ကျွန်တော် ကျောင်း မတက်ချင်တော့ပါ

ကျွန်တော် ကျောင်း မတက်ချင်တော့ပါ
September 2, 2016 Asian Fame

12:36 pm
ကျွန်တော် ကျောင်း မတက်ချင်တော့ပါ

လက်ရှိ မြန်မာနိုင်ငံသည် ပထမဆုံးသော အရပ်သားစစ်စစ် အစိုးရသစ်နှင့် ခေတ်သစ်စနစ်သစ်ဆီသို့ ဦးတည်လျှောက်လှမ်းနေသော အချိန်ဖြစ်ပါ၏။ ထိုခရီးသည် အစိုးရ၏ တာဝန် တစ်ခုတည်းမဟုတ်။ ရွေးကောက်တင်မြှောက်ခွင့်ရှိသော ပြည်သူ၏ တာဝန်လည်းဖြစ် ပါသည်။ ဥပဒေပြုရေးနှင့် အစိုးရကိုထိန်းကျောင်းတည့်မတ်ရာလွှတ်တော်၊ ထိုလွှတ်တော်မှ ပြည်သူ့ ကိုယ်စားပြုသော ကိုယ်စားလှယ် များမှအစ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားအသီးသီးမှ ပြည်သူ့ဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသော နိုင်ငံ့အရေးကဏ္ဍအသီးသီး၌ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တို့ ဦးဆောင်အားထုတ်နေကြပါ၏။ သို့သော် ထိုမျှနှင့်မလုံလောက်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဟူသော မဏ္ဍိုင်သုံးရပ်လိုအပ်သကဲ့သို့ ထိုမဏ္ဍိုင်များကို   စောင့်ကြည့်တည့်မတ်ထိန်းကျောင်းရန်လည်း မီဒီယာဟူသောမဏ္ဍိုင်လိုပါသည်။ မီဒီယာဟူသည် ရုပ်သံ၊ သတင်းဂျာနယ် မျှသာမက မီဒီယာ၏ တရားကိုယ် သဘော သည် ပြည်သူ့အသံဖြစ်သည်။ ပြည်သူ့ဆန္ဒ ပြည်သူ့အမြင်၊ ပြည်သူ၏ ဝေဖန်စောကြောမှုသာဖြစ်၏။ ထိုအထဲတွင် လူငယ်တို့ ၏ ကိုယ်ပိုင်အသိအမြင်၊ လူငယ်တို့၏ ကိုယ်ပိုင် အတွေး အရေး၊ လူငယ်တို့၏ ကိုယ်ပိုင် အိပ်မက် အနာဂတ်၊ လူငယ်တို့ ၏ ပြောရေးဆိုခွင့်သည်လည်း အဓိကကျသောနေရာတွင်ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထိုယုံကြည်ချက်ကြောင့်ပင် ကျွန်ုပ်တို့ပေါ်ပြူလာနယူးစ်ဂျာနယ်တွင် ‘လူငယ်စင်မြင့်’ ဟူသော ကဏ္ဍသစ်တစ်ခုဖွင့်လှစ်ကာ လူငယ်များ၏အသံကို စင်တင်သိ ကြားစေလိုခြင်းပင် ဖြစ်ပါသည်။

_DSC0206 copy

”ရွှေဥ..ငတိုး…ထ..ထစမ်း.. ဘယ်ချိန်ရှိနေပြီလဲ..”ပြောပြောဆိုဆို နှင့် တင်ပါးကို ကန်နှိုးသည်ကို သိလိုက် သည်။ အရုဏ်တက်ပြီပေါ့။ မိုးတွေက သည်းကြီးမည်းကြီးရွာနေသည်။စောင် ပါးလေးကို တင်းနေအောင်ခြုံရင်းပြန်ကွေး ချင်သည်။ သို့သော် မျက်လုံးကို ပြူးပြဲဖွင့် အိပ်ရာထဲမှ ကုန်းရုန်းထရသည်။ မဟုတ် ပါက ခုနကနိုးသည်ထက် အဆပေါင်းများ စွာပြင်းသော နှိုးခြင်းကိုခံရမည်ဖြစ်သည်။ ဤနေရာ သည် အမေ့အိမ်မဟုတ်မှန်း တော့ ရွှေဥသိသည်။ သူ့ထက်အသက်ကြီး သောသူ့ထက် ဤနေရာသို့အရင် ရောက် သော ကိုမောင်ဦးသည် စိတ်ကောင်းဝင်ချိန်တော့ ကောင်းမွန်စွာပြောဆိုဆက်ဆံ တတ်သော်လည်း စိတ်မကြည်လျှင်တော့ ဆဲနည်းပေါင်းများစွာနှင့် ခြေတွေ လက် တွေပါတတ်သည်။

