အမှိုက်ကစ ပြာသာဒ် မီးမလောင်ခင်မှာ

အမှိုက်ကစ ပြာသာဒ် မီးမလောင်ခင်မှာ
October 20, 2016 Asian Fame

8:11 am
အမှိုက်ကစ ပြာသာဒ် မီးမလောင်ခင်မှာ
In Articles
Thai police and army personnel inspect the scene of a bomb attack which left three police officers dead in Thailand's restive southern province of Yala on September 23, 2016.
Three police officers were killed on September 23 by a bomb tucked beneath a road in Thailand's far south, police said, as peace talks appear to falter in the insurgency-plagued region. / AFP PHOTO / KATAWUT CHUM

ဒီစာကို ကျွန်တော် မရေးမဖြစ်လို့ ရေးရတာပါ။ ရေးချင်လွန်းလို့ မဟုတ်ဘဲ၊ မရေးချင်ဘဲနဲ့ ရေးလိုက်ရတဲ့ စာတစ်ပုဒ်ပါ။ ရေးသင့် မရေးသင့်လည်း အတော်ကလေး စဉ်းစားခဲ့ပါတယ်။ နောက်ဆုံးတော့ တိုင်း ပြည်အတွက် အားလုံးသိထားသင့်တယ်ထင်လို့ ရေးလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော် အဓိကတင်ပြချင်တဲ့သတင်း စကားကတော့ ဖြစ်သွားခဲ့တဲ့ ဘူးသီးတောင်၊ မောင်တောကိစ္စကို ပေါ့ပေါ့ဆဆ သဘော မထားဖို့ တာဝန်ရှိသူတွေရော၊ ပြည်သူအား လုံးကိုပါ သတိပေးချင်လို့ပါပဲ။ ဒီလို ပြောလို့ လူတွေကို လိုတာထက်ပိုပြီး စိုးရိမ်ပူပန်အောင် ဖွမိတာမျိုး မဖြစ်စေချင်သလို လူ အုပ်စုနှစ်ခုအကြား ရန်လိုမှုတွေ၊ ပဋိပက္ခနဲ့ အဓိကရုဏ်းတွေဖြစ်လာအောင်ဆွ ပေး တာမျိုးလည်း မဖြစ်စေချင်ပါဘူး။ ဒါပေ မယ့်ဒီကိစ္စက အမျိုးသားလုံခြုံရေးနဲ့ တိုက် ရိုက်ပတ်သက်နေပြီး စိုးရိမ်သင့်တဲ့အတိုင်း အတာကလည်း ရှိနေတယ်လို့ ယူဆမိတဲ့အတွက် ”ဆိုရေးရှိက၊ ဆိုအပ်လှ၏” လို့ သဘောထားပြီး ရေးရတာဖြစ်ပါတယ်။

နိုင်ငံတကာအရေးကိစ္စတွေကို ဆယ်စုနှစ်နဲ့ချီပြီး တာဝန်အရရော၊ ဝါသနာအရပါ လေ့လာခဲ့တဲ့သူတစ်ယောက်အနေနဲ့ အထူးသဖြင့် လုံခြုံရေးကိစ္စတွေကို ကျွန် တော်အာရုံစိုက် လေ့လာခဲ့ပါတယ်။ အ ကြမ်းဖက်မှုတွေနဲ့ ပတ်သက်ရင် ထိုင်း တောင်ပိုင်းက အကြမ်းဖက် ပြဿနာတွေ အကြောင်း စာအုပ်တစ်အုပ်ရေးခဲ့ဖူးသလို၊ ၂ဝဝ၁ ခုနှစ် ၉/၁၁ အရေးအခင်းကစပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အိုင်အက်စ်အဖွဲ့ အထိ တောက်လျှောက် လေ့လာရေးသားမှု တွေ ပြုလုပ်ခဲ့ပါတယ်။

ကျွန်တော့်အတွေ့အကြုံအရ ပြောရ မယ်ဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ ဘူးသီးတောင် မောင်တောကိစ္စဟာ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တုန်းက ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝတ်ပြည် နယ်မှာ ထိုင်းအင်ဂျင်နီယာ တပ်ရင်းဌာန ချုပ်ကို လူအုပ်နဲ့ ညပိုင်းမှာ ဝင်ရောက်စီး နင်းပြီး လက်နက်တွေ လုယူသွားကြတဲ့ဖြစ် စဉ်နဲ့ တစ်ထပ်တည်းနီးပါး တူညီနေပါတယ်။

