တင်ထားခဲ့သော ဝဋ်ကြွေးတစ်ခု

တင်ထားခဲ့သော ဝဋ်ကြွေးတစ်ခု
December 21, 2016 Asian Fame

1:21 pm
တင်ထားခဲ့သော ဝဋ်ကြွေးတစ်ခု

protest-roadside

ဝဋ်ကြွေးဆိုသည်မှာ အကျေဆပ်ခဲ့ရရိုး ထုံးစံရှိသည်ဟု ပြောသံကြားဖူးပါ၏။ အကျေမဆပ်ခဲ့နိုင်လျှင် သံသရာ ဆက်သွားနိုင်သည်တဲ့။ ယခုလည်း ”လမ်းဘေးဈေး သည်အရေး”မှာ စည်ပင်သာယာ အဆက်ဆက် ဖြေရှင်းခဲ့ရသည့် ကိစ္စဖြစ်ပါသည်။ ယခုထက်တိုင် ပြီး ပြတ်အောင် မဖြေရှင်းနိုင်သေး။ နည်းမျိုးစုံသုံးကာ အဖြေရှာခဲ့သော် လည်း အလုပ်မဖြစ်ခဲ့။ စည်းရုံးလှုံ့ ဆော်ရေးနည်းဖြင့် အပျော့ဆွဲဆွဲ ကြည့်သည်။ ပါမလာ။ ရိုက်မောင်း ပုတ်မောင်းပြုမည့်အသွင်ဖြင့် ခြိမ်း ခြောက် အရေးယူခဲ့သည်။ ဆေးရုံ ရောက်ခဲ့သည်သာ အဖတ်တင် သည်။ အလုပ်မဖြစ်ခဲ့။ ယခုလည်း ဆိုင်နေရာချထားကာ စမ်းကြည့် ပြန်သည်။ အချင်းချင်းဆိုင်နေရာ လုကာ ရန်ဖြစ်နေကြသည်ကို ဖြေ ရှင်းနေရသော အုပ်ချုပ်မှုကိစ္စသာ များလာနိုင်သည်။ ရန်ကုန်စည်ပင်အဖွဲ့အပေါ်တွင် တင်ထားခဲ့သော သံသရာဝဋ်ကြွေးတစ်ခုကို အကျေ မဆပ်နိုင်သေးဟု ဆိုရမလိုဖြစ်ပါ၏။

သည်အရေးကို တွေးရင်းစာ ရေး ဆရာကြီးသော်တာဆွေ၏ ”ဒန့်သလွန်သီးရောင်းသည့် ဇာတ် လမ်း”ကလေး ခေါင်းထဲဝင်လာ၏။ ထိုစဉ်က လူ့သဘော လူ့မနောကို ပီပီပြင်ပြင် ဖော်ပြနိုင်၍တော်တော် နာမည်ကြီးလိုက်၏။ မြန်မာ့အသံဇာတ်လမ်းပမာနားဆင်စရာကဏ္ဍတွင်ပင် ထုတ်လွှင့်ခဲ့ဖူးသည် ထင် မိ၏။ မသိမီလိုက်သူတို့အတွက် အတိုးချုံးကာ ဖော်ပြရလျှင် ယင်း ဇာတ်လမ်းထဲမှ ဇာတ်လိုက် ‘သော်တာဆွေ’ သည် အိမ်ခြံထွက် ဒန့်သလွန်သီးများကို ချစ်ဇနီးမေ၏တာဝန်ပေးမှုကြောင့် ဈေးသို့သွား သွင်းမည်ဟု အကြံဖြင့်ယူလာ စဉ် ဆွေလိုမျိုးလို ဖြစ်နေသော အိမ်နီး နားချင်းများက တောင်းဝယ်ကြသ ဖြင့် လက်သင့်သလို ရောင်းချဖြစ် လိုက်၏။ ဒန့်သလွန်သီးများလည်း ဈေးသို့ မရောက်တော့။ ပြဿနာ က ထိုအချိန်မှ အစပြုတော့သည်။ အရောင်းအဝယ်မကျွမ်းသော စာ ရေးဆရာဖြစ်၍ ဒန့်သလွန်သီးများ ကိုတောင်းဝယ်ကြသည့် ဈေးနှုန်း အမျိုးမျိုးနှင့် ရောင်းလိုက်တော့ ဈေးကြီးမိသွားသူ မိသွားသည်။ ဈေး ပေါပေါဖြင့် ရသူက ရလိုက်သည်။ အလကားဈေးဖြင့်ရသူက ရလိုက် ၏။ ဤတွင် တစ်ရပ်ကွက်လုံး ပွက် လော်ညံကာ သော်တာဆွေအား မျက်နှာလိုက်သည်။ မတရားဟူ၍ အမျိုးမျိုးဝိုင်းကာ အပြစ်ဆိုကြတော့သည်။ တကယ်တော့ မည်မျှပင် အဘက်ဘက်မှ ပြည့်စုံကောင်းမွန် စေရန် စဉ်းစားထားစေကာမူ တစ် ခါတစ်ရံလက်တွေ့၌ လိုကွက် ဟာ ကွက်များ တွေ့နိုင်သေး၏။ သော်တာဆွေကား အမှတ်မထင်ကြုံသ လို လုပ်သွားခြင်းသာဖြစ်သည်။ပြီး လျှင်ပြီးရောသဘောထားပုံ။ ”အ ရောင်းအဝယ်တတ်သည့် ဈေးသည် မှမဟုတ်ဘဲ၊ စာရေးဆရာကိုး”။ ဤ လမ်းဘေးဈေးသည်အရေး ဖြေ ရှင်းရာ၌လည်း စည်ပင်ဝန်ထမ်း များကို ဆရာကြီး သော်တာဆွေလို အပြောအဆို ခံရနိုင်သည်။ အ ကောင်းပြောခံရကိန်းတော့ မမြင် ချေ။ တစ်နည်းနည်းဖြင့် အပုပ်ချခံ ရကိန်းတွေ တွေ့နေရ၏။