အိပ်ချင်မူးတူးနှင့်ပင် ရေနွေးအိုး တည်၊ တံမြက်စည်းလှည်း၊ စားပွဲခုံတွေ နေရာချ၊ ဆိုင်ရှေ့ရေဖြန်း၊ ခိုင်းသည့် တောက်တိုမယ်ရ များလုပ်ရင်း မိုးလည်း တိတ်သွားပြီ။ ပဲပြုတ်သည်အော်သံလည်း ကြားရပြီ။ ဆိုက်ကားသမားတွေ၏ ခြေ ထောက်များလည်း အလုပ် စကြပြီ။ ရွှေဥ တို့ လက်ဖက်ရည်ဆိုင်လည်း စတင်ဖွင့် လှစ်ပြီဖြစ်သည်။

မိုးလင်းသည်နှင့် လက်ဖက်ရည်ဆိုင် က လူကျပြီ။ ထိုင်ဖို့အချိန်မရှိ။ ပုဆိုးတိုတို နှင့် ခါးကြားတွင် အဝတ်စတစ်ခုထိုးထား သောရွှေဥ တစ်ယောက် စားပွဲဝိုင်းများ ကြားတွင် ဒေါင်ချာစိုင်းလျက်ရှိသည်။ငတိုးကတော့ အိပ်ယာထနောက်ကျ၍ ကိုမောင်ဦးအဆဲခံထားရထင်၊ မကြည်မလင်။

”တီ..တီ..တီ”ကားဟွန်းသံနှင့် အတူ ကျောင်းကားတစ်စီး ဆိုင်ရှေ့လာ ရပ်သည်။ ဤအသံကို ရွှေဥ အကြောက် ဆုံးပါပဲ။ ဖြစ်နိုင်လျှင် ယခုချိန်၌ ဤဆိုင် တွင်းမှနေ၍ အဆိုပါ ကျောင်းကားပေါ် ပြေးတက်လိုက်ချင်မိသည်။ ဆိုင် အနောက်ဘက် အိမ်တွင်းမှ ဖြူစိမ်း ယူနီ   ဖောင်းအပြည့်အစုံဖြင့် ကျောင်းသားလေး တစ်ယောက် ထွက်လာက သူငယ်ချင်းများနှင့်ရယ်မောပြောဆို ၍ ကျောင်းကား ပေါ် တက်သွားသည်။ ကျောင်းဝတ်စုံများ နှင့် ရွယ်တူကလေးများ အော်ဟစ်ဆူညံ စွာ ရယ်မောပျော်ရွှင်၍ ကျောင်းကားကြီး မှာ ထွက်ခွာ သွားတော့သည်။ ဤတစ်ခဏ သည်ရွှေဥအတွက်တော့ ထာဝရဝမ်းနည်း မှုကြီးပင်ဖြစ်သည်။ ကျောင်းပိတ်ရက်များ ကို မျှော်လင့်မိ သည်။ ကျောင်းပိတ်ရက်ဆို လျှင် အဆိုပါ မြင်ကွင်းမျိုး၊ အသံမျိုးတွေ ကို မကြားရ၊ မမြင်ရဘူးမဟုတ်ပါလား။ တကယ်တော့   ရွှေဥ   ကျောင်းတက်ချင် သည်။ သူများတွေလို ကျောင်းဝတ်စုံလေး နှင့် ကျောပိုးအိတ်လေး၊ ထမင်းဘူးလေး နှင့် ကျောင်းသို့ သွားချင်သည်။ မရှိမဲ့၊ ရှိမဲ့ဖြင့် အဖေနှင့် အမေဖြစ်ညှစ်ထားခဲ့ သော ရွာကျောင်းတွင်တော့ ၄ တန်းထိ နေဖူးသည်။ စာမေးပွဲဖြေခါနီးတွင် အဖေ အိပ်ရာ ထဲလဲ၊ အမေကလေးမွေးတော့ နာရီပိုင်းနှင့်ပင် ရန်ကုန်ရှိ ဤလက်ဖက် ရည်ဆိုင်သို့ ရောက်ခဲ့ရသည်။ စာမေးပွဲ ဖြေရန် အဆင်သင့်၊ စာတွေအကုန်ရနေ သော်လည်း စာမေးပွဲကိုတော့ ဖြေခွင့်မရ ခဲ့တော့။ ယခုဆိုလျှင် ရွှေဥတစ်ယောက် ကျောင်းနှင့်ဝေးသည်မှာ ၃ နှစ်ခန့် ရှိတော့ မည်။ ကျောင်းသာ ဆက်တက်ခွင့်ရခဲ့လျှင် ယခုနှစ် ၇ တန်းဖြစ်မည်။ ကျောင်းစာတွင် ရွှေဥမညံ့ပါ၊ စာဖတ်ခြင်းသည် ရွှေဥ ဝါသနာဖြစ်သည်။ ယခုလည်းလက်ဖက် ရည်ဆိုင်တွင် သတင်းစာ၊ ဂျာနယ်၊ တွေ့ သမျှ မလွတ်ရပါ။ အားလျှင်အားသလို ဖတ်သည် ချည်းဖြစ်သည်။

