စိန်ခေါ်မှု အဟောင်းများနှင့် ၂ဝ၁၇

စိန်ခေါ်မှု အဟောင်းများနှင့် ၂ဝ၁၇
December 28, 2016 Asian Fame

10:36 am
စိန်ခေါ်မှု အဟောင်းများနှင့် ၂ဝ၁၇

2017မကြာမီကာလ အတွင်း ၂ဝ၁၆ ခုနှစ်ကုန်ဆုံး၍ ၂ဝ၁၇ နှစ်သစ်ကို ရောက်ရှိလာ တော့မည်ဖြစ်သည်။ မြန်မာ တို့သည် နှစ်ဟောင်းမှ အညစ် အကြေးများ၊ မကောင်းသော အကြောင်းအရာ များကို ထားရစ်ပြီး အကောင်းများကိုသာ နှစ်သစ်သို့ ယူဆောင်လိုကြ ကာ လူသစ် စိတ်သစ်ဖြင့် မင်္ဂလာရှိရှိ ဖြတ်သန်း လိုကြသည်။ သို့ရာတွင် အဖြူနှင့်အမည်း၊ အလင်းနှင့် အမှောင် စသည့် ဆန့်ကျင်ဘက်များ ဒွန် တွဲနေသော သဘာဝကြီးတွင် အကောင်းနှင့် အဆိုးကိုခွဲမရဘဲ အတူတကွ ယူဆောင်သွားကြရသည်သာ ဖြစ်သည်။

နှုတ်ဆက် ထားခဲ့ရတော့မည့် ၂ဝ၁၆ ခုနှစ်သည် မြန်မာ့ သမိုင်းတွင် အရေးပါ သော ရက်စွဲများစွာကို ပိုင်ဆိုင်ထားသည်။ အထူးခြား ဆုံးမှာ ဧပြီလ (၁) ရက်နေ့ဖြစ် သည်။ ထိုနေ့တွင် တပ်မတော်နှင့် တပ်မတော် ကျောထောက်နောက်ခံ ပြုသော အစိုးရ ပုံစံ ရပ်ဆိုင်း ၍ ပြည်သူ ရွေးချယ်သော အရပ်သားစစ်စစ် အစိုးရတစ်ရပ် ပေါ်ထွန်းလာ ခဲ့သည်။

ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကြောင့် သမ္မတ မဖြစ်နိုင် သဖြင့် အခြေခံဥပဒေ ကိုပြင်မည်၊ အခြေခံဥပဒေ ကိုပြင်ဆင်မည်ဆိုလျှင် အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ အတိုင်းသာ တပ် မတော် ကပြင်စေလိုသည် စသည်ဖြင့် အငြင်းပွားမှု များပေါ်ပေါက်ခဲ့ပြီး နောက်ဆုံး တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟူသော ရာထူး အသစ် တစ်မျိုးဖြင့် နိုင်ငံတော်၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် ပေါ်ထွန်း လာခဲ့သည်မှာလည်း ၂ဝ၁၆ ၏ ထူးခြားမှုတစ်ခု ဖြစ်သည်။

NLD အစိုးရ တက်လာစအချိန်တွင် နှစ်ရှည်လများ နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကို ချုပ်ကိုင်ထားခဲ့သော တပ်မတော်နှင့်  အင်အားစု အနေဖြင့် ကာလရှည်ကြာ ရပ်တည်ခဲ့သော NLD အစိုးရ တို့အကြား ပြဿနာများ ရှိလိမ့်မည်ဟု တွေးထင် ယူဆထား ကြသော်လည်း သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့၏ ပါးပါးနပ်နပ်နှင့် ပညာသားပါပါ ချဉ်းကပ်မှု၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဟန်ချက်ညီညီဖြင့် ပူးပေါင်း ပါဝင်မှုတို့ကြောင့် နှစ်ပေါင်းများစွာ ပဋိပက္ခ အသွင်ဆောင် ခဲ့သော နိုင်ငံရေး အင်အားစုကြီးနှစ်ခု အပေး အယူမျှမျှ လက်တွဲ လုပ်ကိုင်နေမှုသည်လည်း ၂ဝ၁၆ ခုနှစ်တွင် ထူးခြားမှု တစ်ခုဖြစ်သည်။ ဤသို့ ကောင်းမွန်သော အပြောင်းအလဲများ ဖြစ်ပေါ်လာသလို စိန်ခေါ်မှု များလည်း ဖြစ်ပေါ်လာခဲ့သည်။