”စကတည်းက ယဉ်သကိုး” ဆိုသလို ရန်ကုန်စည်ပင်ကလည်း ဈေးသည်များ နေရာချထား ရေး စီစဉ်ထားသည့်နည်းတူ ရန်ကုန်မြို့ တွင်းမြို့လယ်ရှိ အဓိကလမ်းမကြီး ၁၁ ခုပေါ်၌ ဈေးရောင်းချနေသော လမ်းဘေး ဈေးသည်များကို ရန် ကုန်စည်ပင်အဖွဲ့နှင့် ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၁ ရက်နေ့က စတင် ဖယ်ရှားခဲ့သည်။ စည်ပင်ထံမှလည်း သတင်းကြား၏။ ယင်းသို့ဖယ်ရှား ခံရသည့် ဈေးသည်များကို အခြား နေရာများတွင် ပြန်လည်နေရာချ ထားပေးရန် စီစဉ်ဆောင်ရွက်နေ သည်တဲ့။ ရန်ကုန်မြို့တွင်းတွင် အဓိကလမ်းမကြီး ၁၁ ခု ရှိ၏။ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်း၊ ဆူးလေ ဘုရားလမ်း၊ ရွှေတိဂုံဘုရား လမ်း၊ လသာလမ်း၊ လမ်းမတော် လမ်းနှင့် ဘုန်းကြီးလမ်း တို့ဖြစ်ကြ ၏။ ထိုလမ်းများမှာ ယာဉ်သွားလာ ခြင်း များပြားကျပ်တည်းကာ လူ စည်ကားသောလမ်းများ ဖြစ်ကြ သည်။ ယင်းလမ်းမကြီးများတွင် ဈေးရောင်းချခွင့် မရှိဘူးဆိုတော့ ဈေးရောင်းကောင်းမည့် နေရာ ဘယ်နေရာဖြစ်မည်လဲ။ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော် မတီကလည်း လမ်းဘေးဈေးသည် များ စနစ်တကျဈေးရောင်းချနိုင်ဖို့ နိုဝင်ဘာလ ၂၃ ရက်နေ့က ကမ်း နားလမ်း ညဈေးတန်းကို စတင်ဖွင့် လှစ်ပေးရှာသည်။ ရောင်းချခွင့်ရှိ သည့် ဈေးသည်များကို ကမ်းနား လမ်းသို့လည်းကောင်း၊ ကျန်ဈေး သည်များကို သင့်လျော်ရာလမ်းများ သို့လည်းကောင်း ပြောင်းရွှေ့ရောင်း ချရန် ကြေညာထားသည်တဲ့။ ကမ်း နားလမ်းတွင် ဈေးရောင်းချခွင့်ရှိ သော လမ်းဘေးဈေးသည်များမှာ တစ်ထောင့်ခြောက်ရာကျော်သာ ရှိသည်။ သူတို့က လောလောဆယ် တွင် ပြောင်းရွှေ့ရောင်းချကြသော် လည်း ကျန်ရှိသောဈေးသည် လေး ထောင်ကျော်မှာ လမ်းများအတွင်း ဝင်ရောက်ရောင်းချရန် အဆင်မ ပြေဘဲ ပြဿနာတက်မည်ဟု ဈေး သည်များက ထင်ကြ၏။

