မေတ္တာပွား တစ်လှည့် မပွားတစ်လှည့်

မေတ္တာပွား တစ်လှည့် မပွားတစ်လှည့်
September 2, 2016 Asian Fame

11:03 am
မေတ္တာပွား တစ်လှည့် မပွားတစ်လှည့်

SoeKyiPhyuလွန်ခဲ့တဲ့ လေးရက်လောက်က ကျွန်မရယ်၊ မြေးမောင်ရယ်၊ မောင်ရဲ့ နာ့စ်ရယ် အိမ် ကကားနဲ့ မြို့ထဲကို ထွက်လာခဲ့ပါ တယ်။ မြို့ထဲက သမီးငယ် ရဲ့ ပိုး ထည်ဆိုင်မှာ မြေးမောင်က စာသင် မှာဆိုတော့ ကျွန်မက ဆိုင်ဖွင့်ပေးရပါ တယ်။ မြေးလေးအတွက်လည်း အဆင်ပြေ ပါတယ်။ ဒါနဲ့ပဲ အိမ်က မနက် ၉ နာရီ လောက်ထွက်လာကြတာ လမ်း တစ်ဝက်လောက်ရောက်တော့ ကား ကျပ်လို့ ရပ်နေရပါတယ်။ ကားစီးရင် ကျွန်မက ဒရိုင်ဘာခုံနောက်တည့် တည့်မှာ အမြဲထိုင်ပါတယ်။ ဦးစီးမှူး နဲ့သွားရင်လည်း သူက ကျွန်မရဲ့ဝဲ ဘက်မှာပဲ ထိုင်လေ့ ရှိတယ်။ ဒီနေ့ တော့ မြေးလေး ပါတော့ ကျွန်မက ဝဲဘက်မှာ ထိုင်ပြီး မြေးမောင်ကို ဒရိုင်ဘာ ခုံနောက်မှာ ထိုင်ခိုင်းပါ တယ်။ အန္တရာယ် ကင်းအောင်ပေါ့ရှင်။ ယာဉ်မောင်းသူ ဆိုတာ ကားတစ်စုံ တစ်ရာဖြစ်တယ် ဆိုရင် သူ့ရဲ့မသိ စိတ်က သူ့လွတ်ရာ လွတ်ကြောင်းကို အရင် စတီယာရင် ကွေ့ချပစ်တာပါ။ သူ့နောက်ကလူက သူ့လိုပဲ အန္တရာယ် ကင်းပါတယ်။ အခုခေတ် ကားစီးရ တာကလည်း ခပ်လန့်လန့် ရယ်လေ။ ကားမောင်းတွေ ကြမ်းလိုက်တာများ ပွတ်ကာသီကာတွေပဲ။ တစ်ခါတလေ ကားကြီးတွေနဲ့ ပွတ်မောင်း ရရင်တော့ အတော်လေး အသည်းငယ် မိတယ်။ အခုမောင်းလာတဲ့နေ့ ကတော့ အိမ် ကကားကိုမောင်း လာတဲ့ မောင်ထွန်း လေး က လည်း ဖြည်းဖြည်း ပဲ မောင်း တယ်။ တစ်နာရီ ကီလိုမီတာ သုံး ဆယ်ထက်ကျော်ရင် ကျွန်မ မကြိုက် တော့ဘူး ဆိုတာလည်း သူသိပါ တယ်။ အခု ကျွန်မတို့ကားတိုက်မိ သွားတယ်ရှင်။ တိုက်မိတယ် ဆိုတာ ကလည်း ရှေ့ကကားတွေ ကျပ်နေလို့ ရပ်ထားတဲ့ရှေ့က ကားကို တိုက်မိ တာ။ တော်သေးတာက အရှေ့က ကားက ဆလွန်းကားကောင်းတွေ မဟုတ်ဘဲ ပစ်ကပ်ကားလေးဖြစ်နေ တာပါပဲ။ အဓိက ကျွန်မ ယာဉ်မောင်း လေးရဲ့ ပြစ်ချက်က တစ်ချက်ကလေး အိပ်ငိုက်သွားတာပါပဲ။ ကားတွေ ထွက်မယ်လည်း ဆိုရော ရှေ့က မထွက်သေး တဲ့ ကားကို သွားတိုက်မိ ပါလေတော့တယ်။

