မင်းလိုလူစား အများကြီးဟေ့

မင်းလိုလူစား အများကြီးဟေ့
November 17, 2016 Asian Fame

8:02 am
မင်းလိုလူစား အများကြီးဟေ့
In Articles

hacker

(၁)

”အေးလေ… သူကြီးမေးတဲ့ မေးခွန်းမှာက ငါးခူအသေကောင်နဲ့ အရှင်ဘယ်ဟာက ပိုလေးသလဲလို့ မေးထားတာလေ။ ဖြေနိုင်တဲ့သူကို သူ့သမီးနဲ့ ပေးစားမယ်လို့လည်း ကြေညာထားတယ်။ ဒါပေမယ့် အဖြေမှန်ကို ဖြေနိုင်တာက ငါးစိမ်းသည် ဒေါ်ဝလုံးဖြစ်နေတယ်။ ခက်မကုန်ဘူးလား ဟား ဟား ဟား…” ဖိုးသားကို တတိယ အကြိမ်မြောက်ရှင်းပြရင်း၊ ကိုယ်ပြောသည့် ဇာတ်လမ်းကို ကိုယ့်ဘာသာ ရယ်ချင်လာ ပြန်သဖြင့် ကျွန်တော် ရယ်ချလိုက်မိသည်။ဖိုးသားကတော့ မရယ်။ ကျန်တဲ့သူတွေလည်း ရယ်ရမလို ငိုရမလိုမျက်နှာထားတွေနှင့် ဖိုးသားကို ဝိုင်းကြည့်နေကြသည်။

ဖိုးသားကတော့ ခေါင်းတညိတ်ညိတ် နှင့် ပါးစပ်က တတွတ်တွတ်ပြောနေပြန် သည်။ ”မင်းဟာက မဟုတ်သေးဘူးကွ၊ ဒီ သူကြီးနှယ်ကွာ…။ သူ့မေးခွန်းကြီးက လည်း …။ ပြီးတော့ ဒီမေးခွန်းလေးဖြေ နိုင်ရုံနဲ့ သမီးတစ်ယောက်ပေးဦးမတဲ့။ အ ဖြေမှန်သွားတာက ဒေါ်ဝလုံး…။ တတ် လည်း တတ်နိုင်ပေ့ကွာ…”ဟု ပြောနေ ခြင်းဖြစ်သည်။ ကျွန်တော် စိတ်တိုလာပြီ။ ထို့ကြောင့် ”မင်းနှယ်ကွာ… ဟာသပုံပြင်ပါဆိုနေ မှ …။ ရယ်ရအောင် လုပ်ထားတာပေါ့ကွ။ ဒါပေမယ့် သင်ခန်းစာလေးတော့ ပါတယ်နော်…။

မေးခွန်းတစ်ခုကို ဖြေတော့မယ်ဆိုရင်၊ အဲဒီအမေးဟာ ယုတ္တိတန်၊ မတန်ဆိုတာကို အရင်စဉ်းစားရမယ်ဆိုတဲ့ မြှုပ်ကွက်က လေးပါတယ်။ မေးတဲ့သူက ထောင်ခြောက် ဆင်ထားတဲ့ နောက်ကိုပါသွားရင် ကိုယ့် အဖြေဟာလည်း တလွဲကြီး ဖြစ်နေမှာပဲကွ။ ဒေါ်ဝလုံးက ငါးစိမ်းသည်ဆိုတော့ ငါးတွေဟာ မသေခင်ရော သေပြီးတဲ့အခါ မှာရော အလေးချိန်တူတူပဲဆိုတာ သိထား ပြီးသားလေ။ သူ့အနေနဲ့ နိစ္စဒူဝ ကြုံနေရ တာတွေကိုး။ ဒီတော့ မှန်အောင်ဖြေနိုင် တာပေါ့။ ဒါပေမယ့် သူကြီးသမီးနဲ့တော့ သူဘယ်လိုလုပ် ယူလို့ရမလဲ။ ဟား … ဟား… ရယ်စရာရှိရင် ပေါ့ပေါ့ပါးပါး ရယ်ချလိုက် စမ်းပါကွာ …။ တောင် တောင်အီအီတွေ လျှောက်တွေးမနေပါနဲ့ …”ဟု သူ့ကို ပြောမိပါသည်။ ဖိုးသားကမူ လက်ခံသည်ဟု မထင် ပါ။ သူရယ်သည်ကို ထိုနေ့က မတွေ့ရ။ သူရယ်ရယ်မရယ်ရယ် ထို့နေ့က ဆုံကြ သော သူငယ်ချင်းတွေအကြားမှာ ကျွန်တော့်ပုံပြင်လေး လူကြိုက်များခဲ့သည်။ အိမ် ပြန်ရောက်ရင် မိန်းမကို ပြန်ပြောပြရဦးမယ် ဆိုသူလည်းရှိ၊ ငါ့ကလေးတွေကို ပြောပြရ ဦးမယ်ကွ ဆိုသူတွေလည်း ရှိခဲ့သည်။

