မရေရာခြင်းများစွာကြားမှ သေချာမှုတချို့

မရေရာခြင်းများစွာကြားမှ သေချာမှုတချို့
November 18, 2016 Asian Fame

5:55 am
မရေရာခြင်းများစွာကြားမှ သေချာမှုတချို့
In Articles

min-tin-article

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်စာလုံး ကမ္ဘာ့အထင်ကရ ဖြစ်ရပ်တွေ၊ ပြောဆိုချက်တွေ၊ နိုင်ငံရေး စီးပွားရေး လူမှုရေး၊ ယဉ်ကျေးမှု မျဉ်းပြိုင်သုံးကြောင်းကိစ္စတွေ၊ တွေ့ရှိချက်နှင့် အိုင်ဒီယော်လော် ဂျီဆိုင်ရာတွေ စသဖြင့်များကို သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တို့ တွင် ခြုံငုံဆွဲထုတ်ပြကြသော နိုင်ငံ တကာ အင်စတီကျုများ၊ သတင်း အေဂျင်စီကြီးများ၊ သတင်းစာဂျာ နယ်၊ မဂ္ဂဇင်းများထဲမှာ အာလျတွေ့သည်တို့ရော၊ မသိမဖြစ်သည် တို့ပါ ရက်သတ္တပတ် ကုန်ဆုံးရက် တိုင်း မလေ့လာမဖြစ် လေ့လာသုံး သပ်၊ သိမ်းဆည်းသင့်ရာသိမ်း၊ ရေးသင့်ဖတ်သင့်တာဖတ်၊ ရေး၊ ဒီ အလေ့အထလုပ်ခဲ့တာ ဆယ်စုနှစ် မကတော့ပါ။ ပျက်ကွက်လျှင်လည်း တစ်ပတ်တလေပဲ ဖြစ်၏။ ထိုရက် သတ္တပတ်ကုန်ဆုံးရက်တွေ အလွန်အားလျှင်၊ အချိန်ရသည်နှင့် ပြန်ရှာဖွေကြည့်ဖြစ်ပါ၏။

ယခုတစ်ပတ်၊ ပြီးခဲ့သည့် ရက် သတ္တပတ်အတွက် တစ်ပတ်စာရီဗျူး ပြန်လုပ်ချိန်မှာတော့ ဒေါ်နယ်ထရမ့်၊ ယူအက်စ်၊ ကမ္ဘာလုံးဆိုင်ရာ ဆက်စပ်ချက်၊ အမြင်အယူအဆ စသည်တို့ကသာ သတင်းအေဂျင် စီများ၌ပင်မကဘဲ ပညာရှင် အင်စတီကျုကြီးအများစုကိုပါ ဖုံးလွှမ်း ထားနေခဲ့ပါတော့၏။ နိုင်ငံတကာ မှာရော၊ ပြည်တွင်း၌ပါ ဖြစ်သည်။ ဘရွတ်ကင်းစ်အင်စတီကျု၊ နိုင်ငံခြားဆက်ဆံရေးကောင်စီ(CFR))၊ World Politics Review ၊ အီကောနော်မစ်၊ The Atlantic This Week? The World Post ၊ ဂါးဒီးယန်း၊ ယခုတစ်ပတ်ကမ္ဘာ၊ ဖောရင်းပေါ်လစီ၊ ဟဒ်ဆန်အင်စတီကျု … ရေးပြနေရလျှင် အတော်ရှည်လျားသော စာရင်းတစ်စောင် ဖြစ်နေမည်။ တူရာစုပေးသော ဝက်ဘ်ဆိုက်များမှာ စာရင်းရှည်ထောင်နှင့်ချီ၍ နေ့စဉ်တက်နေကာ ၁၂ ရက် ကြာလာသည်အထိ ဒေါ်နယ်ထရမ့် နှင့် ရွေးကောက်ပွဲအလွန်ခန့်မှန်းချက်တွေ၊ ရီဗျူးနှင့် သုံးသပ်ချက်တွေကသာ ထိပ်ဆုံးရောက်နေဆဲ…။