“ဟာ..တိုက်မိသွားပြီကွာ”

 မောင်ထွန်းအသံ ရုတ်တရက် ကျယ်ခနဲထွက်လာတယ်။

“ဟင်း..တစ်ချက်လေး အိပ် ငိုက်မိသွားတာ”

ကျွန်မလည်း စိတ်ညစ်သွားပေ မယ့် ကျွန်မလည်း အပြစ် ရှိတာပါ။ ခါတိုင်းဆို အမြဲတမ်း ယာဉ်မောင်း နဲ့ စကားပြောလေ့ ရှိတဲ့ကျွန်မ လည်း အိပ်ငိုက်နေ မိချိန်မှာ ဖြစ်သွားတာပါ။ ကားထဲမှာ သီချင်းကလည်း ဖွင့် မထားချိန် ဆိုတော့ တိတ်ဆိတ်နေပါ တယ်။ ရှေ့ခန်း ကထိုင်တဲ့ ဆရာမ ကလည်း သူ့ဟာသူ အေးအေးဆေး ဆေး ဆိုတော့ ပိုတိတ်ဆိတ်နေရော။ တစ်လမ်းလုံး စကားဖောင် လာတဲ့ မြေးမောင် ကလည်း အဲဒီအချိန်မှာ စကားမပြောဘဲ ရပ်နေတဲ့ အချိန်လေ။

ကားက ထွက်မယ်လည်း ဆိုရော တိုက်မိတော့တာပါပဲ။ အရှိန်ကတော့ သိပ်မရှိပါဘူး။ တိုက်မိတယ် ဆိုတာနဲ့ ကားပေါ်က မုတ် ဆိတ်မွေးတွေ အများကြီး ထားထားတဲ့ အသက် သုံးဆယ်အရွယ်လောက် မဇ္ဈိမသား တစ်ယောက် ရှေ့ခေါင်းက ဆင်းလာ တယ်။ ပြီးတော့ ပြောရော။

“ခင်ဗျား ဘယ်လိုလုပ်ပေးမလဲ”

“ကျွန်တော်လုပ်ပေးရမှာပြော ပါ။ အခုကြည့်တာတော့ နည်းနည်း လေးပဲလေ”
မောင်ထွန်းက ပြောတယ်။

 “ဘယ်နည်းမလဲ၊ ဒါ အခု ရောင်းဖို့ဈေးဆိုင်ထားတာဗျ။ အခု ခက်ပြီ။ ခေါင်းလည်း နည်းနည်းနာ သွားတယ်” (ခေါင်းကိုဖိပြီးပြော)

“ခင်ဗျား လျှောက်မပြောနဲ့။ ဘာမှမဖြစ်ဘူး။ တိုက်မိတာပဲပြောပါ”

ကျွန်မ ယာဉ်မောင်းလေးက စိတ်ဆတ်တယ်။ ကျွန်မဝင်ပါမှဖြစ် တော့မယ်။ ကားထဲ ထိုင်နေရင် သူတို့ ပြောပုံဆိုပေါက်နဲ့ ရိုက်ပွဲဖြစ်တော့ မယ်။ တစ်ဖက်  ကလည်း မုတ်ဆိတ် မွေးတွေနဲ့ဆိုတော့ ဘေးလူတွေ ပုံကြီးချဲ့မခံနိုင်ဘူး။ စာဖတ်သူရှင်။ ကျွန်မ ကားပေါ်က ဆင်းပြီး အဲဒီ လူငယ်လေးကိုပြောရတယ်။