အဲဒီဖြစ်စဉ်ရဲ့ အခြေခံနောက်ကြောင်း ကလေးကို ပြန်ပြောရမယ်ဆိုရင် ထိုင်းနိုင်ငံ တောင်ပိုင်းက ပြည်နယ်တွေဟာ မလေး နွယ်ဖွား မွတ်စလင်တွေ နေထိုင်တဲ့ နယ် မြေဖြစ်ပြီး ၁၆ ရာစုကစလို့ ထိုင်းဘုရင်ရဲ့ သိမ်းပိုက်အုပ်ချုပ်မှု အောက်ကို ရောက်ရှိခဲ့ ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းက စပြီး ခွဲထွက်ရေးလှုပ်ရှားမှုတွေ စတင်ခဲ့ပြီးတော့ PULOလို့ခေါ်တဲ့ ပတ္ထနီလွတ်မြောက်ရေး တပ်ပေါင်းစုဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ ၁၉၆ဝ ပြည့်လွန်နှစ်တွေမှာ ခွဲ ထွက်ရေး သူပုန်အဖွဲ့ပေါင်း ၆ဝ ကျော်ရှိခဲ့ ပြီး ၁၉၈ဝ ပြည့်လွန်ကာလတွေမှာတော့ အစိုးရရဲ့ စစ်ရေး၊ နိုင်ငံရေး ကြိုးပမ်းမှုတွေကြောင့် အဲဒီအဖွဲ့တွေ အင်အားကျဆင်းပြီး ငြိမ်သွားခဲ့ပါ။ ငြိမ်နေတယ်ဆိုပေမယ့် လုံးဝ ပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။ ၁၉၇၉ ခုနှစ် ကနေ ၂ဝဝ၃ ခုနှစ်အတွင်းမှာ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၂ဝဝ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၂ဝဝ၁ ခုနှစ်မှာ ၉/၁၁ အရေးအခင်း ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ကမ္ဘာကြီးမှာ ဆင်မြူရယ်ဟန်တင်တန် ပြောသလို ယဉ် ကျေးမှု လူ့အဖွဲ့အစည်းချင်း တွန်းတိုက်မှု ပဋိပက္ခဟာ ပိုပြီးပုံပေါ်လာပါတယ်။ ကမ္ဘာအနှံ့က ဘာသာတူတွေဟာ အိုစမာဘင် လာဒင်ကို သူရဲကောင်းသဖွယ်မြင်လာကြ ပြီး အယူအစွဲပြင်းထန်သူတွေက စစ်သွေးကြွလှုပ်ရှားမှုတွေ ဖော်ဆောင်လာပါတယ်။

