ပုဒ်မ ၆၆ (ဃ)က ပုဒ်မ ၅ (ည)ကို လုယူလိုက်တယ်

ပုဒ်မ ၆၆ (ဃ)က ပုဒ်မ ၅ (ည)ကို လုယူလိုက်တယ်
December 14, 2016 Asian Fame

8:14 am
ပုဒ်မ ၆၆ (ဃ)က ပုဒ်မ ၅ (ည)ကို လုယူလိုက်တယ်

myat-hlaine-article

ကျွန်တော့်ကို စစ်အစိုးရလက်ထက်မှာ စစ်ခုံရုံးဖွဲ့ပြီး ထောင် ၁ဝ နှစ်ချခဲ့တာ ပုဒ်မ က ၅ (ည)နဲ့ပါ။ အဲဒီတုန်းက ပုဒ်မ၅(ည) တွေ ဟာ ထောင်ထဲမှာ ပုံသဏ္ဌာန်မျိုး စုံပါ။ နိုင်ငံရေး ခေါင်းဆောင်တွေ လည်း ၅ (ည)၊ နိုင်ငံရေး တက်ကြွသူတွေလည်း ၅ (ည)၊ ကျောင်း သားခေါင်းဆောင်တွေလည်း ၅ (ည)၊ ဘီဘီစီ၊ ဘီအိုအေ ခိုးနား ထောင်သူတွေလည်း ၅ (ည)၊ တိုး တိုးတိတ်တိတ် ကြိတ်ပြီး နိုင်ငံရေး စကားပြောသူတွေလည်း ၅(ည)၊ စစ်အစိုးရကို ဆန့်ကျင်ပြီး ခိုးရေး သား ဖြန့်ဝေသူတွေလည်း ၅(ည)၊ ရပ်ကွက်ထဲ အချင်းချင်း မတည့်လို့ ရန်ထဖြစ်သူတွေလည်း ၅(ည)၊ နောက်ဆုံး ထဘီခိုးတဲ့ သူလည်း ၅ (ည)၊ ပြောရမယ်ဆိုရင် ၅ (ည) ဆိုတဲ့ ပုဒ်မကို ကိုင်ပြီး ဖမ်းချင်တဲ့ သူကိုဖမ်း၊ ထောင်ချ ချင်တဲ့သူကို ထောင်ချချင်သလောက်ချ။ ၅ (ည)ကိုကိုင်ပြီး ပြည်သူတွေ မလှုပ် နိုင်အောင်ကိုင်ထားခဲ့တယ်။ ပြည် သူတွေ ကြောက်အောင် ခြိမ်း ခြောက်ခဲ့တယ်။ ပြည်သူတွေလည်း ၅ (ည)ကို ကြောက်ခဲ့ကြတယ်။

တကယ်ဆိုရင် ၅(ည)ဆိုတာ အရေးပေါ်အက်ဥပဒေပါ။ အဲဒီ ပုဒ်မနဲ့ ပြည်သူပေါင်းများစွာကို ဖမ်းခဲ့တယ်။ ထောင်ချခဲ့တယ်။ ထောင်ထဲမှာ ၅(ည)တွေကို သေ အောင်ညှဉ်းပန်းနှိပ်စက်ခဲ့တယ်။ မိသားစုပေါင်းများစွာရဲ့ ဘဝတွေပျက်စီးအောင်လုပ်ခဲ့တယ်။ ၅(ည)ကို အသုံးချပြီး နိုင်ငံရေးသမားတွေ၊ ကျောင်းသားခေါင်းဆောင်တွေကို သိမ်းသွင်းခဲ့တယ်။ ထောင်ထဲက လွှတ်ပေးချင်တဲ့သူတွေကို လွှတ်ပေးခဲ့တယ်။ အခု ဒီမိုကရေစီခေတ် မ ရောက်တရောက်ကာလမှာ ၅(ည) ကို လွှတ်တော်က ဖျက်သိမ်းလိုက်တယ်။ ဒီလိုဖျက်သိမ်းလိုက်တာကို နိုင်ငံရေးနယ်ကသူတွေ၊ စာပေ နယ်ကသူတွေသာမက ပြည်သူ တွေပါ ဝမ်းသာခဲ့ကြတယ်။ နိုင်ငံ ရေး အကျဉ်းသားဆိုသူတွေ မရှိ တော့ဘူးပေါ့။ ပုဒ်မ ၅(ည)နဲ့စဖမ်း ပြီဆိုတာနဲ့ အာမခံမရတဲ့ ပုဒ်မ မဟုတ်လား။ ဒီဖျက်သိမ်းလိုက်တဲ့ ပုဒ်မ ၅(ည)ကို အုပ်ချုပ်သူတွေ ဘက် တစ်ဖက်တည်းက ကိုင်တွယ် အသုံးချခဲ့တာပါ။ အဆိုးဆုံးက အသေရေဖျက်တယ်ဆိုတဲ့ အချက်ပါ ပဲ။ စစ်အစိုးရလက်ထက်မှာ ပြည်သူက တရားပြန်စွဲလို့မရပါဘူး။

