LA ကဘတ်စ် ကားတွေ အကြောင်း

LA ကဘတ်စ် ကားတွေ အကြောင်း
January 4, 2017 Asian Fame

2:24 pm
LA ကဘတ်စ် ကားတွေ အကြောင်း

busရန်ကုန်မှာ ဘတ်စ် ကားသမား တွေနဲ့ ဘတ်စ်ကားတွေအကြောင်း fb မှာ ဖတ်ရလို့။ စိတ်မကောင်း အတော်ဖြစ်ရသည်။

ကားသမားနဲ့ ခရီးသည်၊ ကား သမားချင်း ရိုက်ကြ နှက်ကြတာ ကိုယ်တို့ ငယ်ငယ်ကတည်းက ရှိပါ တယ်။ ခုလောက် မဆိုးဘူး။

အဖေ့ သူငယ်ချင်း တစ်ယောက် ဟာ မြောက်ဥက္ကလာမှာ နေတယ်။ ဗိုလ်ချုပ်ဈေးမှာ ဆိုင်ထွက်တယ်။ ထိုးတာကြိတ်တာ အင်မတန်လက် ယဉ်တာ။ အဲဒီတုန်းကသူက အ သက် ၄ဝကျော် လောက်ရှိမှာ။ ဘတ်စ် ကားစီးလာတော့ ဘတ်စ်ကားသ မားဟာ အရမ်းမောင်းလာတာ။ အဖေ့ သူငယ်ချင်း နဲ့ သူ့မိန်းမက ဒရိုင်ဘာဘေးက ခုံမှာထိုင်လာ တယ်။ ကားပေါ်က ခရီးသည်တွေ က တထိတ်ထိတ်နဲ့။

ကမ္ဘာအေးဘုရား လမ်းပေါ် ရောက်တော့ အဖေ့ သူငယ်ချင်းက မနေနိုင်တော့ဘူး။ ကားသမားကို လှမ်းပြောလိုက်တယ်။ ‘မောင် ရင် မောင်ရင် ဒီပုံမျိုး မင်းမောင်းရင် မင်းနေရာမှာ သူများ အိပ်သွားမယ်’ ကားသမားဟာ ချက်ချင်း သဘော မပေါက် ဘူး။ တော်တော် လေး မောင်းနေပြီးမှ စဉ်းစားမိသွား ပြီး ‘ဦးလေး ဘယ်လို ပြောလိုက် တာလဲ’ ‘မင်းနေရာ သူများလာ အိပ်သွား မှာ .. ပြောတာ’ကား သမားဟာ ချက်ချင်းကားကို အ ရှိန် လျှော့ချလိုက်ပြီး ဘီးကို လိမ့် ရုံမောင်းတော့တယ်။

ခရီးသည်တွေက ပွစိပွစိ လုပ် လာတော့ကားသမားက ‘ကျွန် တော်တို့ ကားပေါ်မှာ ကြောက်တတ် သူ တစ်ယောက်ပါလာလို့ ..’လို့ ပြော တယ်။ အဲဒီတော့ အဖေ့ သူငယ်ချင်းက ‘မောင်ရင်.. ဟော ဒီမှာ ငါ့မိန်းမလည်း ပါလာတယ်။ အိမ်က ထမင်းလည်းစား လာပြီးပြီ။ ငါတို့က ဘယ်အချိန် ရောက်ရောက် အကြောင်းမဟုတ်ဘူး’ ထပ်ပြော လိုက်တော့ ကားသမား ကားကို ဝူးခနဲ အရှိန်ပြန် တင်သွားတယ်။

ဒါပေမယ့် အဲဒီအဖေ့ သူငယ် ချင်းဟာ ဆူးလေ နဲ့ ဗိုလ်ချုပ်လမ်း မီးပွိုင့်မှာ မီးနီတုန်း ကားစပါယ်ယာ ကို နားရင်း အုပ်ပြီး ဆင်းပြေးတယ်။ ကားသမားတွေ သုံးလေးယောက် ဆင်းလိုက်လာတုန်း လမ်းသွားလမ်း လာ လူအုပ်ကြားထဲ ခြေယောင် ဖျောက်ပြေးရတယ်။

