1:32 pm

အယ်ဒီတာ့ အာဘော်
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုသည် ထိုနိုင်ငံ၏ငွေကြေးဈေးကွက် တည်ငြိမ်မှုပေါ်တွင် များစွာတည်မှီနေသည်။ လတ်တလော အခြေအနေတွင် အမေ ရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာ တည်ငြိမ်မှုမရှိဘဲ အတက်အကျ လျင်မြန်စွာ ဖြစ်ပေါ်လျက် ရှိသည်ကိုတွေ့ရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ (၁၄၃၆)ကျပ်အထိ စံချိန်တင်မြင့် တက်ခဲ့ပြီး ယခုအခါအမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၃၅ဝကျပ်ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နေသည်ကိုတွေ့ရပြန်သည်။
ဒေါ်လာပေါက်ဈေး ဤမျှအထိ မြင့်မားနေခြင်း၊ အတက်အကျဖြစ်နေခြင်းကို ထိန်းညှိရန် ဗဟိုဘဏ်တွင် အဓိကတာဝန်ရှိသည်မှန်သော် လည်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ထံတွင်လည်း အထိုက်အလျောက်တာ ဝန်ရှိကြသည်။ ဒေါ်လာဈေးအတက်အကျသည် အကြောင်း အရာများစွာပေါ်တွင် မူတည်နေပြီး ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေ ချိန်တွင် ငွေလဲလှယ်နှုန်းကို အစိုးရကထိန်းချုပ်ထားရန် မလွယ်ကူနိုင်သည်မှန်သော်လည်း ရည်ရွယ်ချက်ရှိရှိ မတည်မငြိမ်ဖြစ်အောင်ေ ဆာင်ရွက်နေမှုများကိုမူ ထိရောက်သော ဟန့်တားမှုများ ပြုလုပ်ရန်လိုသည်။
ဥပမာအားဖြင့် ဒေါ်လာဈေးတက်သည့်အချိန်တွင် ဈေးကွက်အတွင်းဒေါ်လာ လိုအပ်ချက်ကို ထိန်းညှိသည့်အနေဖြင့် ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲ ကောင်တာများသို့ အခါအားလျော်စွာ ဒေါ်လာများခွဲဝေဖြန့်ဖြူးရောင်းချစေခဲ့သော်လည်း လက်တွေ့တွင် မူ ဒေါ်လာဈေးတက်သည့်အခါတိုင်းပုဂ္ဂလိကဘဏ်များနှင့် ငွေလဲ ကောင်တာများ အရောင်းမရှိဘဲ အဝယ်များသာလက်ခံနေသည့် အဖြစ်မျိုးဖြစ်သည်။ ထိုအခြေအနေမျိုးကိုစိစစ်ထိန်းကျောင်းရန်လိုသည်။
ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာသည် တဖြည်းဖြည်း ခိုင်မာ လျက်ရှိပြီး ကမ္ဘာ့နိုင်ငံအများစု၏ ငွေကြေးတန်ဖိုးများ အမေရိကန်ဒေါ်လာနှင့် လဲ လှယ်ရာတွင် တန်ဖိုးကျဆင်းလျက်ရှိရာ ရှိသင့်ရှိထိုက်သည့် တန်ဖိုးကျဆင်းမှုကို လက်ခံရမည်ဖြစ်သော်လည်း ရည်ရွယ်ချက်ချက်ရှိရှိ ဆောင်ရွက်နေသူများကိုမူ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
ယခုအခါ နိုင်ငံခြား ငွေလဲလှယ်နှုန်းများတည်ငြိမ်စေရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများညှိနှိုင်းတိုင်ပင်ကာ သွင်းကုန်အပိုင်းတွင် ဇိမ်ခံပစ္စည်းများနှင့် အခြား မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများ တင်သွင်းမှုကို သုံး သပ်၍သာ စိစစ်ခွင့်ပြုသွားရန်ကိစ္စ၊ မော်တော်ယာဉ် တင်သွင်းခွင့်ပြုသည့်ကိစ္စ၊ ဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီများအနေဖြင့် ပြန်လည်ရင်းနှီးမြှုပ်နှံမှုအတွက် ပြည်ပသို့ ငွေလွှဲဆောင်ရွက်နေမှုအပေါ် စိစစ်ရန်ကိစ္စ၊ Export ရငွေနှင့်Re-export ရငွေများ ပြန်လည်ဝင်ရောက်ခြင်း ရှိ၊ မရှိ စိစစ်ဆောင်ရွက်ရန်ကိစ္စ၊ ပို့ကုန်အပေါ် သင့်တင့်သည့် အခွန်နှုန်းထားများ ဖြေလျှော့ပေးရေးအတွက် သုံးသပ်ရန်ကိစ္စများ အပါအဝင် နိုင်ငံခြားငွေရရှိမှုနှင့် သုံးစွဲမှုတို့ကို စိစစ်ထိန်းချုပ်နိုင်ေ ရး ဆောင်ရွက် နေသည်ကို တွေ့ရှိရသဖြင့် မူအားဖြင့် ကြိုဆိုရမည်ဖြစ်ပါသည်။ သို့ရာတွင် အမှန် တကယ် အကောင်အထည်ဖော်သည့် အခါ ခေတ်အဆက်ဆက်က နည်းဟောင်းကြီး များကို မသုံးမိစေရန်သတိပြုဆောင်ရွက်သင့်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ယခုကဲ့သို့ ငွေကြေးမတည်မငြိမ်ဖြစ်မှုသည် NLD အစိုးရလက်ထက်တွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်အထူး စိတ်ဝင်တစားရှိနေမှုကို တွေဝေသွားစေနိုင်ပါသည်။ တိုင်းပြည်၏တည်ဆောက် ရေးလုပ်ငန်းများ ရပ်တန့်သွားနို င်ပါသည်။ ကုန်ဈေးနှုန်းများတက်ပြီး ပြည်သူအများ စားဝတ်နေရေး ကျပ်တည်းမှုပိုလာနိုင်ပါသည်။ ဈေးကွက်တည်ငြိမ်မှု ပျက်ပြားပြီး အထွေထွေသော အကျပ်အတည်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ဖြစ်ရာ နိုင်ငံတော် အနေဖြင့် ငွေကြေးတည်ငြိမ်မှုရှိလာစေရေး အထူး အလေးပေးဆောင်ရွက်သင့်သော အခြေအနေဖြစ်ကြောင်း တိုက်တွန်းရေးသားဖော်ပြအပ်ပါသည်။
အယ်ဒီတာ