ချစ်ခြင်းမေတ္တာက ရွာပြင်မထုတ်ပါ သို့သော်…

ချစ်ခြင်းမေတ္တာက ရွာပြင်မထုတ်ပါ သို့သော်…
October 26, 2016 Asian Fame

9:53 am
ချစ်ခြင်းမေတ္တာက ရွာပြင်မထုတ်ပါ သို့သော်…
In Articles, Cover News

ချစ်ခြင်းမေတ္တာက ရွာပြင်မထုတ်ပါ သို့သော်...

minthu

လူပေါင်း ၇ဝ ကျော် သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ် နစ်မြုပ် မှုဖြစ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ဖြစ်စဉ်များထဲဝယ် ဝေဖန်မှုများသော ဖြစ်ရပ်တစ်ခု ရှိခဲ့သည်။ ထိုဖြစ်ရပ်မှာ လူတစ်ဦး၏ နောက်ဆုံး ဂုဏ်သိက္ခာအရသင်္ဂြိုဟ် မှုပြုရာ၌ ရုပ်အလောင်းကို ရွာထဲ သွင်းခွင့် မရဘဲ ရွာပြင်တွင်ထားလိုက်ရသော ဖြစ်ရပ်ဖြစ်သည်ပင်။

ရပ်ရွာ ဓလေ့ ထုံးတမ်းစဉ်လာအရ ရွာအပြင်တွင် သေပြီးသူကို ရွာထဲမသွင်းရဟူသည့် အချက်အား ရပ်ရွာတော်တော်များများက အကျယ်အကျယ်နှင့် အငြင်းမပွားကြဘဲ နှုတ်ဆိတ်လက်ခံနေမှု အချို့တို့ ရှိခဲ့သော်လည်း ယခုဖြစ် စဉ်တွင်သေဆုံးသွားသူမှာ ကလေး များကို စာသင်ကြားပေးနေသည့် ဆရာမလေးတစ်ဦး ဖြစ်နေသဖြင့် လူများက ထိုအယူအဆကို ဝေဖန်လာကြတော့သည်။

”ဆရာတစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးကို မထောက်တော့ဘူးလား” ”မိဝေးဖဝေးမှာ ကလေးတွေ အတွက် အလုပ်လုပ်နေရတဲ့ သူကို ရပ်ရွာက မကြိုဆိုကြတော့ဘူး”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က မေးခွန်းထုတ်ခဲ့သည်။ အဆိုပါ ကျောင်းဆရာမလေး သည် စစ်ကိုင်းတိုင်း အရာတော် မြို့နယ် ညောင်ခြေထောက်ရွာမှ ဟုသိရပြီး လွန်ခဲ့သည့် ၈ လမှ စကာ ဇာတိရွာနှင့် မိုင်ပေါင်းအ တော်ဝေးသည့် ခန္တီးမြို့နယ် မိုလွန် မူလတန်းကျောင်းသို့ သွားရောက် တာဝန်ထမ်းဆောင်နေရသူ တစ်ဦးဖြစ်သည်။ ငယ်စဉ်ကတည်းက ဆရာမလုပ်ချင်ကြောင်းသာ အချိန်ပြည့် ပြောနေသောသူ၊ ဆရာမတစ် ယောက်ဖြစ်အောင်လည်း ကြိုးစားနိုင်ခဲ့သူဟု သူမ၏ လုပ်ဖော်ကိုင်ဖက်များက ပြောကြသည်။

သူမသည် အသက် ၂၃ နှစ် သာရှိသေးပြီး လွန်ခဲ့သည့် ၈ လ ဖေဖော်ဝါရီလကမှ သင်တန်းဆင်းလာသူဟု သိရသည်။ ထိုမျှမကသေး ဇာတိရွာသို့ အခါကြီး ရက်ကြီးများနှင့် သီတင်း ကျွတ်ကဲ့သို့သော ရက်ရှည်ကျောင်း ပိတ်ရက်တို့မှအပ ပြန်မလာဘဲ အချိန်ပြည့် စာသင်ကြားမှုကို မွေ့ လျော်နေသူ တစ်ယောက်ဟုလည်း ရပ်ရွာက သူမအကြောင်းကို ပြော ပြသည်။ ယခုတစ်ခေါက် သူမ ရွာသို့ ပြန်လာချိန်မှာတော့ ကံဆိုး မိုး မှောင်ကျကာ အမြန်ရေယာဉ်တိမ်း မှောက်မှုထဲ ပါဝင်ခဲ့သည်။ ဆရာမလေး ဒေါ်ရွှေဇင်မြင့် ၏ အစ်ကိုဝမ်းကွဲ တော်စပ်သူ ဆရာ ဦးကျော်ကျော်က ”ကျွန် တော်တို့လို လူငယ်တွေအနေနဲ့ အမြင်နဲ့ဆိုတော့ ဒါအသုဘက အသုဘပဲပေါ့။ ဘယ်ကနေဆုံးလာ ဆုံးလာပေါ့၊ ဘာမှ ပြဿနာ မရှိ ဘူးလို့ မြင်တာပေါ့။ ရွာလူကြီးတွေ ကတော့ ထုံးစံအရ အဲဒီလိုဆိုရင် ရွာလာဘ် တိတ်တယ်တို့ ဘာတို့ အယူရှိတာကိုး။ သွင်းတဲ့ထုံးစံ မရှိ ဘူးလေ”ဟု ပြောသည်။ ရွာထဲ အသွင်းမခံဟုဆိုသည့် တားမြစ်မှုကို မိသားစုဝင်တို့က လည်း ရပ်ရွာဓလေ့အရ မငြင်းဆန်ဘဲ ဆရာမလေး၏ ရုပ်အလောင်း ကို အိမ်သို့ ပြန်မသယ်ခဲ့ချေ။