(၂)

ထိုနေ့ည သန်းခေါင်ကျော်တွင် ဖိုးသားထံမှ ဖုန်းလာသည်။ သူအိပ်မပျော်ကြောင်း အစချီ၍ ”မင်းပြောပြတဲ့ ဟာသ ပုံပြင်က ငါ့ကို နှိပ်စက်နေတယ်ကွာ။ အဲဒီ ပုံပြင်ကို ဘယ်သူကရေးတာလဲ။ ဘာလို့ များ မရယ်ရတဲ့ဟာသပုံပြင်တွေကို လျှောက် ရေးနေရတာလဲဆိုတာ ငါသိချင်တယ်။ ပုံပြင်ရေးတဲ့သူရဲ့ လိပ်စာဖြစ်ဖြစ်၊ ဖုန်းနံပါတ်ဖြစ်ဖြစ် သိရင် ငါ့ကိုပေးစမ်းပါကွာ”ဟု ပြောလာသည်။ အချိန်မတော်ကြီး ဒုက္ခလာ ပေးသည့် ဖိုးသားကို ကျွန်တော် စိတ်တိုမိပြီ။ ပေါ့ပေါ့ ပါးပါးရယ်ပြီး မေ့မေ့ပျောက်ပျောက်ထား လိုက်ရမည့်ကိစ္စတစ်ခုကို ဒီအကောင် ဘာကြောင့် အလေးအနက်ကြီး တွေးတောနေ သနည်း။ ပုံပြင်မှာလည်း တစ်ဦးနှင့်တစ်ဦး နှုတ်ဆင့် ကမ်းပြောလာကြသော ပုံပြင်ဖြစ် လေရကား၊ မူရင်းရေးသားသူကို ကျွန်တော်မသိ။ ကျွန်တော့်ကို ပြောပြသူလည်း သိမည်မထင်။ ထို့ကြောင့် ”အေးကွာ… မင်းဘာသာမင်း ရယ်ချင်ရယ်၊ မရယ်ချင်နေတော့ ဖိုးသားရေ… ပုံပြင်ရေးတဲ့သူလည်း ငါ မသိဘူး။ မသိတာပဲ ကောင်းပါတယ်ကွာ။ တော်ကြာ မင်းထပ်ပြီး အရှက်ကွဲနေဦး မယ်…။ ငါလည်း အိပ်တော့မယ်ဟေ့။ ထပ်မဆက်နဲ့တော့ကွာ”ဟု ပိတ်ပြောကာ ဖုန်းချလိုက်သည်။နောက်နေ့ မနက်တွင်မူ ဖုန်းတွေ ထပ်ဝင်လာသည်။ ဖိုးသားထံကတော့ မဟုတ်။ ကျွန်တော့်ပုံပြင်ကို နားထောင်ခဲ့ကြကာ သူတို့အိမ်မှာ ပြန်ပြောပြမိသည့် ကောင်တွေဆီက ဖြစ်သည်။