ရွေးကောက်ပွဲနေ့အထိ ကမ္ဘာ့ ထိပ်တန်းသတင်းစာ၊ သတင်းအေ ဂျင်စီ ၂၅ဝ လောက်ကို လေ့လာပါက ၂၄ဝ သည် ဟီလာရီကလင် တန်ကို အနိုင်ရစေချင်ခဲ့ကြသည်။ တည့်တည့်ရော၊ သွယ်ဝိုက်၍ပါ (ကာလအားဖြင့် မဲစဆွယ်ချိန်ကတည်းက) ဒါကို ဇောင်းပေးခဲ့ကြသည်။ စာရေးသူတို့ ပြည်တွင်း မီဒီယာအများစုလည်း ထိုနည်းတူ ပင် ဖြစ်ခဲ့ပါ၏။ ပြည်တွင်းမှာက မီ ဒီယာနှင့် သာမန် ပြည်သူလူထု၏ အမြင်လည်း ထပ်တူကျသလို ရှိသည်။ လူတွေကတော့ လက်ရှိ ခေါင်းဆောင်ပိုင်း အချင်းချင်း ရင်း နှီးနေပြီးသားအပေါ် တစ်ချက် တည်းလောက်နှင့် ကလင်တန်ကို ဖြစ်စေချင်ကြ၏။ မီဒီယာတွေကတော့ ပို၍သတိကြီးကြီးထား သုံး သပ်ချက်တွေဖြင့် ချဉ်းကပ်ကြတာ ဖြစ်သည်။ ထရမ့်အနိုင် ရသွားခဲ့ တော့လည်း ကျင့်ဝတ်ပြည့်ဝပြီး မျှတသည့် ပြည်တွင်းမီဒီယာတွေ၏ သုံးသပ်ချက်များ၊ ခန့်မှန်းချက်များ ကို အဆင့်တစ်ဆင့်အထိ အားရ ကျေနပ်ဝမ်းမြောက်ဖွယ် တွေ့ရှိ ကြားသိ ဖတ်ရှုရပါသည်။

ကမ္ဘာကဘာကို အဓိကထားသည်လဲ

ဘာကိုမျှ ရေရေရာရာ အကဲ ခတ်မရသေးသည့် ဒေါ်နယ်ထရမ့် ၏ ‘ဘာလုပ်မည်မှန်းခန့်မှန်းရခက်မှု’ကို အဓိကထား ပြောနေကြခြင်း ဟု
ကောက်ချက်ဆွဲလိုက်ပါသည်။