ထိုင်းတောင်ပိုင်းမှာတော့ မူလက သဘာဝမတူတဲ့ လူ့အဖွဲ့အစည်းနှစ်ခု အ ကြားမှာ နယ်မြေခွဲထွက်ရေး လှုပ်ရှားမှု အနေနဲ့ ရှိခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဘာသာရေးအစွန်းရောက် အယူအစွဲတွေ ပါ ကူးစက်ပျံ့နှံ့လာခဲ့ပုံရပါတယ်။ လူမှု စီးပွားရေးအခြေအနေကို ဆန်းစစ်ရင် ထိုင်းတောင်ပိုင်းမှာ မလေးနွယ်ဖွားတွေက အနိမ့်ဆုံးအုပ်ချုပ်ခံလူတန်းစား နေရာမှာ ရှိပါတယ်။ ထိုင်းတွေက အစိုးရအရာရှိနဲ့ ကျောင်းဆရာ၊ ဆရာမတွေ၊ အုပ်ချုပ်သူ တွေဖြစ်ကြပြီး ထိုင်းတရုတ်တွေကတော့ အဲဒီဒေသမှာရှိတဲ့ ရော်ဘာခြံနှင့် တခြား စီးပွားရေးလုပ်ငန်းတွေကို အုပ်စီးထားပါ တယ်။ ဒီအခြေအနေဟာ မလေးနွယ်ဖွား တွေကို မခံချင်တဲ့ အငုံ့စိတ်တွေ ဖြစ်ပေါ် စေခဲ့ပါတယ်။ ဆင်းရဲတဲ့ မလေးတွေဟာ သူတို့နဲ့ဘာသာမတူ လူမျိုးမတူတဲ့ စကား မတူတဲ့ ထိုင်းစာသင်တဲ့ အစိုးရကျောင်း တွေကို မတက်ချင်ကြဘဲ လူမျိုးတူ ဘာ သာရေးဆရာတွေ တည်ထောင်ဖွင့်လှစ် ထားတဲ့ ‘ပွန်ဒေါက်’လို့ခေါ်တဲ့ အခြေခံ ဘာသာရေး ကျောင်းတွေမှာပဲ တက်ကြပါ တယ်။ ပွန်ဒေါက်တွေမှာ အခြေခံအာရဗီဘာသာနဲ့ ဘာသာရေးသင်ခန်းစာတွေ ပြီးသွားရင် ပါကစ္စတန်မှာရှိတဲ့ ‘မဒရပ်ဆာ’ ဘာသာရေးကျောင်းတွေမှာ တချို့ကသွား တက်ကြပါတယ်။ အဲဒီမဒရပ်ဆာတွေက နေ ‘ဂျီဟတ်’အယူအဆနဲ့ စစ်ရေးအတတ်ပညာ၊ အကြမ်းဖက်ဖောက်ခွဲမှု နည်းပညာ အဆက်အသွယ်တွေ ရရှိလာခဲ့ကြတာ ဖြစ် ပါတယ်။ ဒါကြောင့် ၂ဝဝ၁ ခုနှစ်ကစပြီး ထိုင်းတောင်ပိုင်းမှာ အကြမ်းဖက်မှု ဖြစ်စဉ် တွေ ပိုမို ဖြစ်ပွားလာခဲ့တာတွေ့ ရပါတယ်။

၂ဝဝ၄ ခုနှစ် ဇန်နဝါရိလ ၄ ရက်နေ့ကတော့ ထိုင်းတောင်ပိုင်း အကြမ်းဖက်မှု သမိုင်းမှာ အချိုးအကွေ့စာမျက်နှာသစ် ဖြစ်ခဲ့ပါတယ်။ ထိုင်းအစိုးရ အဆက်ဆက် ဟာ ထိုင်းတောင်ပိုင်းမှာ ပြည်တွင်းလုံခြုံ ရေးစစ်ဆင်မှု ကွပ်ကဲရေးဌာနချုပ် ထားရှိခဲ့ ပါတယ်။ အဲဒီဌာနချုပ်အောက်မှာ ထိုင်း တောင်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်နီယာတပ်ရင်းတွေ ရှိပါတယ်။ အဲဒီတပ်ရင်းတွေထဲက နာရာသီဝတ်မှာ ရှိတဲ့ တပ်ရင်းတစ်ခုရဲ့ တပ်ရင်းဌာနချုပ်ကို မနက်လင်းအားကြီးမှာ စစ်သွေးကြွ အကြမ်းဖက်တွေက ဝင်စီးခဲ့တာ ဖြစ်ပါတယ်။ သာမန်အားဖြင့် တည်ငြိမ်နေပြီး ရန်သူ သတင်းလည်း မရှိ၊ တိုက်ခိုက်ရေး
တပ်ရင်း လည်းမဟုတ်တော့ အင်ဂျင်နီယာတပ်ရင်း ရဲ့ ဗဟိုကင်းကလည်း သတိပေါ့ဆခဲ့ပုံရ ပါတယ်။ အကြမ်းဖက်သမားတွေက ကင်း သမားကို ဓားမြှောင်နဲ့လည်လှီးခဲ့ပြီး အိပ် ပျော်နေတဲ့ အစောင့်တပ်စိတ်ကိုပါ ရှင်းပစ် ခဲ့ပါတယ်။ ထိုင်းစစ်သားလေးယောက် သေဆုံးပြီး အားလုံး လည်ပင်းလှီးဖြတ်အ သတ်ခံခဲ့ရတာပါ။ ပြီးတော့မှ လက်နက် တိုက်မှာရှိတဲ့ လက်နက်စုစုပေါင်း တစ်ရာကျော်ကို ကားနဲ့တင်ပြီး ထွက်သွားတာဖြစ်ပါတယ်။ နောက်က လိုက်လာတဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ဟန့်တားနိုင်အောင် လမ်း တစ်လျှောက် သံဆူးတွေချခဲ့တာ၊ တစ်ချိန် တည်းမှာပဲ တခြားနေရာတွေမှာ ယောင်ပြ တိုက်ကွက် ဖော်တာ၊ ကားတာယာဟောင်း တွေကို မီးရှို့ပြီး အာရုံလွှဲတာတွေလည်း လုပ်ခဲ့ပါတယ်။ ပါသွားတဲ့ လက်နက်တွေထဲမှာ အမ် ၁၆ မောင်းပြန်ရိုင်ဖယ်တင်ပဲ အလက်တစ်ရာဖြစ်ပါတယ်။ အဲဒီလက်နက်တွေဟာ အခု အချိန်အထိတစ်လက်မှ ပြန်မရတော့ပါဘူး။