ကျောင်းသားအရွယ် ကလေး ဘဝကနေ အမေရိက ရောက်ပြီး ၄၊ ၅ နှစ်အထိ ကိုယ်ဟာ ဘတ်စ်ကား အားပြုရတဲ့ ဘတ်စ်ကားစီး ခရီးသည်။ ၁၉၆၃ ခု ရန်ကုန်ရောက်တော့ မဂို လမ်းကနေ အလံပြ ဘုရားလမ်းက ဒဂုံ (၁)ကို ဘတ်စ်ကားနဲ့ ကျောင်း တက်ရတယ်။ စက်မှု တက္ကသိုလ် တက်တော့ မဂိုလမ်းကနေ ကြို့ ကုန်းကိုလည်း ဘတ်စ်ကားပါပဲ။ ချောင်ချောင်ချိချိ သက်သောင့် သက်သာရှိတဲ့ အခါရှိ သလို အတင်း အဓမ္မ တိုးဝှေ့တက်ရတာ၊ တံခါး ပေါက်ကတွယ် စီးရတာလည်း ရှိ ပါတယ်။ ကိုယ်တို့ တိုင်းပြည်မှာ စည်းနဲ့ကမ်းနဲ့ တန်းစီပြီး တက်ရ တဲ့အကျင့်မှ မရှိတာ။

အမေရိက ရောက်တော့ ဘတ်စ်ကားပဲ အားကိုးရတာ။ ၁၉၉၁ ဧပြီလမှာ လော့စ်အိန် ဂျယ်လိစ်ကို ရောက်တယ်။ Inglewood  City မှာ နေတယ်။

ကိုယ်ရောက်တော့ ကိုယ့်ခြေ ထောက်နဲ့ ဘတ်စ်ကားပဲ အားကိုးရ တယ်။ သွားဆရာဝန် ဒေါက်တာ (အငြိမ်းစား ဗိုလ်မှူး) ဦးစိုးဝင်းရဲ့ အဖေ၊ ဘဘ ဦးလွန်းဖေဟာ ဘတ်စ်ကားစီးပြီး လျှောက်သွားဖို့ အားပေး တိုက်တွန်းတယ်။ ဘဘ တို့ အမေရိက ရောက်စကလည်း ကိုယ်တို့နားမှာပဲ နေသွားခဲ့တာ ပြော တယ်။ ‘မောင်ရင်လေး စီးစမ်း၊ သွားစမ်း’ ဆိုပြီး LA County တစ် ခုလုံးက ဘတ်စ်ကားလိုင်းပေါင်းစုံ ခရီးစဉ် မြေပုံတွေကို (တော်တော် အထုပ်ကြီးတယ်) စာတိုက်ကနေ ပို့ပေးလာတယ်။

ဒီမှာက မြို့နယ်နဲ့ ဆိုင်တဲ့ ရုံး တွေ စာကြည့်တိုက်တွေမှာ ဘတ်စ် ကားခရီးစဉ် ပေါင်းစုံကို ကြိုက်သ လောက် အလကား သွားယူလို့ ရ တယ်။ တောင်းစရာတောင် မလို ဘူး။ စင်ပေါ်မှာ သွားဆွဲယူ။ ခုလို အွန်လိုင်းတွေ အင်တာနက်တွေမှ မရှိသေးတာ။

ပထမဆုံး ကိုယ့် အတွေ့အကြုံ က – ဒီရောက်ပြီး ၃၊ ၄ ရက်မှာ လော့စ်အိန်ဂျယ်လိစ် မြို့ထဲက ၉ လမ်း၊ ဒုက္ခသည်ရုံးကို သွားရဖို့ ကိစ္စပေါ် လာတယ်။ ကိုယ့်ကို လိုက် ပို့နိုင်မယ့်သူ မရှိသလို၊ လမ်းညွှန် မယ့် သွားဖူးတဲ့ သူလည်း မရှိဘူး။ ဘတ်စ်ကား စုံစမ်းရေး ဌာနကို ဖုန်း ဆက်မေးရတယ်။