ရွှေဥ မှတ်မိသေးသည်။ ကျောင်းတွေ ဖွင့်ခါနီး ရွာခဏပြန်ချိန်တွင် ရွာကျောင်း မှ ဆရာလေးက အိမ်လာပြီး အမေ့အား ရွှေဥကိုကျောင်း အပ်ရန်ပြောသည်။ ယခု ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်တွင် အလယ် တန်းပညာရေးစနစ်ကို အခမဲ့မသင်မနေ ရစနစ်သို့ ပြောင်းလိုက် ပြီဖြစ်ကြောင်း၊ ယခင် ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တုန်း က မူလတန်းပညာရေးစနစ်ကို အခမဲ့ မသင်မနေရစနစ်အဖြစ် ပြောင်းလဲခဲ့   ကြောင်း၊ ပညာရေးဘတ်ဂျက်များ ပိုမိုတိုး မြှင့်၍ ကျောင်းသူ၊ ကျောင်းသားများကို လည်း ကျောင်းသုံးဗလာစာအုပ်များ၊ ဖတ် စာအုပ် များနှင့် ကျောင်းအင်္ကျီများ ထောက်ပံ့မှာဖြစ်ကြောင်း၊ ယခင်နှစ်များ ကဆိုလျှင်လည်း ကျောင်းသုံး စာအုပ်များ အပြင် တစ်ဦးလျှင် ငွေ တစ်ထောင်စီ ထောက်ပံ့ပေးခဲ့ကြောင်း၊ ကျောင်းသို့လာ ၍ အပ်နှံရန်သာလိုကြောင်း စသည်ဖြင့် ရှည်လျားစွာရှင်းပြစည်းရုံးခဲ့သည်။ ရွှေဥ လည်း အရောင်တလက်လက် မျက်လုံး များဖြင့် ရင်ခုန်သံတဒိန်းဒိန်းမြည်ကာ ပျော်ရွှင်စွာ နားထောင်ခဲ့သည်။

သို့သော် ဆရာလေး၏စကားသံ အဆုံးမှာတော့ ”ဘယ်လိုပဲ အခမဲ့ပြော ပြော..သူ့တော့ ကျောင်းလွှတ်လို့မဖြစ် တော့ပါဘူး ဆရာရယ် …သူ့လစာမရှိ ရင် ကျွန်မတို့ ဒုက္ခများတော့မှာ” ရင်ခွင် ပိုက် ညီမလေးကို နို့တိုက်ရင်း ခေါင်းတခါ ခါဖြင့်ပြောလိုက်သော အမေ့စကား   ကြောင့် ဆရာလေးသက်ပြင်းချ၍ လှည့် ပြန်သွားတော့သည်။ ထိုအချိန်ကတည်း က ရွှေဥ၏ မျှော်လင့်ချက်များ သေဆုံး ခဲ့ရသည်။ အရက်၏ ကျေးကျွန်ဖြစ်နေ သော ဖခင်၊ ခေတ်သစ်ရှင်မွေးလွန်းဘွဲ့ရ ထားသော ခေါင်းရွက်ဗျပ်ထိုးဈေးသည် အမေ။ ထိုသို့ဖြင့် ရွှေဥသည် လမ်းဘေး လက်ဖက်ရည်ဆိုင်စားပွဲထိုး ကျောင်း တော်သားအဖြစ်သို့သာ ရောက်ခဲ့ရတော့ သည်။

