ဆေးယဉ်ပါးတီဘီဝေဒနာရှင်များအတွက် တောင်ကြီးတွင် ဇီဝလုံခြုံရေးဓာတ်ခွဲခန်းဖွင့်မည်

ဆေးယဉ်ပါးတီဘီဝေဒနာရှင်များအတွက် တောင်ကြီးတွင် ဇီဝလုံခြုံရေးဓာတ်ခွဲခန်းဖွင့်မည်
January 5, 2017 Asian Fame

11:37 am
ဆေးယဉ်ပါးတီဘီဝေဒနာရှင်များအတွက် တောင်ကြီးတွင် ဇီဝလုံခြုံရေးဓာတ်ခွဲခန်းဖွင့်မည်

စိုင်းလမင်း၊ လင်းဟိန်း
နေပြည်တော်၊ ဒီဇင်ဘာ ၃ဝ

ဆေးယဉ်ပါး တီဘီဝေဒနာရှင်များအတွက် တောင်ကြီးမြို့တွင် ဇီဝလုံခြုံရေး ဓာတ်ခွဲခန်းကို ၂ဝ၁၇ ဖေဖော်ဝါရီလတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါကုဌာနမှ ဒေါက်တာစည်သူက ပြောသည်။ ”တောင်ကြီး ဓာတ်ခွဲခန်းက ဆောက်လုပ်လို့ပြီးပြီ။ ဖေဖော်ဝါရီလမှာ ဖွင့်ပွဲလုပ်မယ်။ ကျန်တဲ့မြို့တွေမှာ လည်း လိုအပ်ရင် ဆောက်လုပ်ပေးမယ်” ဟု ၎င်းက ပြောသည်။ အဆိုပါ ဓာတ်ခွဲခန်းတွင် ဆေးဝါးယဉ်ပါးတီဘီလူနာများအား အဆင့်မြှင့် ဓာတ်ခွဲ စမ်းသပ်မှု အပါအဝင် ရောဂါရှာဖွေ ဖော်ထုတ်ခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆေးယဉ်ပါး တီဘီရောဂါသည် တီဘီရောဂါကုသရာတွင် အသုံးပြုသော ပထမအဆင့် ဆေးဝါးများအား ယဉ်ပါးသွားသည့်ရောဂါကို ခေါ်ပြီး ယင်းရောဂါသည် စိုးရိမ်ဖွယ် ကျန်းမာ ရေး ပြဿနာတစ်ရပ် ဖြစ်လာကြောင်း လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ကျန်းမာရေးဦးစီးဌာန၊ ကူးစက် ရောဂါကု ဌာနက ရေးဆွဲထားသည့် တီဘီရောဂါနှင့် ပတ်သက်သည့် ငါးနှစ် မဟာဗျူဟာစီမံကိန်းအရ တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် တီဘီ ရောဂါနှင့် ပတ်သက်ပြီး အသိပညာပေး ဟောပြောမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာစည်သူက ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီအဖြစ်များဆုံး နိုင်ငံ ၃ဝ တွင် ပါ ဝင်နေပြီးနှစ်စဉ် တီဘီလူနာပေါင်း တစ်သိန်းခွဲခန့် တွေ့ရှိနေရသည်။မြန်မာနိုင်ငံတွင် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင် နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည် မှန်းချက်သုံးမျိုး ရန်ပုံငွေ (3MDG) ကလည်း ရန်ကုန်နှင့် မန္တလေးတွင် တီဘီရောဂါကုသရေး ပြင်ပလူနာဌာန နှင့် ဓာတ်ခွဲခန်း အဆောက်အအုံ လေးခုကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလတို့တွင် စတင် တည်ဆောက်လျက်ရှိသည်။ (3MDG) သည် မြန်မာနိုင်ငံတွင် မိခင်နှင့်ကလေး ကျန်းမာရေး၊ အိတ်ခ်ျ အိုင်ဗီ၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနှင့် ကျန်းမာရေးစနစ် ဖွံ့ ဖြိုးရေးအစရှိသည့် ကျန်းမာရေး ဆိုင်ရာ ကူညီ ပံ့ပိုးမှုများ ဆောင်ရွက် နေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*