ချစ်စရာကောင်းတဲ့ စနစ်တစ် ခုပဲ။ ဖုန်းဆက်တာနဲ့ ယဉ်ကျေးပျူ ငှာမှုကစတယ်။ စက်နဲ့မဟုတ်၊ လူ အစစ်။ ဘယ်ကို သွားချင်သလဲ၊ ဘယ်အချိန် ရောက်ချင်သလဲ၊ ဘယ်နေရာက သွားမှာလဲ ဖြေရ တယ်။ ပြီးတော့ သူက စာရွက်နဲ့ ခဲတံ ရေးစရာ ယူထား ပြောတယ်။ ကိုယ် အဆင်သင့် ဖြစ်ပြီဆိုမှ ခရီး စဉ်ပြောတဲ့ စက်ကို ဖွင့်ပေးလိုက် တယ်။ ကိုယ်နေတဲ့ နေရာနဲ့ အနီးဆုံး မှတ်တိုင်က စပြောတယ်။ ဘတ်စ် ၄၃၉ ကို ဘယ်အချိန်မှာ စီးပါ။ ကားခပိုက်ဆံ ဘယ်လောက်ထည့် ပါ။ ၉ လမ်းကို ရောက်ရင် ၉ လမ်း ထောင့်ကနေ ဘယ်အချိန်မှာ ဘတ်စ် နံပါတ် ဘယ်လောက်လာ ရင် တက်စီးပြီး ဘယ်မှာ ဆင်းပါ။ သူပြောတဲ့အတိုင်း အတိအကျပဲ။ ကားအချိန်တွေက မိနစ် မလွဲခဲ့ဘူး။ တစ်စီးနဲ့ တစ်စီး ချိန်ကိုက်မလွဲ အောင် စီစဉ် ထားတတ်တယ်။ များ သောအားဖြင့် ဘတ်စ်ကားမှတ် တိုင်တွေဟာ မီးပွိုင့်မှာ ထားတယ်။

ကားမောင်းသမား တွေဟာ အလုပ်ချိန် အတိအကျမို့ တာဝန် ချိန်လဲတာ ခရီးစဉ်မှာလည်း လုပ် တယ်။ ဌာနက ကားကို လဲမယ့် ကားသမားက မောင်းလာ၊ မှတ် တိုင်မှာ စောင့်နေ၊ နောက်လူက ဘတ်စ်ကားကို ဆက်မောင်း၊ ပထမ ဘတ်စ် ကားသမားက ဌာနက ကား ကိုပြန်မောင်းသွား။ တစ်ခါတလေ ကိုယ်က ငေးငေးမောမောနဲ့ လိုက် လာတာ၊ တစ်ရေးတမော ငိုက်လာ တာဆိုရင် ဒရိုင်ဘာ လဲသွားတာ တောင် မသိလိုက်ဘူး။ မှတ်တိုင် ရောက်လို့ ကြေညာတဲ့ အသံထွက် လာမှ ပြောင်းသွားတာ သိလိုက် တယ်။ မှတ်တိုင်ရပ်တဲ့ အခါ၊ မှတ် တိုင်ရောက်ခါနီး၊ ရှေ့မှာ ဘာမှတ် တိုင်ဆိုတာ ပြောတယ်။ မီးရထား လည်း ဒီလိုပဲ။