မင်းကွာ..ကျောင်းမတက်ရတော့ ဘာဖြစ်သေးလဲ..ဘဝဆိုတာ ကျောင်း နေပြီး ဘွဲ့ရမှ ပြည့်စုံတာ မဟုတ်ပါဘူး ကွာ..ခုဆို မင်းလည်း စာတတ်ပြီး စာ တွေဖတ်နေတာပဲ……အသုံးလုံးတောင် မတတ်တဲ့ လူကြီးတွေ အများကြီးပါ”ဘွဲ့ ရတဲ့ လူတွေတောင် အလုပ်မရှိတဲ့ခေတ် ကြီးမှာ မင်းကအလုပ်နဲ့ကွ— ဒါကို ကျေ နပ်ရမယ်……” ဒါက ကိုမောင်ဦးစိတ် ကောင်းဝင်ချိန် ပြောတတ်သော အားပေး စကားပါ။ ကိုမောင်ဦးတစ်ယောက်ညစ်ပြီး ခပ်ထွေထွေဖြစ်တတ်သော ညများတွင်မူ ”ခွေးမသားလေး..အိပ်ရတဲ့နေရာလေး က ကျဉ်းပါတယ်ဆိုမှ.. ဒီဂျာနယ်စုတ် တွေ သောက်လုပ်ကိုရှုပ်နေတာပဲ..မင်း တော်တော်ကျောင်းတက်ချင်တယ် ဟုတ် လား ..နောင်ဘဝမှတက် ဟေ့ကောင် ..ကိုယ့်ဘဝကိုယ် မသိတဲ့ခွေးကောင်..သောက်သုံးမကျတဲ့ ကလေး..” စသည် ဖြင့် အော်ဟစ်ပြောဆိုကာ ရွှေဥစုဆောင်း ထားသော ဂျာနယ်များ၊ သတင်းစာများကို လုံးချေကာ ဖြဲပစ်တတ်သည်။ ထိုအချိန် မျိုးသည် ရွှေဥအတွက် စိတ်အဆင်းရဲဆုံး ပင် ဖြစ်သည်။

လကုန်ရက် ညနေပိုင်းတွင် အဖေရောက်လာ၍ လစာလာ ထုတ်သည်။ လစာဟူသည် ရွှေဥ နှင့် မဆိုင်သောအရာဖြစ်သည်။ ဤ လက်ဖက်ရည်ဆိုင်တွင် တစ်နေ့ ထမင်း ၂ နပ်စားရသည်။ လုံခြုံ သည့် အိပ်စရာရသည်။ ဂျာနယ်၊ သတင်းစာများဖတ်ခွင့်၊ သိမ်းခွင့်ရ သည်။ နို့ဆီစက်ရုံတို့၊ လက်ဖက် ခြောက်လုပ်ငန်းတို့မှပေးသော စပွန် ဆာအင်္ကျီများရှိသည်။ အကွက် မပေါ်တဲ့ ပုဆိုးကြမ်း၂ ထည်နှင့် အရောင်နည်းနည်းကျန်သော ပုဆိုးလတ် ၁ ထည်ရှိသည်။ ဤ မျှလောက်ဆိုလျှင် ရွှေဥအတွက်လုံ လောက်နေပြီ မဟုတ်ပါလား။