(၁) စူပါ ပါဝါနှင့် အကျပ်အတည်း ရိုက်နေသော ကမ္ဘာ့ပြဿနာများစွာထဲမှာ ချောင်ပိတ်ခံနေကြရသော နိုင်ငံငယ်များက တစ်မျိုးတွေးသည်၊ ကြည့်သည်၊ လိုချင်ဖြစ်စေချင်သည်။
(၂) ဂရိတ်ပါဝါနှင့် မေဂျာပါဝါ တွေက ရှိရင်းစွဲအထိုင်ထက် ပိုဆိုး သည့် ဘက်ရွေ့သွားမလား အကဲ ခတ်သည်။ ဤနေရာမှာ အုပ်စုနှစ် စု
လုံးဝကွဲထွက်လာပါသည်။ ပြော ရလျှင် ဒီမိုကရေစီအုပ်စုက ပရမ်း ပတာတွေပိုဖြစ်လာမှာစိုးရိမ်သည်။ အော်တိုကရေစီအုပ်စုက (စီးပွား ရေးဟန်ချက် ယိမ်းယိုင်မှာ တစ်ခုကလွဲ၍) အစီအစဉ်တွေကို ကိုယ့် ဘက်ပါအောင် လုပ်ယူမည့်သဘော မျိုးဖြင့် အသာပြုံးကြည့်နေသည်။
(၃) ဘာကိုမှဂရုမစိုက်၊ မမှုဟု အန် တုပြနေသော လူဆိုးကြီးများကတော့ အမေရိက မြန်မြန်ကျဆုံးပါစေဟု ကြိတ်ဆန္ဒပြုနေမှာ သေချာသော် လည်း ရနေသော အထောက်အပံ့ နှင့် ၎င်းတို့၏စွာတေးလန်မှုကို ဖွင့် ခွင့်ပေးထားချက်တို့ လျော့ပါးသွားမှာ ထည့်တွက် စိုးရိမ်နေကြပြန်သည်။ မြောက်ကိုရီးယား၊ အီရန် နှင့် ဆီးရီးယားတို့ ထိပ်ဆုံးက ပါပါမည်၊ ပါပါသည်။
(၄) အမေရိကန်ကို မှီခိုနေရသော ယူအက်စ်ထီးရိပ်အောက်မှ နိုင်ငံ များ (အရှေ့အာရှမှ ဂျပန်၊ တောင် ကိုရီးယား၊ ထိုင်ဝမ်တို့လို ဖွံ့ဖြိုးပြီး
တည်ငြိမ်နေပြီဖြစ်သော နိုင်ငံကြီး တချို့မှလွဲ၍) အထူးသဖြင့် အာရှ-ပစိဖိတ်နှင့် လက်တင်အမေရိက၊ ကာရစ်ဘီယံနိုင်ငံများအတွက်ရတက် မအေးစရာတွေ ပိုများလာသည်။
(၅) ရာစုနှစ်များချီ မဟာမိတ်ကြီး ဥရောပမှာတော့ အနောက်ဥရောပ နှင့် မြောက်ဥရောပက နေတိုးကိစ္စ၊ ကုန်သွယ်ရေး ကိစ္စတွေလောက် သာပြေပြေပြစ်ပြစ် ညှိယူရမည်မို့ (ဒါကလည်း တောက်လျှောက်လုပ် နေကျပဲဖြစ်၏) ခပ်အေးအေးလူလူ ပဲ ရှိပုံရသည်။ သူတို့မှာလည်း ဥ ရောပသမဂ္ဂဗျာများရချက်နှင့် လူမှု ပြဿနာတွေ သောင်းခြောက် ထောင်ဖြစ်၍ ဦးစားပေးနံပါတ် တစ်မဟုတ်။ အလယ်ဥရောပနှင့် အရှေ့ဥရောပမှာ ရုရှားတစ်စခန်း ထချိန်ဖြစ်နေ၍ စိုးရိမ်မှုပိုများသည်။ တောင်ဥရောပက အီတလီ၊ စပိန် တို့လိုနိုင်ငံတွေ ထိန်းနိုင်သည်။ ဘာကိုမျှ ရေရေရာရာ မပြော နိုင်သေး၍ ‘စောင့်ကြည့်ကြရမည့် စာရင်း’ ထဲ ထားထားလိုက်ပြီး အနီးကပ်လေ့လာနေကြပါ၏။

ပစိဖိတ်၏ ဟိုဘက်၊ သည်ဘက်

လတ်တလော ဆက်တိုက် အသားပေးရေးဖြစ်နေသည်မို့ ဤ ဒေသမှ ကြည့်မြင်ကြပါက ပြောစ ရာတချို့မက ရှိနေပါသည်။ ဆက် ၍လည်း အတော်ကျယ်ကျယ်ပြန့် ပြန့်ထွက်ပေါ်လာနေသော အလေး ထား၊ ဂရုစိုက်ဖွယ်ကိစ္စရပ်တွေ ယခု အပတ် (ပြီးခဲ့သည့် ရက်သတ္တပတ်၊ ယူအက်စ်သမ္မတ ရွေးကောက်ပွဲအ လွန်)ထဲမှာ ထပ်ဖြစ်လာခဲ့ပါသည်။ တချို့ကို ဖော်ပြမည်။