ပုဒ်မ ၅(ည) ပျက်ပြီးတော့ နာမည်ကြီးလာတာက ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ ၆၆ ပါ။ ပုဒ်မ ၆၆ နဲ့ အမှုဖွင့်ခံရသူက အာမခံမရပါဘူး။
ကျွန်တော်တို့ မြင်းခြံထောင် ထဲကအကြောင်းကို သတိရမိတယ်။ စစ်အစိုးရလက်ထက်မှာ နာမည် အကြီးဆုံး ထောင်ထဲကတစ်ခုပေါ့။ နိုင်ငံရေး အကျဉ်းသားတွေကို သီး သန့်ထားတဲ့ သီးသန့်တိုက်ထဲမှာ ကျွန်တော်တို့ကို မနက်ထောင်ဖွင့် ချိန်တစ်ခါ၊ ညနေထောင်ပိတ်ချိန် တစ်ခါ ပုံစံထိုင်ခိုင်းပြီး စည်းကမ်း ချက်တွေ ဖတ်ပြတယ်။ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားတွေက နယ်ပယ်အသီး သီးက ခေါင်းဆောင်ဆိုသူတွေပါ။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းဆရာတွေ၊ ရှေ့နေတွေ၊ စာရေးဆရာတွေ၊ စစ်ဗိုလ်ဟောင်း ကြီးတွေ ပါဝင်ပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေ ကို စည်းကမ်းထိန်းတယ်ဆိုသူတွေ ဆိုတာ မုဒိမ်းသမားတွေ၊ဓားပြတွေ၊ လူသတ်သမားတွေ၊ လူလိမ်တွေပါ ပဲ။ ဒီလူတွေရဲ့ အုပ်ချုပ်မှုအောက် မှာ ဘာလေးပဲ ဖြစ်ဖြစ် မလှုပ်နိုင် အောင် ရိုက်နှက် နှိပ်စက်မှုမျိုးစုံ ကျင့်သုံးခဲ့ကြတယ်။ ပြောချင်တာ က ပညာတတ်တွေ လိုက်နာဖို့သူ ခိုးဓားပြ လူသတ်မုဒိမ်းကောင်တွေက စည်းကမ်းချက်တွေ ရွတ်ပြကြ တယ်။ အဲဒီစည်းကမ်းချက်တွေ အရှည်ကြီး ရွတ်ပြမယ့်အစား အခန်းတံခါးဖွင့်ပြီး ဝင်ရိုက်ချင်သလို ဝင်ရိုက်မယ်ဆိုတာကို ပြော လိုက်တာပါပဲ။ ပြောမယ်ဆိုရင် သောက်မြင်ကတ် ပုဒ်မပေါ့။ အခု ခေတ်မှာဖျက်သိမ်းလိုက်တဲ့ ပုဒ်မ ၅(ည) လိုပါပဲ။