 ”ကိုရွှေဥအဖေ..ဟိုဘက် လမ်းထိပ်က ဘီယာဆိုင်ထဲဝင်သွား တာ တွေ့တယ်ဗျ..” ငတိုး၏ တီး တိုးစကားသံ ကြားလိုက်ရချိန်တွင် ရွှေဥ တစ်ယောက် ပူထူသွားသည်။ ကိုယ်တောင်မမြင်ဖူးရသည့် လစာ ငွေကို မိသားစုအတွက် ထောက်ပံ့ နေချိန်မှာ အဖေတာဝန်မဲ့ပြီလား။ ရွာကအမေ့မျက်နှာ၊ အငယ်လေး တွေရဲ့ မျက်နှာတွေ။ ခြေလှမ်းကြဲ ကြီးများဖြင့် ဘီယာဆိုင်သို့ ရွှေဥ ရောက်သွားသည်။ ရုံးပတီသီး အကင်လေး ၂ တောင့်ရှေ့ချပြီး ဘီယာခွက်ကို တရှိုက်မက်မက် မော့သောက်နေသော အဖေ့ကို တွေ့ရသည်။ စားပွဲပေါ်တွင် ပုလင်း များ၊ စားစရာများအပြည့်ဖြင့် ဝတ် ကောင်းစားလှများ ဝတ်ဆင်ထား သော၊ ရယ်မော၍စကားဖောင်ဖွဲ့ နေကြသော ကြေးရတက်လူကြီး၊ လူငယ်များကြားတွင် အဖေသည် မှေးမှိန်လှစွာဖြင့် အရောင်ကင်းမဲ့ လျက်ရှိသည်။ ဒေါသများသည် ဝမ်းနည်းခြင်းသို့ ပြောင်းသွားသည်။ အဖေရှိရာ ချောင်ထဲမှစားပွဲလေးဆီသို့အရောက် မော့ကြည့်လိုက် သောအဖေ့မျက်ဝန်းတွင်အားနာမှု၊ တောင်းပန်မှုများရောပြွန်းနေသည်။

”အဖေ တစ်ခွက်တည်းသောက်မှာ ပါသားရာ၊ ရန်ကုန်ရောက်တုန်း လေး တစ်ခွက်လောက် သောက်ချင် လို့ပါကွာ” အသံတိမ်တိမ်ေ လးဖြင့် အဖေပြောရှာသည်။ ရွှေဥအဖေ့ကို ပြုံးပြလိုက်သည်။ ဝမ်းနည်းသည့် အပြုံးလား၊ ခွင့်လွှတ်သည့်အပြုံး လား မသိတော့ပါ။

ယနေ့သတင်းစာတွင် ထူးခြား သည့်သတင်းတစ်ခုရွှေဥဖတ်ရသည်။ ထူးခြားသည်ဆိုသည်ထက် မိမိနှင့် သက်ဆိုင်သည်ဟု ပိုယူဆမိ သည်။ ကလေးလုပ်သားနှင့်ပတ်သက်သည့် သတင်းဖြစ်သည်။ ကိုယ့်ကိုကိုယ် လည်း ခေါင်းစဉ်တပ်လိုက်မိသည်။ ကလေးလုပ်သား။

“ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်)မှ ကလေး လုပ်သား ပပျောက်ရေးအတွက် စီမံ ချက်ချလုပ်ဆောင်နေ” ဟူသည့် သတင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မိသားစုစီးပွားရေးအခြေအနေ ကြောင့် ကလေးသူငယ် ၅ ဦးတွင် ၁ ဦး အလုပ် လုပ်နေရကြောင်း၊ ILO အနေဖြင့် ကလေးလုပ်သား များနှင့်ပတ်သက်၍ စစ်တမ်းများ ကောက်ယူကာ ကလေးလုပ်သား များပပျောက်ရေးကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားသော သတင်းတစ်ပုဒ် သည် ရွှေဥအတွက်အတွေးများကို ပွားစေခဲ့သည်။ မိမိသည် အရွယ် မရောက်သေးသဖြင့် ကလေးလုပ် သားသာဖြစ်သည်။ ဤသတင်းအရ ကလေးလုပ်သားများ ပပျောက် အောင်လုပ်ဆောင် မည်ဆိုလျှင် ရွှေဥ တစ်ယောက် ပျော်ရမည်လား။ သိပ်သွားချင်နေခဲ့သော စာသင် ခန်းဆီသို့ ရောက်တော့မည်လား။ အိပ်ချိန်လေး သာရှိပြီး အရုဏ် တက်မှ သန်းခေါင်ချိန်ထိ အလုပ် လုပ်နေရသော လူတကာခိုင်းဖတ် ဘဝမှ လွတ်မြောက်တော့မည်လား။ အတွေးထဲ တွင် အင်္ကျီအဖြူနှင့် လုံချည်အစိမ်းလေးများ၊ စာအုပ်များ ဖြင့် ပေါ့ပါးပျော်ရွှင်ဖွယ်အတိ။