(၁) ဂျပန်နှင့်အိန္ဒိယ နှစ်နိုင်ငံကြား နျူသဘောတူညီချက် စာချုပ်တစ် ရပ်ရေးထိုးသည်။ ဂျပန်က နျူလက် နက် မပိုင်ဆိုင်၊ ပိုင်ဆိုင်ခွင့်မရှိ။ နျူ
လက်နက်မပြန့်ပွားရေး သဘောတူညီချက် (NPT-Non-Proliferation Treaty) အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားသည်။ သို့သော် စွမ်း အင်ရင်းမြစ်က ငြိမ်းချမ်းစွာ အသုံးပြုသော နျူဓာတ်ပေါင်းဖိုများ ဖြစ်၏။ အိန္ဒိယက နျူလက်နက်ပိုင်ဆိုင်သည်။ NPT လက်မှတ်ထိုးမထားသော မေဂျာပါဝါ။ ယခုကိစ္စက အိန္ဒိယစွမ်းအင်ဖြည့်ဆည်းရေး နည်းပညာကိစ္စဟုဆိုငြား တရုတ်က ရုတ်တရက် ဘာမှမပြောသေး သော်လည်း ကန့်ကွက်မည့်အနေ အထားရှိသည်ဟု သုံးသပ်ကြ၏။ အိန္ဒိယနျူစွမ်းအင်ကိစ္စမှာ အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျတို့နှင့် နှစ် နိုင်ငံချင်း သဘောတူညီချက်များ ရှိပြီးဖြစ်သော်လည်း ယခုက ဂျပန်နှင့်ဖြစ်နေရာ တရုတ်တို့ ကြိုက်မည်မဟုတ်။

(၂) လူမိုက်ကြီး ဒူတာတေး (ဖိလစ်ပိုင်သမ္မတ) က ထရမ့်ကို ဝမ်းသာအဲလဲကြိုဆိုပါကြောင်း၊ ကမန်းက တန်း၊ ကသောကမျော ထုတ်ပြောခဲ့ သည်။ ပြည်ပသို့သွားရောက် အ လုပ်လုပ်နေသူများထံမှ ပြန်ရသော ဝင်ငွေက ဖိလစ်ပိုင်အတွက် အရေး ကြီးလှသည်။ ပြည်ပထွက်အလုပ် လုပ်နေသော ဖိလစ်ပိုင်များအနက် ၄ဝ ရာခိုင်နှုန်းခန့်က ယူအက်စ်မှာ လုပ်နေတာဖြစ်၍ ထို့အပေါ် (ထ ရမ့်၏ ရွှေ့ပြောင်း လုပ်သားမူဝါဒ တင်းကျပ်မည်၊ ပြန်ပို့မည် ပြော စကားများ ရှိခဲ့သောကြောင့်) စိုး ရိမ်သောကဖြင့် ပြောခြင်းမျိုးထက် ပိုသည်။ အကြမ်းဖက်တွေ အပြုတ် တိုက်ဆိုသော စိတ်ထားမျိုး တူညီ ချက်အခြေခံမှလာသည်ဟု သုံးသပ် ကြသည်။ တရုတ်ရော၊ ရုရှားပါ ဘာမျှမပြောသေးသော်ငြား စာရင်း တစ်ရပ်တည်း ခေါင်းစဉ်တစ်ခု အောက် ‘တို့’ထားလိုက်မှာ သေချာ သည်။ အာဆီယံထဲမှာ ရှားရှားပါး ပါး ဒီမိုကရေစီဖြစ်ပြီးသား ဖိလစ် ပိုင်မှာ ထိုခေါင်းဆောင်သစ်ကြောင့် ဘာဖြစ်မည်လဲ ခန့်မှန်းရခက်နေ ၏။ နောက်ပြန်ဆွဲနေသော ထိုင်းဘက် ပြန်ကြည့်လျှင်တော့ အ ထောက်အပံ့တွေ လျော့သွားမှာကို စိုးရိမ်နေပါလျက်နှင့် လှည့်မကြည့် နိုင်လောက်အောင် ပြည်တွင်းမှာ ဗျာများ၊ ဗိုလ်လုနေသည်။