မှန်သင့်သလောက် မှန်နိုင် သည်။ စည်ပင်ပိုင် မြေပေါ်တွင်ဖြစ် သော်လည်း သည်လောက်များပြား သည့် ဈေးသည်များကို မည်သည့် အိမ်က အသာတကြည် ခွင့်ပြုပါ့ မည်နည်း။ ဟိုစဉ်က မိမိအိမ်ရှေ့ တွင် ဈေးရောင်းလျှင် တစ်လငွေ သုံးသိန်း၊ လေးသိန်းပေးရသည် ဟု ပြောသံကြားဖူး၏။ ဒါကလည်း လမ်းဘေးဈေးသည်များ နေ့စဉ်နှင့် အမျှ တွေ့ရမည့် အခက်အခဲဖြစ် သည်။ ”ရပါတယ်ကွာ”ဟု ခပ်ပေါ့ ပေါ့ သဘောထား၍မဖြစ်။ ယခုမှ ဖွင့်လှစ်ထားသော ညဈေးတန်းမှာ လည်း ဈေးသည်တစ်ထောင့်ခြောက် ရာ ကျော်အတွက်သာ နေရာရှိသ ဖြင့် မည်သည့်နည်းလမ်းနှင့်မှ ရာ ခိုင်နှုန်းပြည့် အဆင်မပြေနိုင်။ ထို့ ပြင် ယင်းညဈေးတန်း၌ သစ်သီး သည်နှင့် စားသောက်ဆိုင်တန်းတို့ ကိုသာ ဦးစားပေး နေရာချထားခဲ့ သည်ဆို၏။ ထိုညဈေးတန်း ဖွင့် လှစ်ထားရာနေရာတွင်လည်း ဆိုင် ခင်းကျင်းရင်း တုတ်တပြက် ဓားတ ပြက်နှင့် ရန်ဖြစ်ကြသေးသည်ဆို၏။