အဲဒီနောက်ပိုင်းကစပြီး ထိုင်းတောင် ပိုင်းဟာ တစ်စက်ကလေးမှ မငြိမ်သက် တော့ပါဘူး။ အစိုးရနဲ့ပတ်သက်တဲ့ ပစ် မှတ်တွေကို ဆက်တိုက်ဆိုသလို တိုက်ခိုက် လာခဲ့ပါတယ်။ ဒါ့အပြင် အစိုးရကျောင်း တွေကို မီးရှို့တာ။ အစိုးရဝန်ထမ်းတွေကို သတ်ဖြတ်တာတွေ လုပ်လာခဲ့သလို ထူး ထူးခြားခြား အပြောင်းအလဲအနေနဲ့ ဆွမ်း ခံထွက်လာခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ကိုပါ သတ်ဖြတ်တာမျိုးတွေ လုပ်လာခဲ့ပါ တယ်။ ဒါဟာ အရင်တုန်းကလို နယ်မြေခွဲ ထွက်ရေးလှုပ်ရှားမှုထက် ဘာသာရေးဘက် ကို ဦးတည်လာတာ ဖော်ပြနေပါတယ်။ အခုချိန်ထိ ထိုင်းတောင်ပိုင်းမှာ ဘုန်းကြီး တွေ ဆွမ်းခံထွက်ရင် စစ်တပ်က လက်နက် အသင့်အနေအထားနဲ့အစောင့် လိုက်ပေး နေရတာကို တွေ့နိုင်ပါတယ်။

