆိုင်ရာ ကော်မတီခေါင်း ဆောင်တို့က ယင်းမူကြမ်းအဟောင်း ကို နှစ်သက်မှုမရှိဆိုသည့် သဘော ထားမှတ်ချက်နှင့် ပညာရေးဝန်ကြီး ဌာနထံ ပြန်ပို့ခဲ့သည်။

ပညာရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာခိုင်မြဲက ”ပညာ ရေးဆိုင်ရာ ဥပဒေမူကြမ်းတွေကို အမျိုးသားပညာရေးမူဝါဒရေးဆွဲ ရေး ကော်မရှင်နဲ့ ဆွေးနွေးနေတာ အချို့ဆို ပြီးသလောက်ရှိနေပါပြီ။ ဒီထဲမှာ အခြေခံပညာရေးဥပဒေလည်း ပါပါတယ်။ ဒါတွေကို ဝန်ကြီးရုံးပို့၊ ပြီးရင် လွှတ်တော်ပို့ ဒါတွေဆက် လုပ်သွားမှာပါ”ဟု ပြောသည်။ ယခင်အစိုးရလက်ထက်က ပြီးသလောက်ဖြစ်နေပြီး အချောပင်သတ်နေသည့် ဥပဒေကြမ်းတစ် ခုသည် အစိုးရသစ်တက်ပြီး ၉ လ ကြာသည်အထိ လွှတ်တော်ပင် မရောက်သေးသည်က မေးခွန်းမြောက် မြားစွာ ထွက်ပေါ်စေခဲ့သည်။လွှတ်တော်ပညာရေးဆိုင်ရာ ကော်မတီတို့ဘက်က လာသည့် သဘောထားမှတ်ချက်အပေါ် ပြော ရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောဆိုမှု တစ်စုံတစ်ရာ မလုပ်ခဲ့ပေ။

ထို့ကြောင့် ပေါ်ပြူလာသတင်း ဂျာနယ် သတင်းထောက်က ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင် အောင်ထံ ဆက်သွယ်၍ ဥပဒေမူ ကြမ်း၌ပါဝင်သည့် မည်သည့်အချက် အလက်ကို မနှစ်သက်သနည်းဟု မေးမြန်းရာ အချက်အလက်ကို ထုတ်မပြောဘဲ မကြိုက်တာတွေက တော့ ရှိနေပါသည်၊ အခြေခံပညာ သည် အရေးကြီး၍ အချိန်ယူကာ ဆောင်ရွက်ရမည်၊ ပြည်သူများ ထောက်ပြနိုင်ရန် အများသိစေရန် ကြေညာရမည်၊ ယခုဝန်ကြီးဌာနက ထိုသို့လုပ်နေသည်ကို မတွေ့ရဟုဆိုခဲ့သည်။

”သူတို့တွေ ပို့လာလည်း ကျွန် တော်တို့ လွှတ်တော်မှာ ဥပဒေ ကြမ်းကော်မတီဆိုတာ ရှိတယ်။သူတို့လည်း စစ်ကြမှာ၊ နောက်ပြီး ကျွန်တော်တို့လည်း စစ်မှာပဲ။ ပြီး ရင် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးရမှာ၊ မြန်မြန်ဆန်ဆန်လုပ် လို့မရဘူး”ဟု ဒေါက်တာတင်အောင် က ဆက်ပြောသည်။ပြည်သူ့လွှတ်တော်၊ ဥပဒေ ကြမ်းကော်မတီ ဥက္ကဋ္ဌဦးထွန်းထွန်း ဟိန်ကလည်း ကော်မတီထံသို့ ပညာရေးဆိုင်ရာ ဥပဒေကြမ်းတစ်ခုမှ မရောက်သေးကြောင်း၊ ၎င်းစိတ်ထင် အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကို စောင့်နေ၍ ကြာနေသည်ဟုထင်ကြောင်း ဆိုသည်။