“သားရေ..စိတ်အေးအေး ထားနော်။ အန်တီတို့ ပြင်ပေးပါ့ မယ်။ အခု ဘယ်နေရာဖြစ်သွားလဲ သား”

“ဒီထောင့်စွန်းရယ်၊ ဆင်းတဲ့ လှေကားလေးလည်း အထဲဝင်သွား တယ် အန်တီ။ ကျွန်တော်က ရောင်း မယ့်ကားဗျ”

ကြည့်လိုက်တော့ ကား ညာ ထောင့်စွန်းမှာ နည်းနည်း ခွက်သွား တယ်။ ကိုယ့်ကားကိုယ် မျက်လုံးထဲ မှာ စွေကြည့် လိုက်တော့ ကား ဘောနက်ဖုံး က အပေါ်မှာ ထိုးထိုး ထောင်ထောင် ထွက်နေတယ်။ ကြည့် မနေတော့ပါဘူး။ ဟိုကလေးကိုပဲ စကားပြောရတယ်။

“ရတယ်သား၊ လုပ်ပေးပါ့မယ်”

“နည်းနည်းလေး ကြီးကြီး၊ ဘာ မှမဖြစ်ဘူး။ ဒီဟာလေးပဲ”

“ခင်ဗျား ဒီလိုမပြောနဲ့။ ဒီမှာ အထဲခွက်ဝင်သွားတယ်လေ။ ခင်ဗျား ဘယ်လောက်ပေးမလဲပဲပြော”

 ဟော..လေသံတွေက ကြမ်း လာကြပြီ။ အရာရာကို အကြမ်းနည်း နဲ့ ဖြေရှင်းရင် ရန်တွေ ချည်းဖြစ်ကုန် တော့မှာပေါ့။ ကိုယ့်လူကို မျက်ရိပ် မျက်ခြည် နဲ့ဟန့်ရင်း မဇ္ဈိမသားလေး ကို ပြောရတယ်။

“ကဲ..သားရေ၊ စိတ်ဆိုးမနေ နဲ့နော်။ အကောင်းပကတိဖြစ်အောင် လုပ်ပေးပါ့မယ်။ ဘယ်ဝပ်ရှော့သွား ချင်လဲ” ကျွန်မ မေးလိုက်တယ်။

“ဘယ်ဝပ်ရှော့ကောင်းမလဲ မသိဘူး” သူခေါင်းကုတ်တယ်။ ကျွန်မပဲ ဆုံးဖြတ်ပေးလိုက်ပါတယ်။

“ကဲ..သားရေ၊ အန်တီတို့ ကားတွေ လုပ်ပေးနေကျဝပ်ရှော့ရှိ တယ်။ လုပ်ပေးမယ်နော်။ ကားပေါ် တက်”

“ဒီအတိုင်းမရဘူး။ ကားဝှီးတက် ပေးပါ အန်တီ”

“ကဲ..မောင်ထွန်းရေ ပေး လိုက်။ မင်းကားကို သူ့ကားနောက်က မောင်းလိုက်”

ဝပ်ရှော့နေရာ ပြောပြပြီး ထွက် လာကြတယ်။ သမီးငယ် ဆိုင်ရောက် တော့ ကျွန်မတို့အဖွဲ့ ကပျာကယာ ဆင်းပြီး သူတို့နှစ်ယောက် ကို လွှတ် လိုက်တယ်။ ဆိုင်ဖွင့်ချိန်တောင် ကိုယ်တွေကြောင့် နည်းနည်းနောက် ကျသွားတယ်။ အဆင်ပြေပါစေ ဆု တောင်းရင်း ကျွန်မ ထမင်းစားတော့ နေ့လယ်နှစ်နာရီတိတိဖြစ်နေပြီ။ “ရင်ခံတယ်” ဆိုတာ အဲဒါကိုပြော တာဖြစ်မှာ စာဖတ်သူ။
‘ ‘ ‘