မီးရထား စီးလာသူဟာ ဘူ တာမှာ ဘတ်စ်ကား ပြောင်းစီးနိုင်ဖို့ အချိန်ကိုက်တွေ စီစဉ်ပေးထားတာ တွေလည်းရှိတယ်။ ကားပေါ်မှာ ရထားပေါ်မှာ ကြေညာပေးတယ်။ Park & Ride  ဘူတာတွေ ရှိတယ်။ လော့စ်အိန်ဂျယ်လိစ် မြို့ထဲတို့လို၊ တခြား လှမ်းတဲ့မြို့တွေမှာ အလုပ် လုပ်ရသူတွေ လမ်းမှာ ကားမကျပ် ရလေအောင် စီစဉ်တာ ဖြစ်တယ်။ ဘူတာမှာ ကားရပ်ခဲ့၊ မီးရထား(သို့) ကား တက်စီး သွား၊ ပြန်မှ ကိုယ့် ကား ကိုယ်ပြန်ယူ။ တချို့ အလုပ် ကြီးတွေ ဆို ဘူတာနဲ့ အလုပ်၊ ကား မှတ်တိုင်နဲ့ အလုပ်၊ တစ်ရုံးနဲ့ တစ် ရုံး သယ်ပို့ပေး တဲ့ အခမဲ့ ဖယ်ရီ ကားတွေ ရှိတယ်။ ရထားနဲ့ လာတဲ့ သူ လေယာဉ် စီးမယ်ဆိုလည်း လေ ဆိပ်ကို လက်ဝဲရစ်၊ လက်ယာရစ် ပတ်ပြေးတဲ့ Free Shuttle တွေ အများကြီး။

ဒီလိုနဲ့ စခဲ့တာ ပုံမှန် ဘတ်စ် ကားစီး ဖောက်သည် ဖြစ်လာခဲ့ တယ်။ အလုပ်သွားလည်း ဘတ်စ် ကား။ ကျောင်းတက်လည်း ဘတ်စ် ကား။

ကားပေါ်မှာ လက်မှတ်ရောင်း မပါဘူး။ ကားခကို ကားမောင်း သမားခုံဘေးက ပုံးထဲ အတိအကျ ထည့်ရတာ။ ကိုယ်တို့ ရောက်စက တစ်ကြောင်းစီး ကျပ် ၁ ဒသမ ၂၅၊ ခု ကျပ် ၁ ဒသမ ၇၅။ နောက်တစ် စီးပြောင်းစီးမယ် ဆိုရင်  Transfer  လို့ပြောပြီး တစ်မတ်ပိုထည့်။ ကား မောင်း သမားက  Transfer  အတွက် လက်မှတ် တစ်ခုပေးမယ်။ နောက် ကားပြောင်းစီးရင် ပြောင်းစီးလက် မှတ်ကို နောက်ကား သမား လက်ထဲ ထည့်ပေးရုံ။ ခုတော့ ပြောင်းစီး လက်မှတ် ပြားငါးဆယ် ဖြစ်သွား ပြီ။

ကားပေါ်တက်ရင် ရှေ့ပေါက် ကပဲ တက်ရပေမယ့် ဆင်းတဲ့အခါ တော့ နီးရာ အပေါက်က ဆင်းလို့ ရတယ်။ ကားပေါ် တက်မယ့် ခရီး သည်ဟာ ရှေ့ပေါက်က ဆင်းတဲ့သူ ရှိရင် ဆင်းတဲ့သူကုန်မှ တက်ရ တယ်။ အပေါက်ကို လမ်းဖယ်ပေး ထားရတယ်။ ကားပေါ်တက်မယ့် သူဟာလည်း ကားရပ် လိုက်တာနဲ့ ကို တန်းစီပြီးသား။ ဘယ်သူမှ လု မတက်ဘူး။ အတက်အဆင်း တံခါး ကို ကားမောင်းသူမှာ ထိန်းချုပ် ခလုတ်ရှိတယ်။ Wheel Chair  သမား တက်မယ် ဆင်းမယ်ဆိုရင် ကားမောင်းသူ ကိုယ်တိုင် ခြေနင်းခုံ အတင်အချ ခလုတ်ကိုလုပ်ပြီး၊ ကားပေါ်ရောက်လို့ ခါးပတ်တွေ ဘာတွေ ပတ်ပြီးမှ တခြားခရီးသည် ကိုပေးတက်တယ်။ စက်ဘီးသမား၊ ဘတ်စ်ကားစီးရင် သူ့စက်ဘီးကို ကားရှေ့မှန်အောက် ကားအင်ဂျင် နေရာ ရှေ့ကတန်းမှာ အရင် ချိတ်ရ တယ်။ ကားသမားက ဆင်းမချိတ် ပေးဘူး။ ချိတ်နည်း သင်တန်းတက် ပြီး စက်ဘီးသယ်တဲ့ လက်မှတ် ယူရတယ် ကြားဖူးတယ်။