လွှတ်တော်မှာ မြန်မြန်ဆန်ဆန် ဆွေးနွေးပေးပါ

တာဝန်ရှိသူတို့၏ အထက်ပါ အတိုင်းပြောကြားနေမှုများကိုအခြေပြုပြီး ပညာရေးလောကသားအချို့ထံ မေးမြန်းရာ အခြေခံပညာရေး ဥပဒေမူကြမ်းအရေးကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူတို့ အချိန်ဆွဲ မနေသင့်တော့ဘဲ မြန်မြန်ဆန်ဆန် လုပ်သင့်ပြီဟု ထောက်ပြကြသည်။”ပညာရေးဆိုင်ရာ တည်ဆဲဥပ ဒေတွေကိုလည်း အကောင်အထည် ဖော်ပေးပါ။ အဆင့်မြင့်ရော၊ အခြေ ခံမှာရော ဥပဒေတွေ ထွက်အောင် လုပ်ပေးပါ”ဟု မြန်မာနိုင်ငံဆရာ များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောသည်။ သို့မှသာလျှင် ပညာရေးကဏ္ဍက တိုးတက်လိမ့်မည်ဟု သူကဆိုသည်။”မူဝါဒတိတိကျကျနဲ့ မလုပ်မ ချင်း မတိုးတက်နိုင်ဘူး”ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ဆက်ပြောသည်။

လွှတ်တော်မှာ အခြေခံပညာရေးအတွက်အဆိုတင်ခဲ့ပေမယ့် ရှုံးခဲ့ဖူးတယ်

ပြီးခဲ့သည့် ၂ဝ၁၆ ခု အောက် တိုဘာ လဆန်းပိုင်းက နေပြည် တော်တွင်ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ပြည်ခိုင်ဖြိုးအမတ် ဒေါက်တာမောင်သင်းက အခြေခံ ပညာရေးဥပဒေမူကြမ်းရေးဆွဲရေး နှင့်ပတ်သက်သည့်အဆိုတစ်ခုတင် ခဲ့ဖူးသည်ကို တွေ့ရသည်။သူက အခြေခံပညာရေးဥပဒေ ရေးဆွဲရေးကိစ္စတွင် လူထုလူတန်း စားအစုံ၏အမြင်များကိုပါစေလို ကြောင်း၊ ထို့အတွက် အစိုးရဘက် က ဆွေးနွေးပွဲအဆင့်ဆင့် ကျင်းပ ပေးရန်လိုသည်ဟု တင်ပြခဲ့သည်။ ထိုအဆိုကို တပ်မတော်သားလွှတ် တော် ကိုယ်စားလှယ်တစ်ဦး အပါ အဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးတို့က ဆွေးနွေးခဲ့ကြသည်။ NLD အမတ်တစ်ဦးက ဆိုလျှင် မလိုလားအပ်သည့် အချိန်ကြန့်ကြာမှုများ ရှိလာနိုင်သည်ဟု ထောက်ပြခဲ့သည်။ အဆုံးသတ်၌ အဆိုကိုကန့် ကွက်သည့် ဆန္ဒမဲကများသဖြင့် လွှတ်တော်က အတည်မပြုပေ။

ထိုစဉ်အချိန်က ပညာရေးဝန် ကြီးဌာနဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက လူထုလူတန်းစားအဖွဲ့အ စည်းများ ပါဝင်သည့် ပညာရေး ဆွေးနွေးမှုများ၊ နှီးနှောဖလှယ်ပွဲ များကို နိုင်ငံတစ်ဝန်းရှိ နေရာ ၄၃ နေရာတွင် ကျယ်ကျယ်ပြန့်ပြန့် ပြု လုပ်ခဲ့ကြောင်း၊ ဥပဒေကြမ်းရေးဆွဲ ပြီးသည့်အခါတွင်လည်း လွှတ်တော် ကိုယ်စားလှယ်များက မဲဆန္ဒရှင်ပြည် သူများ၏ ဆန္ဒများ၊ အကြံပြုချက် များကို ဥပဒေနှင့်အညီ ထပ်မံဖြည့် စွက်နိုင်ကြောင်း၊ ထို့ကြောင့် ယင်းအဆိုကို အတည်မပြုသင့်ကြောင်း ပြောကြားခဲ့သည်။