နှစ်ရက်မြောက်နေ့မှာ မုတ်ဆိတ် မွေးပိုင်ရှင်လေး ဖုန်းဆက်တယ်။ (သူ့ကို ကျွန်မဖုန်းနံပါတ် ပေးထား တယ်)
“ဟယ်လို.. အန်တီ”
“အေး..သားရေ ပြောပါ”
“အန်တီ့ယာဉ်မောင်းလေးနဲ့ စကားပြောချင်တာ သူ့ဖုန်းခေါ်မရလို့”

“သူ့ဖုန်းက နှစ်ဆယ့်လေးနာရီ ခေါ်မရဘူး သားရေ။ ဘက်ထရီ ကုန် နေတာနဲ့၊ ဖုန်းပျောက်တာ နဲ့လေ။ ဖုန်းက ငါးလုံးလောက် ရှိပြီ ပျောက် တာလေ” ကြုံတုန်း ကိုယ့်လူအတင်း လည်း အိုဗာတင်းလေး နဲ့ နှက်ရ သေးတယ်။

“သားကားလေး အဆင်ပြေလား ပြင်တာလေ”

“ဟာ..အရမ်းကောင်းပါတယ် ခင်ဗျ။ ဝပ်ရှော့မှာအဆင်ပြေပါတယ် ခင်ဗျာ။ အဲဒါ လှမ်းပြောမလို့ သူ့ဖုန်း ခေါ်မရလို့အန်တီ”

“ဝမ်းသာတယ် သားရေ..ကား လေး ပြန်လှ သွားရင်ပြီးတာပါပဲ။ ဆေးလည်း ပြန်မှုတ်ပေးတယ် မဟုတ် လား”

“ဟုတ်ကဲ့..အန်တီ၊ အားလုံး ကောင်းသွားပြီ”

“ဒါဆို ကျွန်တော် ဝပ်ရှော့က ကားယူပြီး ပြန်တော့မယ်နော်။ ကား ဝှီးတက်လည်း ပြန်ပေးထားပြီးပါပြီ။ အန်တီ့ ယာဉ်မောင်းဆီမှာနော်”

“အေး..ဒါဆို အားလုံးအိုကေ။ တာ့တာပါသားရေ”

“ဟုတ်ကဲ့ခင်ဗျ”

 အဓိက ဒါပါပဲ။ ရဲတောင်မသိ လိုက်တဲ့ ဒီကိစ္စမျိုးလေးက ကြီးထွား မလာသင့်ဘူး။ အလုပ်လည်းရှုပ် တယ်။ အမုန်းတရားတွေ များလာပြီး တစ်နွယ်ငင် တစ်စင်ပါ၊ ဘေးက မြှောက်ထိုးပင့်ကော်တွေ လုပ်ရင် ပို ဆိုးဦးမယ်။ အခုတော့ ပြီးသွားပြီ။ ကိုယ်က မေတ္တာပေး ရင် မေတ္တာပြန် ရပါတယ်။ အဓိက ကိုယ်က မေတ္တာ အရင်ပေးဖို့ လိုပါတယ် စာဖတ်သူ။ ပြဿနာ တစ်ခုခုဆို ဒေါသ နဲ့မတုံ့ ပြန်ဘဲ တစ်ချက်လေး မေတ္တာပေးပြီး စမ်းသပ်ကြည့်ပါ။ အောင်မြင်ပါတယ် ရှင်။ အိမ်ကကား ကတော့ ည ကိုးနာရီ လောက် ပြန်ရောက် လာပါတယ်။ ကျွန်မ အပြင် ကပြန်လာတော့ အိမ် ပေါ် တန်းတက်မယ် လုပ်တုန်း ကို ရွှေမောင်ထွန်းက သူ့ကားဘေးက ရပ်ပြီး ပြောပါ တယ်။