”ရွာရဲ့ထုံးစံကတော့ တခြားမှာ ဆုံးခဲ့တယ်ဆိုရင် ရွာပြင်မှာပဲထား တာကိုး။ ရွာရဲ့ဓလေ့ထုံးစံပါပဲ။မသွင်းဘူးဆိုတာက ကာယကံရှင် ကလည်း မသွင်းဘူးခင်ဗျ။ ဆေး ရုံဆေးခန်းမှာ ဆုံးခဲ့တယ်ဆိုရင် လည်း ရွာအပြင်လမ်းကနေ သုသာန်သာ တန်းသယ်လိုက်တာ ပေါ့” ဟု ဆရာ ဦးကျော်ကျော်က ဆက်ပြောသည်။ နိုဝင်ဘာ ၁၇ ရက်နေ့ အလောင်းတွေ့ရှိသည့် နေရာမှနေ ၍သယ်ဆောင်ကာ၊ အလောင်းကို ရွာအပြင်တွင်ထား၊ နောက်တစ်ရက်၌ ရွာအပြင်လမ်းမှနေ၍ ရွာသုသာန်၌ သင်္ဂြိုဟ်လိုက်ကြသည် ဟု သူက ဆိုသည်။ ဇာတ်လမ်းက ထိုမှာပင် ပြီးဆုံးပြီဟု ဆို၍ရသော်လည်း ရွာ အပြင်ဘက်တွင် ထိုမျှနှင့်မပြီး ထို အယူအဆ ဖျက်ပစ်ရန် နာကူအသင်းအချို့က စိတ်ဆန္ဒများစွာ ရှိနေကြသည်ဟု သိရသည်။ နာရေးကူညီမှုအသင်း (ရန် ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ”လှေ တိမ်းမှောက်တာတင် မဟုတ်ပါဘူး။ အရင်ကတည်းက ရွာပြင်မှာ ဆုံးတဲ့သူတွေ ရွာထဲအသွင်းမခံဘူးတွေ ဘာညာတွေ အယူသီးကြ တာတွေက ပပျောက်သင့်ပြီ”ဟု သူ့အမြင်ကို ဆိုသည်။

ဦးကျော်သူက မကြာသေးသည့် ကာလတစ်ခုကလည်း ၎င်းတို့အဖွဲ့ ညောင်ဦးရောက်စဉ် ညောင်ဦးဆေးရုံတွင် ပျံလွန်တော်မူသွားသည့် ဆရာတော်တစ်ပါးကို သူ့ရပ်ရွာက ရွာထဲပေးမသွင်းသည့် အတွက် ပခုက္ကူတံတား သောင်ပြင် ပေါ်မှာ သင်္ဂြိုဟ်လိုက်ရသည့် ဖြစ်စဉ်ကို မြင်ခဲ့ရသည်ဟု ပြောပြ သည်။ ”ဒါတွေက လူမြင်လို့လည်း မကောင်းဘူး။ ကိုယ့်ရဲ့ ရွာဂုဏ် သိက္ခာလည်း ကျပါတယ်။ လူတွေ ဟာ သေမယ့်လူတွေချည်းပါပဲ”ဟု ဦးကျော်သူက ပြောသည်။ ယခင်နှစ်ကလည်း ဧရာဝတီ တိုင်းရှိ မြို့နယ်တစ်ခု၌ အထက်ပါ ကဲ့သို့သော ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပြီး လမ်းပေးမဖြတ်သဖြင့် အလောင်း ပုပ်သည်အထိ ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် အတွင်းရေး မှူး ဦးဇော်မျိုးလှိုင်က ”အညာ ဓလေ့မှာက အဲဒီအတိုင်းပဲဗျ။ မြို့ ဘက်တွေမှာ ပျောက်သွားပေမယ့် ရွာတွေမှာ အခုချိန်ထိကျန်နေသေး တယ်ဗျ”ဟု ဆိုသည်။ ထိုအချက်၊ ထိုအယူအဆသည် တော်တော်လေးကို ပြုပြင်ရမည့် ကိစ္စအဖြစ်ရှုမြင်ကြောင်း သူက ပြောသည်။