အခု အစားထိုးဝင်လာတာက စစ်အာဏာရှင် လက်ထက်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ်ရေး အက်ဥပဒေ ၆၆ ပါပဲ။ သိပ်အသုံးမချခဲ့ပါဘူး။ သိပ်အသုံး မချခဲ့လို့ ဒီပုဒ်မဟာ နာမည်မကြီးခဲ့ဘူး။ အခု ဒီမိုကရေစီ ခေတ်အစမှာ နာမည်ကြီးလာပါတယ်။ ပြည် သူတွေ မေးမြန်းပြောဆိုတဲ့အထိ နာမည်ကြီးလာတဲ့ပုဒ်မပါ။ အရင် က ဆက်သွယ်ရေးပုဒ်မဆိုတာ ငါတို့နဲ့မဆိုင်ဘူး အထင်နဲ့ စိတ် မဝင် စားခဲ့ကြပါဘူး။ အခု မီဒီ ယာတွေကလည်း သူတို့ကို ဝေဖန် ရင် ဒီ ၆၆ ကို ကိုင်ပြီး တရားစွဲ တယ်။ လူမှုကွန်ရက်ပေါ်မှာလည်း အသရေဖျက် ရေးသားတင်ပြမှု တွေနဲ့ ပြည်သူအချင်းချင်း တရားစွဲ တယ်။ပြည်သူအချင်းချင်း အစိမ်းက အနီကို ဒီပုဒ်မကိုင်ပြီး တရားစွဲ၊ အနီကလည်း အစိမ်းကို ဒီပုဒ်မနဲ့ တရားစွဲ၊ အရင် ၅(ည)လို အစိုးရ တစ်ဖက်တည်းက ကိုင်စွဲထားသလို မဟုတ်တော့ပါဘူး။ ဘက်နှစ်ဖက် စလုံးက ကိုင်စွဲပြီး တရားစွဲမှုတွေ ပေါ်လာနေပါပြီ။

လွတ်လပ်စွာ ရေးသားပြောဆို ခွင့်အပါအဝင် ပြည်သူတွေရဲ့ လွတ်လပ်စွာ နေထိုင်ပြောဆိုခွင့် တွေကို ကျဉ်းကျပ်သွားစေပါလိမ့် မယ်။ လက်ရှိအစိုးရကို ပြည်သူ အများစု ထောက်ခံခဲ့ကြတာ၊ ထောက်ခံ အားပေးနေကြတာ ဘယ်သူ့ကြောင့်လဲဆိုတာ၊ ဘာ ကြောင့်လဲဆိုတာ သိကြမှာပါ။ပြောရရင် စာနယ်ဇင်းလောကကို ကျဉ်းကျပ်သွားစေသလို ပြည်သူတွေကိုလည်း အကြောက်တရားအသစ် ပြန်မွေးဖွားပေးလိုက်သလို ဖြစ်သွားပါတယ်။ ပြည်သူ တွေ အနေနဲ့ လူမှုကွန်ရက်ဆိုတာ လွတ်လပ်ခွင့် အပြည့်ရတယ်ဆိုတဲ့ လွတ်လပ်ပျော်ရွှင်နေမှုကို ဒီဆက်သွယ်ရေး ပုဒ်မ ၆၆ က အကြောက်တရားကို ပြန်ပေးလိုက်တာပါပဲ။

အခု အရင် စစ်အစိုးရလက်ထက်မှာ ပျက်စီးနေတဲ့ ဌာနဆိုင်ရာတွေမှာ အထက်အရာရှိကို အောက်ခြေဝန်ထမ်းတွေက သူတို့ ခံစားခဲ့ရတာတွေ၊ ခံစားနေရတာတွေကို ရင်ဖွင့်ဖို့တောင် ဒီပုဒ်မ ၆၆ နဲ့ ခြိမ်းခြောက်လိုက်ရင် ကြောက်သွားပါတယ်။ အရင်အစိုး ရလို ပြန်ဖြစ်သွားတော့မှာလားလို့ စိုးရိမ်စရာပါပဲ။စာနယ်ဇင်းတွေကလည်း သူ တို့ ဂျာနယ်မှာ ပြည်သူအများစု ထောက်ခံအားပေးနေတဲ့ အဲ့ဒီ အစိုးရကို ဝေဖန်ဖို့တောင် စောင်ရေကျမှာ စိုးရိမ်နေရတဲ့ အခြေ အနေမှာ ဒီပုဒ်မ ၆၆ က ဝင်ပြီး ခြိမ်းခြောက်လိုက်တော့ လွတ်လပ်စွာ ရေးသားခွင့်တွေ ဆုံးရှုံးကုန်ပါလိမ့်မယ်။