“ကြီးကြီး၊ ကျွန်တော့်ကားလေး ကြည့်ပါဦး”

ကျွန်မလည်း သူစိတ်ချမ်းသာ အောင် ကားကိုကြည့်ပြီး ချီးမွမ်းပေး ရပါတယ်။

ကြည့်လိုက်တော့ ကားက ထု ထားတယ်၊ ဆေးမှုတ် ထားတယ် မထင်ရဘဲ အော်ရီဂျင်နယ် လိုပါပဲ။ တစ်စီးလုံးလည်း တောက်ပဝင်း လက်နေအောင် ရှိုင်းထားတယ်။ ကံကောင်းလို့ ငွေသိပ်မကုန်ဘဲ လေး သိန်းလောက်ပဲ ကုန်ပါတယ်။ ကိုယ် တွေလည်း သူဌေး မဟုတ်ပေ မယ့် ကိုယ့်ယာဉ်မောင်းကိုလည်း အကုန် မခံခိုင်းပါဘူး။ ကျွန်မပဲ ရှင်းပေးပါ တယ်။ သူတို့လည်း ကိုယ့် သားသမီး တွေလိုပါပဲ။ သမီး ကြီး ယာဉ်မောင်း ကတော့ ကားမောင်း သိပ်ညက်တယ်။ ဘာမှမဖြစ်ဖူးဘူး။ တစ်ခုပဲ၊ ကားကို သန့်ရှင်းရေးလုပ်ဖို့တော့ သူပျင်း တယ်ရှင့်။ သူက ကျတော့ လေယာဉ် ပျံလိုမောင်းတာ။ အမြန်နှုန်းမဟုတ် ဘူး။ ကားကို အိမ်ရောက်တာနဲ့ ရပ် ပြီး သူ့အိမ်ဒိုးတော့တာ။ သူ့အစ်မ သမီးကြီး ယူအက်စ်ကို ခဏပြန်ရင် ဥပမာ တစ်လခွဲကြာတယ် ဆိုပါတော့ ရှင်။ အဲဒီတစ်လခွဲ လုံး သူလုံးဝမလာ ဘူးရှင့်။ တခြားသူ က လုပ်ပဲ။ ကား စက်နှိုးတာ၊ ရေဆေးတာ။ အိမ် ရောက်ရင် ကားပေါ် အသင့်တက်ပြီး မောင်းတော့တာ၊ ပိုင်းလော့ကား သမားလို့ ကျွန်မ နာမည်ပေးထား တယ်။ တစ်လခွဲလုံးသာ မလာတာသိ လား စာဖတ်သူ။လခကျအပြည့်အဝ ထုတ်တယ်ရှင့်။ မုန်းစ ရာကောင်းပေ မယ့် သူလည်း သားသမီးလိုပဲ ခွင့်လွှတ် ရတာပါပဲ။ အိမ်မှာမောင်း တာလည်း ဆယ်နှစ်လောက် ရှိပြီဆို တော့ မေတ္တာ ပဲပေးပါတယ်။ သူတို့ ကလည်း ကျွန်မတို့ မိသားစု အပေါ် သစ္စာရှိပါတယ်။ သူတို့ မိသားစု သုံးယောက်က ကျွန်မ အိမ်မှာ တစ် နှစ် ကို မွေးနေ့ကိတ် သုံးခါခွဲပြီး ကျွန်မနဲ့ သမီးကြီး မုန့်ဖိုးပေးတာကို သုံးခါ ခံယူပါတယ်ရှင့်။
‘ ‘ ‘
ကားနဲ့ ပတ်သက်လာရင် တစ်ခု ရေးချင်သေးတယ်။ တစ်ခါတော့ ကျွန်မရေးဖူး ပါတယ်။ ကျွန်မသား ရန်ကုန်မှာ ရှိနေတုန်းကပေါ့ရှင်။ တစ်ရက်မှာ သားက ကားမောင်းရင်း ကျွန်မက ဘေးက ထိုင်စကားပြော ပေါ့။ အလုပ်တစ်ခု နဲ့ မြို့ထဲထွက် လာခဲ့တယ်။ မြို့လယ်ကောင် မီးပွိုင့် ဆုံရာလည်း ရောက်ရော ကျွန်မတို့ ကားတွေ ရပ်ထား တုန်း နောက်က ပါလာတဲ့ ကားထဲက အသက် သုံးဆယ် လောက် ကောင်လေး တစ်ယောက် ဆင်းလာပြီး ကျွန်မ သားဘေးနားကို လာရပ်တယ်။ လက်ထဲ မှာလည်း တုတ်ကြီး တစ်ချောင်းနဲ့။