(၃) တရုတ်စီးပွားရေး တည်ငြိမ် ရှေ့ဆက်နေမည်ဟု ကောက်ချက်ချနိုင်သော်ငြား သိပ်မကြာခင်မှာ စိန်ခေါ်မှု ခပ်ကြီးကြီးတွေ ကြုံရဖို့ ရှိနေသည်။ အဓိက စိန်ခေါ်မှု ၆ ရပ်ရှိကြောင်း တရုတ်၏ နိုင်ငံတ ကာ စီးပွားရေးရာ အိတ်ချိန်းများ ဗဟိုဌာန ဦးဆောင်ညွှန်ကြားရေးမှူး ရှုဟွန်ကိုင်း (Xu Hongcai)လို ပုဂ္ဂိုလ်က တရားဝင်ထုတ်ဖော်ရေးသားလိုက်ခြင်းကို ဤတစ်ပတ်ထုတ် ယူအက်စ်-တရုတ်ဖိုးကပ်စ် (US-China Focus) စာစောင်က ဖော်ပြထားခဲ့သည်။ ကျယ်ပြန့် ရှည်လျား သော အကြောင်းအရာဖြစ်၍ သင့်တော်သောအချိန်၌ အလျဉ်းသင့် သလိုဆက်ရေးပါမည်။ ယခုဆိုလိုရင်းက တရုတ်ပြည်တွင်းရင်းနှီးမြှုပ် နှံထားမှုများ တခြားနိုင်ငံတွေဆီ ပြန်ထွက်နေခြင်းနှင့် ဝန်ဆောင်မှု ကဏ္ဍအကျဘက်ရောက်လာကြောင်း ထောက်ပြချက်က ဒေါ်နယ်ထရမ့် စီးပွားရေးမူဝါဒ (ဘာမှန်းမသိ သေးပါ၊ ရွေးကောက်ပွဲ နိုင်အပြီး ပြောသော မိန့်ခွန်းပါစကားများအ ရ ခန့်မှန်းရခြင်းသာ ဖြစ်သေး၏) ဖြစ်နိုင်ခြေနှင့် အကောင်းဘက်က နှစ်ဖက်စလုံး လာတိုက်ဆိုင်နေသ လို၊ ညှိရခက်ခဲမည့် ကိစ္စရပ်တွေလည်း အဆိုးဘက်မှာ တစ်ပြုံတမ ဖြစ်နေ၊ ရှိနေသည် ဆိုခြင်းထက် ပို’တာ’သည်။ ပိုလေးနက်သော အ သွင်ဆောင်နေသည်။ နိုဝင်ဘာလ ဆန်းကတည်းကရေးထားပြီး Focus မဂ္ဂဇင်းက ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်မှာမှ ရက်စွဲတပ် ဖော် ပြထားခြင်းဖြစ်သည်။