”ကလေး လုပ်သားဆိုရင် ကျွန်မတို့ဆိုင်မှာ ၅ ယောက်တောင် ရှိတယ်။ လက်ရှိကျွန်မတို့က ဥပဒေနဲ့ မညီဘူးဖြစ်နေတယ် ယောက်ျား ရဲ့။ ကလေးလုပ်သား တွေကို တစ်နေ့ ၄ နာရီထက် ပို မခိုင်းရ ဘူးတဲ့၊ ဥပဒေပုဒ်မတွေ ကလည်း အများသား၊ စစ်ဆေးလို့ ဥပဒေနဲ့မညီ ဘူးဆိုရင် ထောင်ဒဏ် ရော၊ ငွေဒဏ်ရောရှိတယ်တဲ့၊ အခန့် မသင့်ရင် ပြစ်ဒဏ် ၂ ရပ်လုံးတောင် ကျနိုင်တယ်တဲ့ ယောက်ျားရေ”

”ငါသိပါတယ်ကွာ၊ မြန်မာနိုင်ငံ က ကလေးလုပ်သားတွေကို အဆိုး ရွားဆုံးပုံစံနဲ့ အလုပ်ခိုင်းစေခြင်း မရှိရဆိုတဲ့ ILO ရဲ့သတ်မှတ်ချက် အမှတ် (၁၈၂) ကိုလည်း လက်မှတ် ထိုးထားတယ်။ နောက်တခြား နိုင်ငံ တကာအဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး ကလေးလုပ်သားတွေ   လျော့နည်း ပပျောက်အောင် လုပ်နေတယ်ဆို တာတွေလည်းရှိတယ်၊ငါလည်းစဉ်း စားနေပါတယ်၊ ဆိုင်ကကောင်လေး တွေ နဲ့ပတ် သက်ပြီး ဘယ်လိုလုပ် ရင်ကောင်းမလဲဆိုတာ၊ အလုပ် ထုတ်ဖို့ဆိုတာကလည်း…အင်း”

ဆိုင်ရှင်လင်မယား၏ တီးတိုး စကားသံများကြောင့် ရွှေဥ၏ပျော် စရာအတွေးများ လန့်ဖျန့်ပျောက် ကွယ်ကုန်၏။ ဤပုံအတိုင်းဆို မိမိ ကို အလုပ်ထုတ်တော့မည်လား။  ”သူ့လစာမရှိရင် ကျွန်မတို့ဒုက္ခများ တော့မှာ”ဆိုသည့် အမေ့စကားသံ သည် နားနားကပ်ပြောနေသလို ကျယ်လောင်စွာ ကြားနေရသည်။ ပင်ပန်းလှသော်လည်း ဤလက်ဖက် ရည်ဆိုင်လေးသည် ရွှေဥအတွက် နားခိုရာ၊ ရွှေဥမိသားစုအတွက် အားကိုးရာတစ်ခုသာ ဖြစ်သည်။ ရွှေဥအလုပ်မရှိတော့လျှင် အဖေ ဒုက္ခများလိမ့်မည်။ အမေစိတ်ဆင်း ရဲလိမ့်မည်။ အငယ်လေးများ ဆာ လောင်၍ငိုယိုကြလိမ့်မည်။ ယခင် က လက်ဖက်ရည်ဆိုင်များကို မုန်း တီးခဲ့သော်လည်း ယခုမူ လက်ဖက် ရည်ဆိုင်ကို တွယ်တာ ရကောင်း မှန်း တစ်ခဏတွင်းသိခဲ့ရပါပြီ။ ကလေးအရွယ်နှင့် မလိုက်သည့် အတွေးများ ခေါင်းထဲဝင်လာသည်။ အစ်ကိုကြီး အဖအရာ အငယ်လေး များအတွက် အလုပ်လုပ်ရမည်။ ကျန်းမာရေးမကောင်းသော အဖေ့ အတွက် အလုပ်လုပ်ရမည်။ အမေ စိတ်ချမ်းသာဖို့ အလုပ်လုပ်ရမည်။

ခေါင်းကို ခပ်သွက်သွက်ခါ ရမ်းလိုက်ချိန်တွင် ကျောင်းတက် ချင်စိတ်များ အဝေးဆီသို့လွင့်ထွက် သွားတော့သည်။

”ကျွန်တော် ကျောင်း မတက်ချင်တော့ပါဘူး.. ရွှေဥကျောင်းမသွားချင်တော့ဘူး”

သက်ငြိမ်းစံ