 “ဟေ့ကောင် ဆင်းလာခဲ့” တဲ့။

ကျွန်မဆိုတာ ကိုယ့် သားကို ဆော်တော့မှာပဲ ဆိုပြီး ပြာနှမ်းသွား တာပဲ။ အပြစ်က သူတို့ကားကို ကျော်တက်လာတဲ့ အမှုတဲ့။ သတိ တောင် မထားမိဘူး။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက် မှာတောင် ဒီလို စရိုက်ကြမ်းတွေ ပေါ်နေပြီနော်။ မီးပွိုင့် ရပ်နေချိန် ဆိုတော့ ကားတွေ လည်း အကုန်ရပ်ပြီး လမ်းလယ် ကောင် ရန်ပွဲကို ကြည့်နေတာပေါ့ နော်။ ကျွန်မလည်း ကိုယ့်သားကို လုပ်မှာစိုးတော့ ကားပြင် ထွက်ရပ် လိုက်တယ်။ ကာကွယ်ရအောင်ပေါ့။ သားအမိနှစ်ယောက်လက်ထဲလည်း ဘာမှမရှိဘူး။

အဲဒီအချိန်မှာပဲ ကျွန်မတို့ကား နဲ့ မျက်စောင်းထိုးလောက်က ကား တစ်စီးထဲက သားအရွယ် ကောင်လေး တစ်ယောက် ထွက်လာတယ်။ ကံ ကောင်းချင်တော့ သားသူငယ်ချင်း ဖြစ်နေတယ်။

 “ဟေ့ကောင်..မင်းက ဘာ အနိုင်ကျင့်တာလဲ။ ဘာလူပါးဝတာ လဲ။ ရော့..ဒီမှာ မောင်မောင် ဒါ ယူထား”

သူ့လက်ထဲက သံတုတ်ကို လှမ်း ပေးတယ်။ သားကလည်း သူ့ပုဆိုးကို တိုတိုဝတ်ပြီး သံတုတ် နဲ့ပြန်ချဖို့ အဆင်သင့်။ အခုနက ရန်စတဲ့ တုတ်ကိုင် သူငယ် ချက်ချင်းငြိမ်ကျ သွားတယ်။ စက်ပြင်တဲ့ ကားထဲက သူ့လူတွေကလည်း တစ်ယောက် မှ ထွက်မလာဘူးလေ။ ဒါနဲ့ပဲ ပွစိပွစိ ပြောပြီး ကားဆီပြန်သွားတယ်။ ဒီတော့မှ ကျွန်မ ထဘီတိုတို ပြင်ဝတ် ပြီး အဲဒီကောင်လေး ကို လှမ်းပြော လိုက်တယ်။

“ဟေ့..ဒီမှာ၊ မင်းမမိုက်ရိုင်း နဲ့။ မင်းလုပ်ချင်တိုင်း လုပ်ရအောင် တို့နိုင်ငံက မင်းမဲ့ တိုင်းပြည် မဟုတ် ဘူး။ ကြားလား”