လွတ်လပ်မှုနှင့် လုံခြုံမှုသည် ဟန်ချက်ညီညီ ရှိနေဖို့လိုသည် ဒီမိုကရေစီ စနစ် ကျင့်သုံးမှု အသား မကျသေးမီတွင် လွတ်လပ်မှုကို ဦးစားပေး မိသဖြင့် လုံခြုံမှု အားနည်း ကာ ခိုးဆိုးလုယက်မှုများ၊ အနိုင်အထက်ပြုမှုများ များပြားလာကာ နေ့လယ်နေ့ခင်း လူစည်ကားရာ အရပ်များတွင် နေထိုင်ရသည်ပင် မလုံမခြုံဖြစ်လာသဖြင့် နောက်ပိုင်းတွင် ပြည်သူ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးကို ပြန်လည် တင်းကျပ်လာရသည်များလည်း ဤနှစ် အတွင်းတွင်ပင် ဖြစ်ခဲ့သည်။

အလားတူပင် အမုန်းစကားများ၊ ကောလာဟလ များကြောင့် လူမျိုး တစ်မျိုးနှင့် တစ်မျိုး အကြား၊ ဘာသာတစ်ခုနှင့် အခြား တစ်ခုအကြား၊ လူအစု အဖွဲ့တစ်ခုနှင့်အခြား တစ်ခုအကြား တို့တွင် ပဋိပက္ခ များဖြစ်ပေါ်နေခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပကာ အရှိန်အဟုန် မြှင့်တင်ခဲ့သော်လည်း နယ်စပ်ဒေ သအချို့တွင် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားလာခြင်း၊ အနောက် တံခါး ပြဿနာများ ပေါ်ပေါက်လာပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာသော နိုင်ငံတကာ ဖိအားများကို သံတမန် နည်းဖြင့် ခုခံနေ ရခြင်း ၊ ဒေါ်လာငွေဈေး အဆမတန်မြင့်တက်မှု၊ အလုပ်အ ကိုင်ရှားပါးမှု၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု၊ ပို့ကုန်နည်းပါးမှု၊ ဈေးကွက် အစရှိသော စီးပွား ရေး ဆိုင်ရာ ရင်ဆိုင်ရမည့် ကိစ္စများ များပြားနေခြင်း၊ အခြေခိုင်နေခဲ့သော အကျင့် ပျက် လာဘ်စားမှုများကို တိုက်ဖျက်နေ ရခြင်း စသော ဘက်ပေါင်းစုံ မှလာသော စိန်ခေါ်မှု အမျိုးမျိုးလည်း အမှန်ပင်ရှိနေသည်။

အချုပ်အားဖြင့် ဆိုရသော် ၂ဝ၁၆ ခုနှစ်တွင် NLD အစိုးရ တက်လာပြီးနောက် ပိုမိုကောင်းမွန်သော အပြောင်းအလဲများ ရှိလာသလို စိန်ခေါ်မှု များလည်း ရှိနေသည် သာဖြစ်သည်။ ထိုအခက်အခဲများ စိန်ခေါ်မှုများကို အစိုးရ အနေဖြင့် တည်တည် ငြိမ်ငြိမ် ကိုင် တွယ် ဖြေရှင်းနိုင်လိမ့်မည်။ ပြည်သူများ အနေဖြင့်လည်း ဥပဒေနှင့်အညီ စည်းကမ်း တကျ လိုက်ပါနိုင်လိမ့်မည် ဟု ပေါ်ပြူလာနယူးစ်က ယုံကြည်သည်။

အယ်ဒီတာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*