၂ဝဝ၄ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ အုပ်ချုပ်တဲ့ သက်ဆင်ရှင်နာဝပ် အစိုးရ ဟာ အကြမ်းဖက်တွေကို အင်အားသုံး နှိမ် နင်းခဲ့ပါတယ်။ ၂ဝဝ၄ ခုနှစ် ဧပြီလမှာ နာရာသီဝပ်၊ ပတ္ထနီနဲ့ ယာလာပြည်နယ်တွေ က ရဲစခန်း ၁၁ ခုကို အကြမ်းဖက်အုပ်စုက တစ်ချိန်တည်း ဝင်တိုက်ခဲ့ပါတယ်။ တပ် အင်အားသုံးပြီး ပြန်တိုက်တဲ့အတွက် သူ ပုန် တစ်ရာလောက် သေဆုံးပါတယ်။ ထူး ခြားဖြစ်စဉ်တစ်ခုကတော့ အကြမ်းဖက် အုပ်စုအင်အား ၃ဝ လောက်ဟာ ရှေး ဟောင်းဗလီတစ်ခုထဲကနေ မဆုတ်ခွာဘဲ အပြင်းအထန် ခုခံနေခဲ့ပါတယ်။ ဝိုင်းထား တဲ့လုံခြုံရေးတပ်ဖွဲ့က လက်နက်ချဖို့ အ ကြိမ်ကြိမ် ပြောခဲ့ပေမယ့် နာရီပေါင်းများစွာ ကြာတဲ့အထိ လက်နက်မချတဲ့အတွက် ဗုံး ပစ်လောင်ချာတွေသုံးပြီး အတင်းဝင်ရောက် စီးနင်းတဲ့အခါ တိုက်ခိုက်ရေးသမားအား လုံး သေဆုံးသွားခဲ့ပါတယ်။ အဲဒါကို လူ့ အခွင့်အရေးအဖွဲ့တွေက အလွန်အကျွံ အင်အားသုံးတယ်ဆိုပြီး ကန့်ကွက်ကြတော့ တာပါပဲ။ ဧပြီလ တိုက်ခိုက်မှုမှာပါလို့ အရှင်ဖမ်းဆီးရမိတဲ့သူတွေကိုလည်း လူမ ဆန်စွာ ဆက်ဆံတယ်။ ညှဉ်းပန်းနှိပ်စက် တယ်ဆိုပြီး လူတွေထောင်ချီပြီးတော့ တပ် ဘိုင် အကျဉ်းထောင်ကို ဝိုင်းရံဆန္ဒပြကြ ပါတယ်။ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကဝင်ရှင်း ပါတယ်။ လူတစ်ထောင်လောက်ကို ထပ်ပြီး ဖမ်းဆီးလိုက်ရပါတယ်။ ထိန်းသိမ်းထားတဲ့ လူတွေကို အကျဉ်းစခန်းဆီ ပို့ဆောင်ရာမှာ အချုပ်ကားမလောက်လို့ ပြည့်သိပ်အောင် ထည့်ပြီးပို့တဲ့အတွက် လူတချို့ လေမွန်းပြီး သေဆုံးကြပြန်ပါတယ်။ ဒီလိုနဲ့ ပြဿနာက မပြီးနိုင်အောင် ဖြစ်ခဲ့ပါတယ်။

သက်ဆင်လက်ထက်မှာ ထိုင်းတောင် ပိုင်းကို ထိန်းမရခဲ့သလို ၂ဝဝ၆ ခုနှစ်မှာ အာဏာသိမ်းယူခဲ့တဲ့ စစ်အစိုးရလက်ထက် မှာလည်း မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ စစ် အစိုးရအဖွဲ့ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟူသီကိုယ်တိုင် အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့အတွက် ထိုင်း တောင်ပိုင်း ငြိမ်းချမ်းရေးကို စည်းရုံးရေးနည်းဖွံ့ဖြိုးရေးနည်းတွေနဲ့ အသုံးပြုပြီး ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ပါဘူး။ တစ်ဖက်မှာ သူပုန်တွေက စစ်ရေးနည်း လမ်းကို အသုံးပြုချုံခိုပြီး ပြောက်ကျားနည်း တွေနဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်သည် တွေ မကြာခဏကျဆုံးနေကြရသလို တစ် ဖက်မှာလည်း အပြစ်မဲ့တဲ့ အရပ်ဘက်ပစ် မှတ်တွေကို ဗုံးခွဲပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေလို့ မြို့ရွာလုံခြုံရေး တာဝန်တွေပိနေ ခဲ့ပါတယ်။ ကျောင်းဆရာတွေကို ပစ်မှတ် ထားတိုက်ခိုက်မှု၊ ကျောင်းတွေကို မီးရှိှု့မှု တွေက ဆက်ပြီးတိုးပွားခဲ့ပါတယ်။ ဒါကြောင့် ၂ဝဝ၇ ခု နှစ်ဆန်းပိုင်းမှာ ထိုင်းတောင်ပိုင်း ကို တပ်အင်အားသုံးသောင်းလောက် လုံ ခြုံရေးချထားဆောင်ရွက်ထားခဲ့တာတောင် မှ ကျောင်းပေါင်း ၁ဝဝဝ ကျော် ပိတ်ထား ခဲ့ရတယ်လို့ ဆိုပါတယ်။ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ အစိုးရဘက်က ကမ်း လှမ်းပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီ ဆွေးနွေးပွဲအစား ထစ်ခနဲရှိရင် လူထုဆန္ဒ ပြပွဲဆိုတာနဲ့ပဲ အစိုးရ ရင်ဆိုင်နေခဲ့ရ တာ ဖြစ်ပါတယ်။
လုံခြုံရေးတာဝန်ယူရတဲ့ တပ် ဖွဲ့တွေကတော့ ”ရှေ့မှာတောင်ကုန်း၊ နောက်မှာ ခုံရုံး” ဆိုတာလို တောထဲမှာ ကျည်ဆန်၊ မြို့ပေါ်မှာ ဆန္ဒပြမှုဆိုတဲ့ ဆန် နှစ်ဆန်နဲ့ ရင်ဆိုင်ရင်း စစ်ရေးနဲ့ နိုင်ငံရေး မျက်နှာစာနှစ်ခုမှာ အကျပ်တွေ့ခဲ့ရပါတယ်။ နောက်ပိုင်း အစိုးရတွေဖြစ်တဲ့ ဝန်ကြီးချုပ် အဘိစစ်နဲ့ ယင်းလတ်ရှင်နာဝပ်တို့ လက် ထက်မှာလည်း ထူးမခြားနားပါပဲ။ ယင်းလတ် လက်ထက်မှာ ထိုင်းတောင်ပိုင်းကို ကိုယ် ပိုင်အုပ်ချုပ်ခွင့်ပေးဖို့အထိ စဉ်းစားခဲ့ပါ သေးတယ်။ စစ်ဘက်က အပြင်းအထန် ကန့်ကွက်လို့ မပေးဖြစ်ခဲ့ပါဘူး။