ဒီမိုကရက်တွေ ကွန်ဆာဗေးတစ်ဖြစ်ကုန်ပြီလား

ရှိပြီးသား အထိုင်တစ်ရပ်ကို ပြောင်းလဲမှာ စိုးရိမ်နေကြသည့်အပေါ် ဒီမိုကရေစီနိုင်ငံကြီးတွေ လှုပ်ခတ်နေသောကြောင့် ခပ်လှောင် လှောင်
စဉ်းစားမိခြင်းဖြစ်သည်။ ကွန်ဆာဗေးတစ် (Conservative) ကို ‘ရှေးရိုးစွဲ’ ဟု မြန်မာမှုပြုအသုံးများသော ဝေါဟာရသည် အတော် အဓိပ္ပာယ်မပြည့်မစုံဖြစ်နေ၏။ နိုင်ငံရေးဝါဒအရ ဗဟိုလက်ယာကွန် ဆာဗေးတစ်သည် လစ်ဘရယ်နှင့် ပိုနီးစပ်လှပါသည်။ ဆိုလိုချင်သည်မှာ ကွန် (Con)တွေသည်လည်း ဒီ မိုကရက်တစ်ပင်ဖြစ်၏။ ယူအက်စ် နိုင်ငံရေးပါတီကြီး နှစ်ပါတီအနက် ရစ်ပတ်ဘလစ်ကန်တွေကို ကွန်ဆာဗေးတစ်ဟု ၎င်းတို့ ကိုယ်တိုင် မကြာခဏ သုံးစွဲခေါ်ဝေါ်နေကြခြင်းကိုက အကြိမ်အတော်များများမှာ ‘လွဲ’ နေခဲ့ဖူးပါသည်။

လူမိုက်၊ ပေါတာကြီး၊ ဒီမိုက ရေစီနှင့် မတန်သူ၊ ကိုယ်ကျိုးသမား ဟုမီဒီယာတွေက လှိုင်လှိုင်ကြီး အ မည်အမျိုးမျိုး ပေးခဲ့ကြသော ဒေါ် နယ်ထရမ့် ယူအက်စ်သမ္မတ ဖြစ် လာချိန်တွင် ဘယ်လောက်ပြောင်း လဲ စွမ်းဆောင်ပြမည်လဲ စိတ်ဝင် စားဖို့ကောင်းသည်။ အမေရိကန် ၏ နိုင်ငံရေးစနစ်ကို ပြောင်းလဲဖို့လို နေပြီ၊ စီးပွားရေးနှင့် အလုပ်သမား၊ လုပ်ငန်း၊ အခြေခံအဆောက်အအုံ တွေလည်း ပြောင်းလဲချိန်တန်နေပြီ ဟု ခပ်စောစောလေးငါးနှစ်လောက် ကတည်းက အမြဲမပြတ်ကြိုပြောနေ ခဲ့သော နီယိုကွန်ဂုရု ဖရန်စစ်ဖူကူ ယားမားမှန်သွားပြန်ပါပြီ။ ထရမ့် ကို အများဆုံး မဲပေးခဲ့ကြသည်မှာ အမေရိကန် လူဖြူအလုပ်ကြမ်းသ မားတွေဖြစ်ပါ၏။ လစ်ဘရယ်ဒီမို ကရေစီနှင့် ဈေးကွက်စီးပွားရေးသာ ကျန်ရှိတော့သည်ဟု ကမ္ဘာတုန် အောင် ပြောခဲ့ဖူးသော နီယိုကွန် မှာလည်း ဖူကူယားမားပဲ ဖြစ်ပါ၏။

ထရမ့်ထက် အမေရိကန် ဒီမို ကရက်တစ်နိုင်ငံရေး အင်စတီကျူး ရှင်းတွေက အဆရာထောင်သောင်း စိတ်ချရပါသည်။ လက်ရှိ အခြေအ နေတွေအရဆိုပါကလည်း ‘အမေ ရိကန်နှာစေးလျှင် ကမ္ဘာကြီးတုပ် ကွေးမိ၍၊ အမေရိကန်နှာချေလျှင် ကမ္ဘာကြီးတုန်’ နေတတ်ဆဲဖြစ်ပါ ၏။ အာရှ-ပစိဖိတ်- အမေရိက ရှု ထောင့်များမှ ဆက်ရေးဖို့များစွာ ဆက်တိုက် ပေါ်ပေါက်လာပါလိမ့်ဦးမည်။ မော်ဒန်ကမ္ဘာ၏ အရာရာ အားပြိုင်မှု ဆုံမှတ်က ဤဒေသကြီး မှာ ထိပ်ဆုံးကျကျပ ခပ်တည်တည် ဖြစ်ပေါ်နေသောကြောင့်ပင်။ ။

မင်းတင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*