အမျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခြင်းသည် အကြမ်းဖက်ခြင်း အမျိုးအစားတစ်ခုဖြစ်

အမျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခြင်းသည် အကြမ်းဖက်ခြင်း အမျိုးအစားတစ်ခုဖြစ်
November 10, 2016 Asian Fame

9:01 am
အမျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခြင်းသည် အကြမ်းဖက်ခြင်း အမျိုးအစားတစ်ခုဖြစ်
In Local

လွမ်းဒေါင်
ရန်ကုန်၊ နိုဝင်ဘာ၎

အမျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခြင်းသည် အကြမ်းဖက်ခြင်းအမျိုးအစားတစ်ခုဖြစ်သည်ဟု နယ်ပယ်အသီးသီးတွင် ထင်ရှားသည့် ကချင်အမျိုးသမီးတချို့က မကြာသေးမီက ပြောသည်။ ဂီတဖျော်ဖြေရေး စင်မြင့်ပေါ်ရှိ အဆိုတော်တို့ ဝတ်စားဆင်ယင်မှု၊ တင်ဆက်မှုတို့နှင့်ပတ်သက်ပြီး ဝေဖန်သည့်အခါ ယဉ်ကျေးမှု ရှုထောင့်တစ်ခုတည်းမှကြည့်ရှုပြီး ပြောဆိုခြင်းသည် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဖြစ်သည်ဟု အဆိုတော် ရေဗက္ကဝင်းက ထောက်ပြသည်။

”အမျိုးသမီးတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်တွေ၊ ယုံကြည်မှုတွေကို ထိခိုက်အောင် ပြစ်တင်မှုတွေ မပြုသူဟာ ပိုပြီးတော့ယဉ်ကျေးတဲ့လူ၊ ပိုပြီးတော့ အဆင့်အတန်း ရှိတဲ့လူလို့ ပြောချင်ပါတယ်” ဟု ရေဗက္ကဝင်းက အောက်တိုဘာလကုန်ပိုင်း ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကျား၊ မ အခြေပြု အကြမ်းဖက်မှု တိုက်ဖျက်ရေးဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသည်။ အမျိုးသမီးတို့ကလည်း အမျိုးသမီးအခွင့်အ ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုစသည့် အကြောင်းအရာများကို နားလည်စေရန် ကြိုးပမ်းသင့်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများ၊ သတင်းသမားများနှင့် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်သည့် အဆိုပါ ဆွေးနွေးပွဲတွင် ၎င်းကတိုက်တွန်းလိုက်သည်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းသည် သိမ် ငယ်စိတ်ဝင်ပြီး လူတောမတိုးနိုင်စေရန်ပြုလုပ် ခြင်းဖြစ်သည်ဟု Gender Equality Network ခေါ် ကျား၊ မ တန်းတူရေးကွန်ရက်မှ ညွှန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူက ပြောသည်။

မိသားစုအတွင်းတွင်လည်း ထိုသို့သော အကြမ်းဖက်ခြင်းမျိုးကို တွေ့ရတတ်ကြောင်း ဒေါ်မေစပယ်ဖြူခေါ် ဒေါ်အယ်လ်ခေါန်ထွယ်က Myanmar Now နှင့် မကြာသေးခင် တွေ့ဆုံစဉ် ရှင်းပြသည်။ ”မင်းနည်းနည်းမှ အသုံးမကျဘူး၊ မင်းလုပ်သမျှအရာအားလုံးက ဘာမှအရာမရောက်ဘူးဆို ပြီးတော့ သားသမီးတွေ ရှေ့မှာပဲဖြစ်ဖြစ်၊ တစိမ်းတွေရှေ့မှာပဲဖြစ်ဖြစ် မကြာခဏပြောတာဟာ အ မျိုးသမီးကို အရှက်ရအောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးအောင် စိတ်ပိုင်းဆိုင်ရာ အ ကြမ်းဖက်တာပါ”ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။ အခြားသော အကြမ်းဖက်မှု ပုံစံ ၅ မျိုးမှာ ရုပ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်းဆိုင်ရာ အကြမ်း ဖက်ခြင်းများ၊ အန္တရာယ်ရှိသည့် မိရိုးဖလာအဆုံးအမများအရ အကြမ်းဖက်ခြင်း၊ အွန်လိုင်းတွင် အကြမ်းဖက်ခြင်းတို့ဖြစ်ကြောင်း ကျား၊ မ တန်းတူ ညီမျှရေးအတွက် ဥပဒေ၊ မူဝါဒ အယူအဆများ ပြောင်းလဲရေး လှုံ့ဆော်နေသော ၎င်းတို့ကွန်ရက်၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

”စီးပွားရေးအရ အကြမ်းဖက်တယ်ဆိုတာ အမျိုးသမီးတွေလုပ်လို့ရတဲ့ စီးပွားရေးအခွင့်အလမ်းတွေ၊ အကျိုးအမြတ်တွေကို မရရှိအောင် တားမြစ်တာ၊ ပိတ်ပင်တာ ဒါမှမဟုတ်ရင်လည်း ခေါင်းပုံဖြတ်တာပေါ့”ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။ လင်နှင့်မယားကြား ရုပ်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုသည် အိမ်တွင်းရေးသက်သက်သာဖြစ်သည် ဟူသော အတွေးအခေါ်မှာလည်း မှားယွင်းနေကြောင်း၊ ‘လင်နဲ့မယား လျှာနဲ့သွား’ဟူသောစကား ကို အကြောင်းပြုပြီး ခင်ပွန်းသည်က ရိုက်နှက်လာလျှင် သည်းခံ၊ မျိုသိပ်ရမည်ဆိုသည့် အတွေးအခေါ်မှာ ခေတ်မမီတော့ကြောင်း ဒေါ်မေစပယ်ဖြူက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*