စိတ်လိုက်မာန်ပါ တစ်သက်နဲ့ တစ်ခါ ဒီတစ်ကြိမ်ပဲ အော်ပြောဖူး ပါတယ်။ ဘေးဘီကို ကြည့်လိုက်တော့ ကားပြင်ကို ထွက်ရပ်နေတဲ့ ကျွန်မ ကို မီးပွိုင့်မိနေတဲ့ ကားထဲက မျက်လုံး ပေါင်း တစ်သိန်းလောက် (တင်စား တာပါ) က ကြည့်နေကြတယ်ရှင်။ ကျွန်မလည်း ရှက်ရှက် နဲ့ ကားထဲ ပြန် ဝင်၊ မီးလည်းစိမ်း ပြီဆိုတော့ ကား မောင်း ထွက်လာကြပါတယ်။ ကား ဆိုတာ ဝယ်ပြီး စီးမိပြီ ဆိုမှတော့ တစ် မှုမဟုတ် တစ်မှု နဲ့ ငြိနိုင်ပါတယ် စာဖတ်သူရှင်။ အဲဒီအချိန်က ငယ် သေးသလို သားသမီးဇောကပ်ပြီး အမေတစ်ယောက်ရဲ့ ကာကွယ်ချင် စိတ်၊ မာန်နဲ့ မေတ္တာကို တစ်ဖက် အပေါ် မပေးခဲ့နိုင်ပါဘူးရှင်။ အမေ ဆိုတော့လေ..။
‘ ‘ ‘
အိပ်ငိုက်မောင်းတဲ့ ကိုယ့်ယာဉ် မောင်းလေး အကြောင်းပြောရင်း တစ်ခါတုန်းက ကရင်ပြည်နယ်ဘက် မှာ မြိုင်ကြီးငူ ဆရာတော်ကို ဖူးရင်း ဝေဠုကျော်တို့နဲ့ ဗီဒီယိုရိုက်ကြပါ တယ်။ ဇာတ်ကား ရိုက်ပြီးတော့ အပြန် မှာ ကားငှားပေးလို က်ပါတယ်။  ကား သမား မျက်နှာ မြင်ကတည်းက ရိပ်မိ ပါတယ်။ အရက်မူးနေတယ် ဆိုတာ။ ဒါပေမဲ့ မောင်းသူ ရွေးချယ်စရာ လည်းမရှိတော့ သမီးငယ် နဲ့နှစ်ယောက် စီးပြီး ပြန်လာခဲ့ကြပါတယ်။ ကျွန်မက ကားသမား နံဘေး ရှေ့ခုံမှာ ထိုင်ပါ တယ်။ ကျွန်မက သူကားမောင်းတာ ကို သူ့မျက်နှာ လှမ်းကြည့်ပြီး မကြာခဏ အကဲခတ်ပါတယ်။ သူ့မျက်လုံး တွေက မှိတ်ထားသလိုပဲ။ မဟုတ်နိုင် ပါဘူးလေဆို ထပ်ကြည့် ရင်လည်း ဒီ လိုပဲ။ ကြာတော့ ကျွန်မ မအောင့်နိုင် ဘဲ သူ့ကိုလှမ်းမေးလိုက်တယ်။

 “မင်း ကားကိုအိပ်ငိုက်မောင်း နေတာလား”

“ဗျာ”

“မင်း ငိုက်နေလားမေးတာ”

“မငိုက်ပါဘူးဗျာ”

သူ့မျက်လုံး ပြန်ပြူးသွားပြန် တယ်။ ဒီလိုနဲ့ ရန်ကုန် အပြန် ကတ္တရာလမ်းပေါ် မောင်းရင်း သူ အိပ်ပျော်မှာစိုးလို့ စကားပြောရင်း ကျွန်မ ခဏ ငိုက်သွားပါလေရော။        “ဝုန်း..ဂလုံး..ကျွီ..”