မိန်းမက ရယ်လည်း မရယ်ရဘူးဟု ဆိုသူကဆို၊ အိမ်ကကလေးတွေကလည်း မရယ်ရဘူးလို့ ပြောနေတယ်ကွ။ ငါ့အဖေ ကတော့ ဒီပုံပြင်ကို ရေးတဲ့သူကို သိချင်သ တဲ့… စသည်ဖြင့် အစုံပါပဲဗျား။ ခက်ပြီ။ ဘာတွေဖြစ်ကုန်ကြ လေသ နည်း။ ကျွန်တော်ပဲ မှားသွားသည်လော။ ပုံ ပြင်လေးတစ်ခုကို ပြောပြလိုက်မိတာ…။ နောက်ဆက်တွဲရှင်းရမှာတွေ ခုလို ပေါ် လာမည်ဟု လုံးဝကို တွေးမထားခဲ့ပါ။ ကိုယ်ရယ်ရသလို သူငယ်ချင်းတွေ ရယ်ရ ပါစေတော့ဟူသည့် ရည်ရွယ်ချက်ဖြင့် အာစလျှာစရွှင်ချိန်ဝယ် ရယ်စရာအဖြစ် ပြောလိုက်မိသည်က အမှားဖြစ်သွားပြီလား မသိ။သို့ရာတွင် ခေါင်းထဲဝယ် လင်းခနဲ အကြံတစ်ခု ပေါ်လာသည်။ ပုံပြင်နှင့်ပတ် သက်၍ ကျွန်တော်ကြံရသည်တို့ကို စာလေးတစ်ပုဒ်ရေးပြီး မိတ်ဆွေတစ်ဦး အယ် ဒီတာလုပ်နေသည့် ဂျာနယ်တစ်စောင်သို့ ပို့မည့်အကြံပင်။ သွေးပူနေတုန်း ချရေးလိုက်ကာ စာမူကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဂျာနယ်တိုက်ဆီသို့ ထွက်လာခဲ့သည်။

(၃)

ဂျာနယ်တိုက်တွင် မိတ်ဆွေအယ်ဒီတာကို တွေ့ပါသည်။ ကျွန်တော့်စာမူကို သူဖတ်ပြီးနောက် သုံးမည်ဟုလည်း ပြော သည်။ ”ခင်ဗျား
အတော်ရေးတတ်တာပဲဗျ”ဟုလည်းဆိုသည်။ ထို့နောက် ကျွန်တော် အပြန်တွင် ဂျာနယ်တိုက် တံခါးဝအထိ လိုက်ပို့ရင်း ”တစ်ခုတော့ သိချင်တယ်ဗျာ … သေနေတဲ့ငါးဟာ သွေးလှည့်ပတ်မှု မရှိတော့တာကြောင့် ပိုလေးမသွားပေဘူးလား…ငါးသေနဲ့ ငါးရှင် အလေးချိန် အတူတူပဲဆိုတာ ဟုတ်မှ ဟုတ်ရဲ့လားဗျာ”ဟု မေးခွန်းထုတ်လေတော့သည်။ လေအေးပေးစက် အစွမ်းကုန်ဖွင့်ထား သော အခန်းထဲမှ အပြင်သို့ ရုတ်ချည်း ထွက်လာ၍လား မသိ၊ ကျွန်တော် မိုက်ခနဲ ဖြစ်သွားပါသည်။ ဒီတစ်ခါ ဖိုးသားနှင့်တွေ့လျှင် ”မင်းလိုလူစား အများကြီးဟေ့”ဟု ပြောရပါ တော့မည်။

ဟက်ကာ
မှတ်ချက် -Worth a Smile: A Selection of Modern Soviet Humour စာအုပ်ထဲ မှာပါတဲ့ “why is the bandage on the foot”
ဆိုဗီယက်သရော်စာဝတ္ထုတိုကို မြန် မာမှုပြုလိုက်တာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*