မိတ်ဝတ်မပျက် ဆောင်ရွက်စီမံ

မိတ်ဝတ်မပျက် ဆောင်ရွက်စီမံ
December 7, 2016 Asian Fame

5:49 am
မိတ်ဝတ်မပျက် ဆောင်ရွက်စီမံ

အယ်ဒီတာ့အာဘော်

 မလေးရှားနိုင်ငံတွင် ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်၊ တနင်္ဂနွေနေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကို မြန်မာအစိုးရကိုင်တွယ်ဖြေရှင်းရာတွင် အစ္စလာမ်ဘာသာဝင်များအပေါ် နှိပ်ကွပ်မှု များရှိသည်ဟုစွပ်စွဲကာ ကျင်းပပြုလုပ်သော ဆန္ဒပြပွဲကို မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ကိုယ်တိုင် ဦးဆောင်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဆန္ဒပြပွဲတွင် မလေးရှားဝန်ကြီးချုပ်က ပကတိဖြစ်စဉ်ဖြစ်ရပ်များနှင့် များစွာကွာခြားလှသည့် မဟုတ်မမှန်လုပ်ကြံသည့် သတင်း များ အပေါ် အခြေခံပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အပေါ် ပြင်းပြင်းထန်ထန်ဝေဖန် စွပ်စွဲမှုများ ပြုလုပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ်မှာ အကြမ်းဖက်သမားများက လုံခြုံရေးတပ်စခန်းများကို ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်၍ အင်အား အလုံးအရင်းအသုံးပြုကာ တစ်ပြိုင်နက်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး အရာရှိ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ခြင်း၊ ဒဏ်ရာရရှိခဲ့ခြင်းနှင့် လက်နက် ခဲယမ်း မီးကျောက်များ ဆုံးရှုံးခဲ့ရခြင်းများမှ အစပြုခဲ့သည်ကို အားလုံးအသိ ပင်ဖြစ်ပါသည်။

တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ဆောင် ရွက်နေစဉ် တွင်ပင် အကြမ်းဖက်သူများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်မှုအကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပါသည်။ နယ်မြေ ရှင်းလင်းရာတွင် ထိတွေ့မှုဖြစ်စဉ်များ၊ ဖမ်းဆီးရမိမှုများ၊ အကြမ်းဖက် သူဟုယူဆသူများအား ဖမ်းဆီးစစ်ဆေးမှုများ၊ ပြန်လည်လွှတ်ပေးမှုများ အပါအဝင်   ဖြစ်စဉ်အသေးစိတ်ကို အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန် ပေးလျက်လည်းရှိပါသည်။

သို့ဖြစ်ရာ မလေးရှားဝန်ကြီးချုပ်၏ ယခုလုပ်ရပ်သည် အာဆီယံနိုင်ငံများ၏ ပဋိညာဉ်စာတမ်းပါ တစ်နိုင်ငံ၏ပြည်တွင်းရေးကို အခြား တစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုရ ဟူသော မူကို ချိုးဖောက်ရာရောက်သည့်အပြင် အကြမ်းဖက် အစွန်းရောက်မှုများကိုလည်း အားပေးအားမြှောက်ပြုရာကျပါသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း ဥပဒေနှင့်အညီမှီတင်းနေထိုင်ကြကုန်သော အစ္စလာမ် ဘာသာဝင် များကိုလည်း အနေကျပ်စေပါသည်။ လူမှုအသိုက်အဝန်းများအကြား ဘာသာရေး၊ လူမျိုးရေးအခြေခံ ပဋိပက္ခများပေါ်ပေါက်လာရေး တွန်းအားပေး သည့်သဘော သက်ရောက်နေပါသည်။

ထို့အပြင် ဝန်ကြီးချုပ်နာဂျစ်အနေဖြင့် မလေးရှားရင်းဂစ် ၂ ဒသမ ၆၇ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ခန့်) ကိုယ်ပိုင်ငွေစာရင်း ထဲသို့ရောက်ရှိနေမှု အတွက် လတ်တလောတွင် စုံစမ်းစစ်ဆေးမှုခံယူနေရကာ လူထုထောက်ခံမှု ကျဆင်းနေချိန်တွင် ယခုကဲ့သို့ ဘာ သာရေး၊ လူမျိုးရေးကို အသုံးချ၍ လူထုထောက်ခံ မှု ပြန်လည်ရရှိလာစေရေးအတွက်ဆောင်ရွက်လာသော အဆင်ခြင်မဲ့လုပ်ရပ်တစ်ခု သာဖြစ်သည်ဟု ရှုမြင်ပါသဖြင့် မလေးရှားဝန်ကြီးချုပ်၏ လုပ်ဆောင်ချက်ကို  ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြ အပ်ပါသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့သည် မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်တွင် လက်ခံတွေ့ဆုံစဉ် ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု ခံရပြီးနောက်ပိုင်း မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းမှားများ ပျံ့နှံ့နေမှု၊ ယင်းသို့ သတင်းမှားများ ပျံ့နှံ့မှုများကြောင့် အထင်အမြင်လွဲမှားမှုများ မြင့်တက်နေမှု၊ အစိုးရသစ်လက်ထက် ကိုင်တွယ်ဖြေရှင်းရာတွင် တည်ဆဲ ဥပဒေများ၊ လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကာ အာဆီယံနိုင်ငံအချင်းချင်း မိတ်ဝတ် မပျက်စေရေးကို ရှေးရှု၍ သံတမန်ဆန်ဆန် ဆောင်ရွက်နေမှုကို နားလည်နိုင် သော်လည်း မလေးရှားဝန်ကြီးချုပ်၏ ယခုလုပ်ဆောင် ချက်ကိုမူ နိုင်ငံခြားရေးဝန် ကြီးဌာနမှဖြစ်စေ၊ အာဆီယံအသင်းကြီးမှ တစ်ဆင့်ဖြစ်စေ သင့်တော်သော သံတမန် နည်းလမ်းတစ်ခုသုံး၍ တရားဝင် တုံ့ပြန်မှု တစ်ခုခု ပြုသင့်ပါကြောင်း တိုက်တွန်း ရေးသား ဖော်ပြအပ်ပါသည်။

အယ်ဒီတာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*