အခု ဒီမိုကရေစီခေတ်အစ အရပ်သားအစိုးရဆိုတာ NLD အစိုးရပါပဲ။ ကျွန်တော့် အနေနဲ့ ထဲထဲဝင်ဝင်ရှိခဲ့ပါတယ်။ NLD ရဲ့ အဓိကကျတဲ့ အဲဒီ အချိန်တုန်းက တစ်စောင်တည်းသော စာစောင်ကို တာဝန်ယူခဲ့ဖူးသူပါ။ NLD မှာ အဲဒီအချိန်တုန်းက အင်အားကြီးအုပ်စုနှစ်စုက အရေးပါခဲ့ပါတယ်။ တစ်အုပ်စုက မျိုးချစ်အုပ်စုနဲ့ တစ်အုပ်စုက တတ်သိအုပ်စုပါ။ သိသူ များရှိနေကြပါတယ်။ ကျွန်တော်က ဗဟိုတတ်သိမှာပါခဲ့ပါတယ်။ ဒီလို ပြောနေရတာ ကျွန်တော့်အကြောင်းကို ပြောချင်လို့မဟုတ်ပါဘူး။ ကျွန်တော် NLD မှာ ဘယ်လောက်ထိ ထဲထဲဝင်ဝင်ရှိခဲ့သလဲဆိုတာ သိစေချင်လို့ပါ။

NLD မှာ အခုလက်ရှိ ဦးဆောင်နေကြတဲ့ သူတွေအကြောင်းလည်း သိပါတယ်။ NLD ကို သံယောဇဉ် ကြီးခဲ့ပါတယ်။ NLD ပါတီ ရဲ့ အမှားတွေ၊ NLD အစိုးရရဲ့ အမှားတွေ ထောက်ပြဝေဖန်ချင်ပါတယ်။ ဒါပေမယ့် NLD ပါတီနဲ့ အစိုးရကို ထောက်ပြဝေဖန်တဲ့ ကျွန်တော့်ရဲ့ဆောင်းပါးတွေကို ဂျာနယ်တွေက ထည့်ရမှာကြောက် နေတာကိုပြောချင်တာပါ။ ပြည်သူတွေ တစ်မျိုးထင်ပြီး ဂျာနယ်ထိခိုက်မှာ၊ စောင်ရေကျသွားမှာကိုပါ။ အခုဆက်သွယ်ရေးပုဒ်မ၆၆ နာမည်ကြီးလာတော့ ပိုဆိုးကုန်တော့မှာပါ။

NLD အစိုးရရဲ့ အားနည်းချက်တွေ၊ လုပ်ရပ်အမှားတွေ၊ နေရာရွေးချယ်မှု အမှားတွေကို ထောက်ပြဝေဖန်မယ့်သူတွေ မရှိရင် NLD အစိုးရအတွက် မကောင်းတဲ့ဖြစ် ရပ်ဖြစ်သလို စာနယ်ဇင်းလွတ်လပ်ခွင့်တွေလည်း ဆုံးရှုံးကုန်ပါလိမ့်မယ်။ အဆိုးဆုံးကတော့ ပြည်သူတွေရဲ့အကြောက်တရားက လွတ်မြောက်ဖို့ မျှော်လင့်ချက်နဲ့၊ လူ့အ ခွင့်အရေးအာမခံချက်တွေ ပျက်စီးကုန်မယ့်အခြေအနေ ဖြစ်သွားပါလိမ့်မယ်။ နောက်ဆုံး ပြောချင်တာက လွတ်လပ်ခွင့်ပေါင်းစုံ ဆုံးရှုံးရမယ့် အနေအထားရောက်အောင် ဒီ ဆက်သွယ်ရေးပုဒ်မ ၆၆ က ခြိမ်း ခြောက်နေပြီဖြစ်သလို မလိုအပ်ဘဲ အမှုတွေ အများကြီး ပေါ်ပေါက်လာမယ့် အခြေအနေကို စိုးရိမ်မိပါတယ်ခင်ဗျာ။

မြတ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*