အသံတွေကြားပြီး လန့်နိုးလာ တယ်။ ကျွန်မသမီးငယ် ကလည်း အောက်ကို ခုန်ဆင်းတယ်။ “အမေ ..ဆင်းဆင်း” ဆိုတော့ အောက် ဆင်းပြီး ကြည့်လိုက်တော့ ကားက လမ်းဘေး ကုက္ကိုပင်နဲ့ လက်တစ်လုံး၊ ရှေ့ကချောက်နဲ့ လက်တစ်လုံး၊ ဖြတ် သွားတဲ့ကားနဲ့ လက် တစ်လုံး အလို မှာ ရပ်နေတယ်။ သေသေချာချာ ကြည့်တော့မှ ကျွန်မတို့စီးတဲ့ ကားက ရန်ကုန်ပြန်ဖို့မောင်းနေတဲ့ ညာဘက် ခြမ်းကနေ လမ်းမကြီးကို ကန့်လန့် ဖြတ်ပြီး လမ်းတစ်ဖက်က ကုက္ကိုပင် နဲ့ ချောက်ကြားမှာ ရပ်သွားတာ။ လမ်း ကိုဖြတ်သွားတုန်း တခြားကား လာရင် လည်း တိုက်ပြီပဲ။ အင်မတန် ကံကြီးပါတယ်။

“မင်း တော်တော်ဆိုးတာပဲ။ မူးလည်းမူးသေး၊ ကားကို အိပ်မောင်း တော့ ငါတို့ မသေတာကံကောင်း”

“ကျွန်တော် နည်းနည်းမူးပြီး ငိုက်သွားတယ်”

“သြော်..နည်းနည်းပဲလား။ တော်ပြီ၊ မင်းကားမစီးရဲတော့ဘူး”

“သမီးမောင်းမယ် မေမေ”

အပြန်လမ်းကို သမီးငယ်လေး က တည်တည်ငြိမ်ငြိမ် နဲ့ မောင်းပြန် လာလိုက်တာ ရန်ကုန်အိမ်ရောက်တဲ့ အထိပဲ။

ဟိုကောင်နာ ယာဉ်မောင်း လေး ကတော့ နောက်ခန်းမှာ တစ် လမ်းလုံး သေနေသလိုပဲ အိပ်လိုက် လာတာ ရန်ကုန် အိမ်ရောက်မှ သူ့ကို မနည်းနှိုးရတယ်။ နိုးတော့လည်း သူ မဟုတ်သလို ကားမောင်းပြီးပြန်ထွက် သွားပါတယ်။ တော်တော် ဆိုးတဲ့ ကောင်လေးပါ။ ကျွန်မ လည်း မေတ္တာ တွေ တုံးပြီး (မေတ္တာမပွားဘဲ) အကုသိုလ်တွေ ပွားကျန်ခဲ့ပါတယ် စာဖတ်သူရှင်။
‘ ‘ ‘
တကယ်တော့ လူတွေအားလုံး မိမိ အလုပ် အတွက်၊ ဝမ်းရေး အတွက် ကားတွေ နေ့တိုင်းနီးပါး စီးနေကြရ ပါတယ်။ အမြန်လမ်း ကတော့ ပြော စရာ မလိုပြီပေါ့ရှင်။ ဒီတော့လည်း အသက်ကို ဥာဏ်စောင့် ဆိုသလို သတိလေးနဲ့နေရင်း ဘုရား၊ တရား မမေ့ဘဲ အန္တရာယ် ကင်း ဘုရားစာ တွေ အမြဲ ရွတ်နေဖို့လိုပါတယ်ရှင်။

 မေတ္တာတွေလည်း ကြုံသလို ပွားများရင်းနဲ့ ဒေါသတွေလည်း မပွား တစ်လှည့်၊ ပွားတစ်လှည့်ပေါ့ စာဖတ်သူ။

စိုးကြည်ဖြူ