လက်တွေ့မြေပြင်၌ သိကြား မင်းကြီး နားကင်းကြီးဖြင့်ဆင်းကာ တန်ခိုးဖြင့် နွားကြီးဖန်ဆင်းပြလျှင် တောင် ချိုကတစ်မျိုးဖြစ်နေသည်၊ နားရွက်ကကုပ်လွန်းသည်၊ အမြီး ကလည်း တိုလွန်းသည်ဟု အမျိုး မျိုး အပြစ်ပြောကြမည့် ‘လူ’ဆို သည်မျိုးဆိုတော့ ဤလမ်းဘေး ဈေးသည် ပြောင်းရွှေ့သည့်ကိစ္စကို ဝေဖန်သံမျိုးမျိုး ပေါ်လာသည်။ ကာယကံရှင် အများစုဖြစ်သော ဈေးသည်များထံမှ ”ညဈေးတန်း လုပ်ပေးတာကောင်းသလား၊ မ ကောင်းဘူးလားဆိုတော့ တရားမျှ တမှုရှိရင် ကောင်းတာပေါ့” ဟူ၍ လည်းကောင်း၊ ”ည ၉ နာရီ လောက်ဆိုတာနဲ့ လူပြတ်နေပြီ။ သိမ်းဖို့ဆည်းဖို့နဲ့ အမှိုက်ပစ်ဖို့တော့ နည်းနည်းဒုက္ခရှိတယ်”ဟူ၍လည်း ကောင်း၊ ”ရေတွေအိမ်သာတွေ ထားပေးတာ တော်တော်လေး အဆင်ပြေပါတယ်။ ဒါပေမယ့် ပစ္စည်း ပြန်သိမ်းဖို့ကျတော့ အ တော်လေး အခက်အခဲရှိတယ်”ဟူ ၍လည်းကောင်း၊ အဆင်မပြေမှု များ ကိုရင်ဖွင့်ကြပြန်သည်။ ရန် ကုန် မြို့တော်သူ မြို့တော်သား အ များစုကမူ ”ကမ်းနားလမ်း ညဈေး အကောင်အထည်ဖော်တာ ကောင်း တယ်လို့ မြင်ပါတယ်။ ကမ်းနား လမ်းမှာ တစ်စုတစ်စည်းတည်း စားချင်တာကို စားနိုင်တယ်။ ဝယ် ချင်တာတစ်ခါတည်း ဝယ်နိုင် တယ်လို့ ထင်မိပါတယ်”ဟူ၍ လည်း ကောင်း၊ ”ရန်ကုန် ရဲ့ညဈေးကိုလာ ပြီးတဲ့သူတိုင်း စိတ်ထဲမှာအမြဲ အ မှတ်ရသွားအောင် သန့်ရှင်းမှု၊ စည်း ကမ်းရှိမှု၊ ရာသီအလိုက်ပွဲလေးတွေ လုပ်ပေးရင် ပိုပြီးစည်ကားလာပြီး လူတိုင်းလာကြမယ်လို့ ထင်ပါတယ်” ဟူ၍လည်းကောင်း၊ အကောင်း ဘက်မှ မြင်ပေးသူများလည်း ရှိကြ ပါသည်။

ရန်ကုန် စည်ပင်ဝန်ထမ်းများ ဘက်မှလည်း တာဝန်အမျိုးမျိုးကြား မှ လမ်းဘေးဈေးသည် ပြဿနာကို ကိုင်တွယ်ရာတွင်”အမှန်တကယ် ရောင်းချသူများကိုမူ နေရာများရှာ ဖွေပြီး နေရာချထားပေးမည်ဖြစ် ကြောင်း၊ ညဈေးတန်းအနေအ ထား နှင့်ဈေးသည်အရေအတွက် မှာ လုံလောက်မှု မရှိသေးကြောင်း၊ သို့သော်လည်း လုံလောက်အောင် အကောင်းဆုံးကြိုးစားနေကြောင်း၊ အစားအသောက်ဆိုင်နှင့် သစ်သီး ဆိုင်များကို အရင် နေရာရွှေ့ပြောင်း ခြင်းဖြစ်ကြောင်း၊ ပြီးတော့မှ အ ခြားကုန်စည်များ ပါလာမည်ဖြစ် ကြောင်း”အစရှိသဖြင့်မျှော်လင့် ထား ပုံရသည့် အသံများကြားရ သည်။ မြေပြင်အနေအထားတွင် လည်း ပန်းဆိုးတန်း ညဈေးတန်းမှ အောင်ရတနာလမ်းအထိ အိမ်သာ အတွဲခြောက်တွဲ ထားပေးထား သည်။ ညဈေးတန်းအတွက် စည် ပင်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းကာ အမြဲ တမ်းဝန်ထမ်း ၇ဝ ခန့် ရှိသည်။ ယင်းမှာ ပထမဦးဆုံးအကြိမ်ပင် ဖြစ်မည်။ ယခင်က စည်ပင်ဌာန အားလုံးပူးပေါင်းကာ အလှည့်ကျ တာဝန်ချ ထားခြင်းဖြစ်သည်။ ယခု လို သီးသန့်မဟုတ်။ သန့်ရှင်းရေး အတွက်မှာကား”ကိုယ့်အမှိုက် ကိုယ် ရှင်းစနစ်” ဖြစ်၏။ ရေမီး အစုံအလင်ပေးထားသဖြင့် အား နည်းချက်မဖြစ်အောင် ဘက်ပေါင်း စုံကြိုးစားထားပုံရသည်။