”ကျွန်တော်တို့အနေနဲ့ စိတ်မ ကောင်းတာတော့ တော်တော်လေး စိတ်မကောင်းဘူး။ သူတို့အနေနဲ့ ကတော့ ဒီဆရာမမို့ ရယ်မဟုတ်ဘဲ ဒီလိုမျိုးဖြစ်တဲ့ အားလုံးကို ဒီဓလေ့ ကြောင့် ဒီလိုလုပ်တာပေါ့။ သူ့ရဲ့ မိဘတွေကို ကိုယ်ချင်းစာမိပါတယ်။သူတို့ လည်း သူတို့ရဲ့သမီးလေးကို ရပ်ထဲရွာထဲ စည်စည်ကားကား လေးဖြစ်စေချင်တာပေါ့။ ဒါက ပြု ပြင်ပြောင်းလဲရမယ့်ကိစ္စပါ” ဟု ဦးဇော်မျိုးလှိုင်ကဆိုသည်။ ဆရာမလေး၏ အလောင်း ရွာပြင်တွင် ထားရခြင်းကို အများ သိသွားသည့်အချက်မှာ ဖေ့စ် ဘွတ်ခ်ပေါ်တက်လာသည့် ပုံတစ် ပုံကြောင့် ဖြစ်ကြောင်း၊ ထိုပုံကိုတင်သည်ဆိုကတည်းက ထိုဒေသ မှ ယင်းဓလေ့ကို တွန်းလှန်လိုသည့် မကြိုက်သည့်သူရှိကြောင်း ပြလိုက် သည့် ပုံရိပ်တစ်ခုဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အ ဖွဲ့ချုပ်မှ နောက်ထပ်ဆရာတစ်ဦး ကလည်း ပြောသည်။ ”ဒီဒေသက နည်းနည်း သွား လာရ ခက်တယ်လေ။ ဒေသခံ တစ်ယောက်ယောက်ကပဲ တင် လိုက်မှာပါ”ဟု သူက ဆိုသည်။ထိုရပ်ရွာမှ လူကြီးများက ယင်းဓလေ့ကို ရှေးလူကြီးများ အ ဆက်ဆက်က ကျင့်သုံးလာသည့်အတွက် ယခု မချိုးဖောက်ရဲဟု ပြောကြသည်။စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ယခု ဖြစ်ရပ် အပေါ် စိတ်မကောင်းကြောင်း ပြောသည်။ ”တို့ကတော့ လက်မခံဘူး။ အယုံအကြည်လည်း မရှိဘူးပေါ့ ကွာ၊ တို့ဆေးကုတဲ့ ၁၉၉ဝ တုန်း ကလည်း ဒီလိုပဲကွ၊ ဆေးခန်းမှာ သေသွား၊ ရွာထဲမသွင်းတော့ဘူးဟေ့။ ရှင်းပြလည်း မရပါဘူးကွာ၊ ဓလေ့တွေက သိပ် ကြီးစိုးလွန်း တယ်။ နောက်တော့လည်း ပြုပြင် လာကြမှာပါ၊ ဒီလိုပဲထင်ရတာပဲ” ဟု ဝန်ကြီးချုပ်က ဆိုသည်။

နိုင်ငံခြားတွင် သေဆုံးသွား ၍ပင် ပြန်သယ်လာကြသည့် ဖြစ် စဉ်များက နိုင်ငံတွင် ဒုနဲ့ဒေး ရှိနေ ချိန်တွင် ယခုဖြစ်ရပ်အပေါ် အ ဖြေထုတ်သင့်ပြီဟု ပညာရေးအ သိုင်းအဝိုင်းက ထောက်ပြကြသည်။ ဦးဇော်မျိုးလှိုင်က ”ပညာရေးစနစ် တွေကနေပဲဖြစ်ဖြစ် ဒီလိုမသင့်တဲ့ ဓလေ့ကို တိုက်တွန်းပြောင်းလဲကြ ရမှာပါ”ဟု မှတ်ချက်ပြုသည်။ အနစ်နာခံ ဆရာမလေးတစ်ယောက်၏ ယခုလို အဖြစ်ဆိုး နှစ်မျိုးစလုံးကို ဘယ် ဆရာ၊ ဆရာမ မှ ဖြစ်ချင်လိမ့်မည်မထင်၊ အား လုံးပြောင်းလဲချိန်တန်ပြီ ဆိုသည့် အထဲ ထိုသို့ ဓလေ့မျိုးကိုပါ ထည့် သွင်းပြောင်းလဲရမလားဆိုသည်ကတော့ နှလုံးသားရှိသူတိုင်း အ ဖြေပေးလိုက်စေချင်ပါတော့သည်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*