ကားနောက်ပိုင်းက ခုံတန်း ရှည်ဟာ များသောအားဖြင့် လူမည်း တွေ၊ လူမည်းလူငယ်တွေ အထိုင် များတာမို့ တော်ရုံတန်ရုံလူ မထိုင် ကြဘူး။ မထိုင်ရဲကြဘူး။ သူတို့က လည်း သူတို့ပဲ။ တစ်ခါကိုယ် ကြုံဖူး တယ်။ လူမည်းလူငယ် တစ်စုဟာ အော်ကြီး ဟစ်ကျယ် ဆူညံငြင်းခုံ ဆဲဆိုနေကြတယ်။ ကားမောင်းသူ က လူမည်းအမျိုးသမီး။ တောင့် တောင့်တင်းတင်း ထွားထွားကျိုင်း ကျိုင်း။ နောက်ကြည့်မှန် ကနေ တစ်ချက်ကြည့်ပြီး မှတ်တိုင် ကြေ ညာတဲ့ စကားပြောခွက် ကနေ ဆူ ညံကောင်တွေကို ဟန့်တားလိုက် တယ်။ ဒီငနဲတွေက တစ် ချက်တော့ ငြိမ်သွားတယ်။ ပြန်ဆူလာပြန် တယ်။ ကားမောင်းသူ အမျိုးသမီး ဟာ မှတ်တိုင်တစ်ခု ရောက်ခါနီး လည်းရောက်ရော လူတက်တဲ့ ရှေ့တံခါးကို မဖွင့်ဘဲ နောက်တံခါး ကိုဖွင့်ပြီး သူကိုယ်တိုင် ဆူညံဆဲ ဆိုနေသူတွေ ရှိတဲ့ ကားနောက်ပိုင်း ဆီ လျှောက်သွားပြီး မင်းတို့ ဆင်း သွားကြလို့ တစ်ခွန်းပဲ ပြောပြီး မောင်းချလိုက်တယ်။ လူမည်းလူ ငယ် ၃၊ ၄ ယောက်ဟာ မကျေ မနပ်ဘဲ ဆင်းသွားရတယ်။

တစ်ခါတော့ လူမည်းလူငယ် တစ်စုဟာ ကားနောက်ပိုင်းမှာ စက္ကူအိပ် နဲ့ ပတ်ထားတဲ့ ဘီယာဘူး ကို တစ်ယောက် တစ်လှည့်မော့ပြီး ဆူညံနေတာ ကားမောင်းသူ လူ မည်း အမျိုးသမီးက နောက်ကြည့် မှန်က မြင်ပုံရတယ်။ ဘယ်အချိန် က သူ့ရေဒီယို ဖုန်းနဲ့ ရဲခေါ်လိုက် တယ် မပြောတတ်ဘူး။ ရဲကားတစ် စီးဟာ မီးမပြ ဘာမပြ ပေါ်လာပြီး မှတ်တိုင်ရောက်မှ ဘတ်စ်ကားကို ကျော်တက်၊ ရပ်လိုက်တယ်။ ကား နောက်က ကောင်တွေက မမြင် ဘူး။ နောက်တံခါးကို ဖွင့်ပေးလိုက် ပြီး ရဲတက်လာမှ ဘွားဘွားကြီး မိ သွားတယ်။

ကိုယ်တွေ့ဖူးတဲ့ ဒီက ကား သမားတွေကတော့ ဖြူဖြူ မည်း မည်း စည်းကမ်းရှိတယ်။ ယဉ်ကျေး တယ်။ ဥပဒေကို လေးစားကြတယ်။ ဥပဒေက အမှန်တရားဘက်မှာ အမြဲရှိတယ်။

မောင်အေးဝင်း(လမင်းတရာ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*