သို့ရာတွင် ”အများအကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါ ရှိခဲ့ပါမူ” ဆိုသောစကားလို ပြဿ နာဖြစ်တတ်သေး၏။ ယခုလည်း သူ့ထက်သူကဲတွေ တွေ့ရပြန်ပြီ။ ”မူလနေရာတွင် စည်းကမ်းရှိစွာ ဈေးရောင်းချ ခွင့်ပြုရန် ဖယ်ရှား ခံရသည့် လမ်းဘေးဈေးသည် နှစ် ရာကျော်ဆန္ဒပြ” ဟူ၍ သတင်း ပေါ်လာသည်။ ရန်ကုန်မြို့တွင်း လေးမြို့နယ်ရှိ လမ်းမများပေါ်တွင် လမ်းဘေးဈေး ရောင်းချမှုကြောင့် ဖယ်ရှားခံရသော ဈေးသည်များက ယခင်နေရာများတွင် စည်းကမ်းရှိ စွာ ပြန်လည် ဈေးရောင်းချခွင့်ပေး ရန်ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်တဲ့။ ထိုလေးမြို့နယ်ရှိ လမ်းမပေါ်များ တွင် လမ်းဘေးဈေး ရောင်းချခြင်း ကြောင့် ဖယ်ရှားခံရသောလမ်းဘေး ဈေးသည် လေးထောင်ကျော်ရှိ၏။ ထိုသူတို့အနက် ဈေးသည် ၂ဝဝ ကျော်က မော်တင်ခုံးကျော်တံတား မှစတင်၍ ဆူးလေဘုရားလမ်းအထိ လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ ကြခြင်းဖြစ်သည်။ဈေးသည်များ အား ပြန်လည်ဈေးရောင်းချခွင့်ပေး ရေး၊ ညဈေးတန်း ခြစားမှုများ ပြန် လည်စိစစ်ပေးရေး၊ ယခင်နေရာ များတွင် ရောင်းချခွင့်ပေးရေးနှင့် ဈေးသည်များထံမှ ပစ္စည်းသိမ်းဖမ်း ဆီးခြင်းများအား တားမြစ်ပေးရေး စသဖြင့် အချက်လေးချက်ကိုတောင်း ဆိုခဲ့ကြသည်။ မှားမှားမှန်မှန်တောင်း ဆို ဆန္ဒပြခြင်းသည် ဖက်ရှင်တစ်ခု လိုဖြစ်နေသော ယခုလို ဒီမိုကရေစီ ခေတ်ကြီးတွင် မိမိတို့လိုလားချက် များကိုတောင်းကြစေ။ ရသည်မရ သည်မှာ နောက်ခါလာ နောင်ခါ ဈေးဟု သဘောထားလိုက်မည်။

သက်ဝင်လှုပ်ရှား ရန်ကုန်မြို့ ၏လမ်းများ ပွဲတော်ကျင်းပထား သော မဟာဗန္ဓုလပန်းခြံလမ်းနှင့်ဘဏ်လမ်းကို ညနေဈေးအဖြစ် ဆက်လက် ဖွင့်လှစ်မည်တဲ့။ ထို့ပြင် ကမ်းနားလမ်း ညဈေးတန်းသစ်ဖွင့် လှစ်ထားသောနေရာတွင် နံနက်ခင်းဈေးဖွင့်လှစ်ခွင့်ပြုမည်ဖြစ် ကြောင်း ဈေးသည်များအတွက် သတင်းကောင်းပေါ်လာပြန်သည်။လမ်းမတော်မြို့နယ် ဝါးတန်းလမ်း နှင့် မော်တင်လမ်းကြား၊ ကမ်းနား လမ်းရှိ ညဈေးတန်း ဖွင့်လှစ်သည့် နေရာတွင် ထိုမြို့နယ်အတွင်းမှ အ သားငါးဆိုင်၊ ကုန်ခြောက်ဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်နှင့် အခြား စားသောက် ကုန်မျိုးစုံဆိုင်များ စုစု ပေါင်း ၂၅ဝ ဆိုင်ကို နေရာပေး၍ တရားဝင်ရောင်းချခွင့် ပေးထား သည်ဟုလည်း သတင်းကြားရသည်။ အပြုသဘောဆောင်သည့် မင်္ဂလာ သတင်းများဟု ဆိုရမည်။ ရေရှည် ထိန်းသိမ်းတည်တံ့နိုင်ရန် အရေး ကြီးပါသည်။ ထွက်ရှိမည့် အမှိုက် များ အချိန်မီရှင်းလင်းနိုင်ရန် လို အပ်သကဲ့သို့ လုံခြုံရေးကိုလည်းဂရု ပြုရမည်ဖြစ်ပါသည်။