စစ်ဘက်က ကန့်ကွက်တယ်ဆိုတာ လည်း အကြောင်းရှိပါတယ်။ ထိုင်းတောင် ပိုင်းဟာ နယ်စပ်မျဉ်းတစ်ဖက်မှာ မလေး ရှားနိုင်ငံနဲ့ ထိစပ်နေတာပါ။ ထိုင်းတောင် ပိုင်းသားတွေဟာ မလေးရှားနိုင်ငံက မလေး လူမျိုးတွေနဲ့ လူမျိုး၊ ဘာသာစကား၊ ကိုး ကွယ်တဲ့ဘာသာ အကုန်လုံးတူပါတယ်။ တကယ်လို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည် နယ်ပေးလိုက်ရင် နိုင်ငံတကာဥပဒေအရ ဆန္ဒခံယူပွဲလုပ်ပြီး အများစု သဘောဆန္ဒအ ရလို့ဆိုကာ မလေးရှားနဲ့ ပေါင်းစည်းသွား နိုင်ပါတယ်။ ယူကရိန်းနိုင်ငံထဲက ခရိုင်းမီး ယား ကျွန်းဆွယ်ဟာ ရုရှားနဲ့ ပေါင်းသွား သလို ဖြစ်နိုင်ပါတယ်။

ယင်းလတ်နောက်ပိုင်းတက်လာတဲ့ လက်ရှိ ထိုင်းစစ်အစိုးရ လက်ထက်မှာ လည်း ထိုင်းတောင်ပိုင်းအခြေအနေက တိုးတက် ပြောင်းလဲမလာတဲ့အပြင် ပိုတောင် ဆုတ်ယုတ်လာတဲ့သဘော ရှိပါတယ်။ မကြာသေးခင်ကပဲ တောင်ပိုင်းပြည်နယ် တွေမှာရှိတဲ့ ခရီးသွား အပန်းဖြေစခန်းတွေ မှာ အတွဲလိုက် ဗုံးကွဲမှုတွေ တစ်သီတစ် တန်းကြီးဖြစ်ခဲ့တာ ယခုထက်ထိ အတော မသတ်သေးပါဘူး။ ဗုံးကွဲမှုတွေက မြို့ တော် ဘန်ကောက်ဘက်အထိပါ တဖြည်း ဖြည်းတက်လာပြီး အခုဆိုရင် ဘန်ကောက် ကိုပါ ခြိမ်းခြောက်နေပါပြီ။ တောင်ပိုင်းအ ကြမ်းဖက် အဖွဲ့တွေက ဘန်ကောက်မှာ အသေခံကား ဗုံးခွဲမှုမျိုးတွေ လုပ်မယ်လို့ သတင်းကြားတဲ့အတွက် လုံခြုံရေးတွေ တိုးမြှင့်ချထားရကြောင်း သိရပါတယ်။

ဆက်လက်ဖော်ပြပါမည်။
ကိုကိုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*