အခြေခံပညာရေးဥပဒေမူကြမ်းကို သုံးသပ်ကြည့်ခြင်း

အခန်း ၁၇ ခန်းပါသည်ကို တွေ့ရသည်။ အခြေခံပညာရေး ကော်မတီကို အလွှာစုံမှပုဂ္ဂိုလ်တို့နှင့် ဖွဲ့ရမည်ဆိုသည်လည်း ပါသည်။ ဆရာလိုက်နာရမည့်အချက်၊ မိဘလိုက်နာရမည့်အချက်၊ ကျောင်းသားလိုက်နာရမည့် အချက်များလည်းပါသည်။ယင်းအပြင် မသင်မနေရပညာ ရေးဆိုင်ရာကော်မတီ၊ လုပ်ငန်းစွမ်း ဆောင်ရည်မြှင့်တင်ရေး၊ အကဲဖြတ် ရေးနှင့် အရည်အသွေးအာမခံရေး ကော်မတီ၊ ကျောင်းပြင်ပနှင့်တစ် သက်တာပညာရေးကော်မတီ၊ အ ခြေခံပညာရေးသင်ရိုးညွှန်းတမ်း ကော်မတီ စသည်တို့ကိုလည်း ဖွဲ့ရ မည်ဟု ပါသေးသည်။ထူးခြားချက်အနေဖြင့် ဆရာ များသည် အခကြေးငွေယူ၍ ကျောင်းသားကို စာသင်ကြားခြင်းမပြုရန်၊ ကျောင်းသား၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းကို ထိခိုက်မှုမရှိစေရဘဲ စာသင်ပေးရ မည်ဆိုသည့်အချက်များပါသည်။ မိဘများအနေဖြင့်လည်းက လေးကို ကျောင်းပို့ရန်၊ ဆရာကို အခကြားငွေမပေးရန် စသည့်လိုက် နာရမည့်အချက်တို့လည်း ပါသည်။ ပြည်သူ့လွှတ်တော်၊ ပညာရေး မြှင့်တင်မှုကော်မတီအဖွဲ့ဝင် ပြည် ခိုင်ဖြိုးအမတ် ဒေါက်တာမောင် သင်းက ”ခြုံငုံကြည့်လိုက်ရင် မဆလ ခေတ်က ရေးဆွဲခဲ့တာနဲ့ တခြားစီ ပဲ။ တော်တော်ကို ကောင်းတဲ့ ဥပ ဒေမူကြမ်းပါ”ဟု ပြောသည်။

ယခင်ခေတ်က အရာအားလုံး ကို အစိုးရကသာ ချုပ်ကိုင်ကြောင်း၊ ယခု အလွှာစုံက ပညာရှင်တို့ပါ ပါလာမည်ဖြစ်၍ ထောက်ပြမှု၊ ထိန်း ကျောင်းမှုတို့ ရှိလာတော့မည်ဖြစ် ကြောင်း၊ ရလဒ်အနေဖြင့် ပညာရေး ကောင်းသွားလိမ့်မည်ဟု ဒေါက်တာ မောင်သင်းက ဆက်ပြောသည်။ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ NLD အမတ် ဒေါက်တာတင်အောင်က ထိုမူကြမ်းကို မကြိုက်ဟုသာ ဖြေသည်။
မြန်မာနိုင်ငံ ဆရာများအဖွဲ့ချုပ်မှ တာဝန်ရှိသူအချို့ကမူ ပညာရှင်များက ထောက်ပြကြမည့်အချက်အလက်များ ရှိလာကြလိမ့်မည်ဟု ပြောသည်။မည်သို့ပင်ဖြစ်စေကာမူ အခြေ ခံပညာရေးဥပဒေကြမ်းသည် လွှတ် တော်သို့ မြန်မြန်တက်ရန်လိုသည်။ပညာရှင်များကလည်း ထောက်ပြ ရန် အဆင်သင့်ရှိရန်လိုသည်။ လွှတ်တော် ကိုယ်စားလှယ်များကလည်း ပါတီစွဲမထားကြဘဲ နိုင်ငံ၏ အနာ ဂတ်ကို ကြည့်ရန်သာလိုသည်။လွှတ်တော်၏ အဆုံးအဖြတ် က လက်ရှိ ကျောင်းတက်နေကြသည့် အခြေခံပညာ ကျောင်းသား ကျောင်းသူ ၉ သန်းနီးပါးတို့၏ အနာဂတ်၊ ထိုမျှမကသေးအခြေခံ ပညာကို သင်ယူကြမည့်ကလေးတို့ ၏အနာဂတ်လမ်းအတွက် အဆိုး အကောင်း ဆုံးဖြတ်ချက်ပင်။အခြေခံပညာကျောင်းပေါင်း ၄ လေးသောင်းခွဲကျော်ရှိ ဆရာ/မ ၃ သိန်းကျော်နှင့်လည်း သက်ဆိုင် နေပြီဖြစ်သောကြောင့် အနာဂတ် ကမ္ဘာသည် စောင့်ကြည့်ရပေတော့မည်တည်း။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*