ဈေးနေရာများ နေရာအနှံ့ ဖွင့်လှစ်ထားသဖြင့် နောင်တွင် ရန်ကုန်သားများအားလုံးလိုလိုမှာ ဈေးအရောင်းအဝယ်ကျွမ်းကျင်သူ များသာဖြစ်သွားမည်ကို စိုးရိမ်မိပေ သတည်း။ မည်သို့ပင်ဆိုစေ သံမဏိ စိတ်ထားဖြင့် စည်ပင်ဝန်ထမ်းများ ဆက်လက်တောင့်ခံထားနိုင်ကြပါ စေဟု ဆုတောင်းလျက်ရှိပါသည်။တစ်ခုတော့ သတိထားသင့် သည်။ လမ်းဘေး ကျူးကျော်ဈေး ရောင်းချခြင်းဆိုသည်မှာစည်းစနစ် ကျနသော စီးပွားရေးလုပ်ငန်းမျိုး မဟုတ်။ ဆင်းရဲသည်ပြောပြော၊ ချမ်းသာသည်ဟုပင်ဆိုဆို ရေရှည် လက်ခံထားသင့်သည့်အနေအထား မဟုတ်ဟုယူဆမိပါသည်။ လမ်း ဘေးဈေးသည်များ ဈေးရောင်း ကောင်းမှုကြောင့် တိုးတက်ကြီး ပွားသွားသော တိုင်းနိုင်ငံမျိုး မမြင် မိသေး။ ယင်းအချက်ကို ငြင်းချက် ထုတ်လိုက ထုတ်နိုင်ပါသည်။ ဒီမို ကရေစီစနစ်ကိုဖော်ဆောင်နေသော နိုင်ငံဖြစ်သည်ဟုဆိုထားသဖြင့် မည်သို့ပင်ဖြစ်ဖြစ် လက်ခံလိုက လည်း လက်ခံနိုင်ပါသည်။ ငြင်း ပယ်လိုပါကလည်း ငြင်းပယ်နိုင်ပါ သည်။ မိမိအတွေးအမြင်အရမူ သည်လမ်းဘေး ဈေးသည်အလုပ် မှာ မိမိတို့ငယ်စဉ်က မည်ကာမတ္တ သာရှိကြပါသည်။ ခေါင်းရွက်ဗျပ် ထိုးဈေးသည်မျိုး၊ အမျိုးဘုန်းကြီး ကျောင်းတွင်တည်းကာ အညာမှ ဆီးသီးများ၊ အချိုအချဉ်ကလေးများ လာရောက်ရောင်းချကြသည်။ စီးပွားရေးလုပ်ငန်းကြီးကြီးကျယ်ကျယ်မဟုတ်။ ယာယီအစီအစဉ်သာ။

