ပဲခူးတိုင်းအတွင်း ပျံ့နှံ့နေသော ပိုးကောင်များအား မဖယ်ရှားသေးဘဲ အခြေအနေစောင့်ကြည့်နေ

ပဲခူးတိုင်းအတွင်း ပျံ့နှံ့နေသော ပိုးကောင်များအား မဖယ်ရှားသေးဘဲ အခြေအနေစောင့်ကြည့်နေ
January 5, 2017 Asian Fame

11:36 am
ပဲခူးတိုင်းအတွင်း ပျံ့နှံ့နေသော ပိုးကောင်များအား မဖယ်ရှားသေးဘဲ အခြေအနေစောင့်ကြည့်နေ

လင်းဟိန်း
ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ

ပဲခူးတိုင်း ဒေသကြီး ဇီးကုန်းမြို့နှင့် ပတ်ဝန်းကျင် မြို့နယ်အချို့တွင် ပျံ့နှံ့နေသော ပိုးကောင်များအား ဖယ်ရှားလိုက်ပါက ပိုမိုပွားများလာမည်ကို စိုးရိမ်ရ သဖြင့် အခြေအနေ စောင့်ကြည့်နေကြောင်း ပဲခူးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဌာနမှူး ဒေါက်တာ အောင်ကျော်ထွေးက ပြောသည်။ထိုပိုးကောင်များသည် လူကို အန္တရာယ်မဖြစ်စေနိုင်သောကြောင့် ပိုးကောင်များအား လတ်တလောဖယ်ရှားရန် အစီအစဉ်မရှိသေးကြောင်း ၎င်းကပြော သည်။

လွန်ခဲ့သည့် တစ်ပတ်ကတည်းက ဇီးကုန်းမြို့နှင့် ပတ်ဝန်းကျင်မြို့နယ်အချို့တွင် လိပ်ပြာကဲ့သို့သော ရွှေဝါရောင်ပိုးကောင်ငယ်များ ပျံ့နှံ့ခဲ့ပြီး ယင်းပိုး ကောင်နှင့် ပိုးကောင်၏ အမှုန်များနှင့် ထိမိကာ ယားယံခြင်းဝေဒနာကို ခံစားခဲ့ကြရကြောင်း ဒေသခံများက ပြောသည်။ ”အဲဒီ ပိုးကောင်တွေက ဘာအန္တရာယ်မှ မရှိပါ ဘူး။ ပိုးကောင်ရဲ့အမှုန်တွေနဲ့ထိရင် ယားတာလောက်ပါပဲ။ ဆေးသောက်လိုက်ရင် ပျောက်သွားပါတယ်။ ပြီးတော့ ဖယ်လိုက်ရင် ပိုးများလာတာတွေရှိပါတယ်။ အဲဒါကြောင့် ပိုးကောင်တွေ သူ့အလိုလိုပျောက်သွားမလား ဆိုတာကို လောလောဆယ်မှာ အခြေအနေ စောင့်ကြည့်ပါဦးမယ်” ဟု ဒေါက်တာ အောင်ကျော်ထွေးက ပြောသည်။

ဇီးကုန်းမြို့နယ်အတွင်းရှိ ဒေသခံ ၈ဝ ရာခိုင်နှုန်း ခန့်သည် အဆိုပါ ပိုးကောင်များကြောင့် ယားယံခြင်း ဝေဒနာကို ခံစားနေကြရကြောင်း ဇီးကုန်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးစောမောင်သိန်းက ပြောသည်။ ”ဇီးကုန်းကလူတွေ အကုန်လုံးနီးပါး ၈ဝ ရာခိုင်နှုန်းလောက်က ယားပြီးအဖုတွေ ပေါက်နေကြတယ်။ ဘာဆေးသောက်ရမှန်းလည်းမသိဘူး။ လောလောဆယ်တော့ သနပ်ခါးတို့၊ ကျောက်ချဉ်တို့ ပေါင်ဒါတို့ လူးနေကြတယ်” ဟု ၎င်းက ဆိုသည်။ ယင်းပိုးကောင်များ၏ ဦးခေါင်းနှင့် ခြေလက်များတွင် အဖြူရာင် အမွေးအမျှင်များ ထူထပ်စွာရှိနေပြီး ပိုးကောင်နှင့် ပိုးကောင်၏အမှုန်များသည် အိမ်နံရံများ၊ မျက်နှာကြက်များတွင် ကပ်လျက်ရှိကာ မြို့နယ်အနှံ့ ပျံ့နှံ့နေကြောင်း ၎င်းက ဆိုသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*