တကယ်တမ်း တွက်ကြည့်လျှင် တိုင်းပြည်တစ်ခုလုံး ဆင်းရဲတွင်း နက်ခဲ့သဖြင့် တောနှင့်မြို့တို့၏ကွာဟမှု များလာသည်။ တောနယ် ၌ ထမင်းစားလောက်သောလုပ်ငန်း မရှိဟု မြင်လာကြသည်။တောမှ လူငယ်လူရွယ်များ အလုပ်အကိုင် ရရှိရေးအတွက် မြို့ပေါ်တက်ကြ ရသည်။ တချို့စွန့်စားရဲသူများက ပြည်ပနိုင်ငံများတွင် စီးပွားသွား ရှာကာ အိမ်သို့ငွေပြန်ပို့ကြရ သည်။ တောနယ်များတွင်ဖြစ်ထွန်း ရန် အလားအလာကောင်းသော လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကိုမူ ခေတ်အဆက်အဆက်က ဟန်ပြ သာ အားပေးခဲ့ကြသည်။ တစ်ချိန် က သီချင်းတကြော်ကြော်ဆိုကာ စည်ကားခဲ့သော လယ်ကွင်းများမှာ ပျိုးနုတ်သူ၊ ကောက်စိုက်သူ၊ လယ် ထွန်သူ၊ စပါးရိတ်သူများကိုမျှော် လင့်နေကြရသည်။ ယင်းသို့ဖြင့် တစ်နေ့ထက်တစ်နေ့ အလုပ် အကိုင် ရှားပါးလာခြင်းနှင့် ဆင်း ရဲတွင်းနက်သည်ထက်နက်လာခြင်း တို့မှာ အခြေခံအကြောင်းရင်း အဖြစ် ပေါ်ပေါက်လာသည်။ ထို အကျိုးတရားအဖြစ် မြို့ပေါ်တွင် လူဦးရေ ဒီရေအလားတိုလာခြင်း၊ ရမိရရာ ဖမ်းဆုပ်လာကြသော အ လုပ်များအနက် လမ်းဘေးဈေး သည် အလုပ်မှာလွယ်လင့်တကူ အရနိုင်ဆုံး လုပ်ငန်းမျိုးဖြစ်လာ သည်။ ယခုမူ ဤလုပ်ငန်းမှာစီးပွား ရေးလုပ်ငန်းကြီးတစ်ခု အလားထင် ရ၏။ စည်ပင်မြေပေါ်တွင်ကျူး ကျော် ဈေးရောင်းခြင်းမှာ မိမိ ဆင်းရဲခြင်းကြောင့် ရပိုင်ခွင့်ကြီး တစ်ခုကို လက်ဝယ်ရောက်ရှိလာ သည့်အလား အချို့က ယူဆကြပုံ ရသည်။

ကနဦးကတည်းက ရှင်းစရာရှိသည်များကိုရှင်းထားမှ။ ယင်းသို့ မရှင်းနိုင်လျှင် ဖြေရှင်းရသည်များ ပို ပိုလာမည်ဆိုခြင်းကို သတိထား သင့်သည်။ လမ်းဘေးဈေးသည် ပြဿနာများကို နိုင်ငံတကာတွင် မူကွဲအမျိုးမျိုးဖြင့် ထိန်းချုပ် နေကြနေကြသည်။ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာ ပူနှင့် မလေးရှားစသော နိုင်ငံများတွင်လည်း နေရာအတည်တကျ သတ်မှတ်ပေးထားသည်။ စင်ကာပူ ကမူ စည်းကမ်းစနစ်အကျနဆုံး ဖြစ်မည်။ ညနက်ပိုင်းဈေးရောင်းပြီးလျှင် ကိုယ်ရောင်းချသည့်ပစ္စည်း နှင့်အမှိုက်သရိုက်ကအစ မတွေ့ ရတော့ချေ။ အမှန်ဝန်ခံရလျှင် မိမိ တို့မြန်မာလူမျိုးက အခြားလူမျိုး များလိုမဟုတ်။ အားနာတတ်သည်။ နားလည်မှုထားတတ်သေး ၏။ လျှော့ပေးလျှင်လည်းပတ်မည်။ တင်းလွန်းလျှင်လည်း ပြတ်မည်။ တောင်းဆိုချက်များ မရ၍ထပြီး ဆန္ဒပြနေကြလျှင်မလွယ်။မည်သို့ ဆိုစေ စောင်းကြိုးကိုမလျှော့ မတင်းထားသဖြင့် သာယာသော စောင်းသံ ထွက်စေနိုင်သကဲ့သို့ ရေရှည် စနစ်တကျဆောင်ရွက် နိုင်ရန် လိုပါသည်။

တကယ်တော့ တရားသဘော အရ စဉ်းစားကြည့်လျှင် စည်ပင် ဝန်ထမ်း၊ စည်းကမ်းထိန်းသူနှင့် လမ်းဘေး ဈေးသည်များဟူ၍ ဆို ရခြင်းမှာ ပညတ်သဘောအရ မှန် သလိုလို ရှိသော်လည်း ပရမတ် သဘောအရ တကယ်အရှိတရား မဟုတ်မူ၍ ယခုဖြစ်ပေါ်နေသော အခြေခံအကြောင်းရင်းမှန်နှင့် ပေါ်ပေါက်လာမည့် အကျိုးဆက် တို့ကိုသာ လက်တွေ့ကျကျနှင့် ဂဃနဏ ခွဲခြားဖော်ထုတ်နိုင်ရန်လိုအပ်ပါကြောင်း။

ဘိုငြိမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*