ဝင်ငွေခွန် နဲ့ ရုပ်ရှင် အနုပညာရှင်

ဝင်ငွေခွန် နဲ့ ရုပ်ရှင် အနုပညာရှင်
August 31, 2016 Asian Fame

11:06 am
ဝင်ငွေခွန် နဲ့ ရုပ်ရှင် အနုပညာရှင်

shooting

လောကသားတွေထဲ မှာ အခွန်အများဆုံး ပေးဆောင်ထားတဲ့ အနုပညာရှင်ကတော့ ပြေတီဦးဖြစ်ပြီး နေထူးနိုင်၊ ဂွမ်းပုံကြီး၊ အရိုင်း၊ ကုသိုလ်တို့ဟာဆိုရင်လည်း အခွန် အမြဲတမ်းထမ်းနေတဲ့ အခွန်ထမ်း ဝန်ထမ်းတွေဖြစ်တယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂ဝ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ဖိုရမ်ဒုတိယနေ့ ဆွေးနွေးမှု မှာ ပြည်တွင်းအခွန်များဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်လင်းကျော်က အရိပ်အမြွက် ပြောဆိုခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဦးထင်လင်းကျော်ကတော့ အနုပညာရှင်တွေအနေနဲ့ အခွန်ကို ပုံမှန်ဆောင်လာတဲ့ အခွန်ထမ်းတွေ ဖြစ်လာစေလိုခဲ့တာမို့ အခွန်ဆောင် ရမှုပုံစံကို အခုလိုတွက်ပြပါတယ်။

” တစ်နှစ်ကို ကျပ်သိန်း ၆ဝ အသားတင်ရတဲ့ ရုပ်ရှင်အနုပညာရှင် တစ်ယောက်အတွက် အခွန်ဘယ်လောက်ကျမလဲဆိုတာကို တွက်ပြပါမယ်။ ကျပ်သိန်း ၆ဝ အသားတင်ဝင်ပြီဆိုတော့ အခွန်ဥပဒေစာအုပ်ထဲမှာ သက်သာခွင့်ဆိုတာကို ပြဋ္ဌာန်းထားတယ်။ အခြေခံသက်သာခွင့်အဖြစ် ၂ဝ ရာခိုင်နှုန်း ရရှိမှာဖြစ်ပါတယ်။ သိန်း ၆ဝ ကို ၂ဝ ရာခိုင်နှုန်းသက်သာခွင့်ရမှာဖြစ်တော့ ၄၈ သိန်းပဲ ကျန်တော့မှာ ဖြစ်တယ်။ အိမ်ထောင်ရှိရင် အိမ်ထောင်ဖက်အတွက်က ၁ဝ သိန်းဆိုတော့ ၃၈ သိန်းပဲ ကျန်ပါတော့မယ်။ ကလေးတစ်ဦးအတွက် (၁၈ နှစ်မပြည့် သေးဘူးဆိုရင် အိမ်ထောင်လည်းမကျသေးဘူးဆိုရင်) တစ်ဦးကို ၅ သိန်းစီ သက်သာခွင့်ပေးပါတယ်။ ကလေးလေးဦးရှိတဲ့ မိဘဆိုရင် သိန်း ၂ဝ သက်သာခွင့်ရပါမယ်။ အဲဒီ တော့ ၁၈ သိန်းပဲ အသားတင် ကျန်ပါလိမ့်မယ်။ အဲဒီ ၁၈ သိန်းဖိုးကိုပဲ အခွန်ပေးဆောင်ရ မှာဖြစ်ပါတယ်။ ၁၈ သိန်းဆိုတော့ အခွန်ဘယ်လောက်ကျမလဲဆိုရင် အခွန်ဟာ ၁ ကျပ်ကနေ သိန်း ၂ဝ အထိကို သုညရာခိုင်နှုန်းသာ ကျသင့်မှာဖြစ်တဲ့အတွက် အခွန်ကျသင့်ငွေဟာ သုညကျပ်ဖြစ်သွားပါပြီ။ ဒီဟာသည် တစ်နှစ်ကို ကျပ်သိန်း ၆ဝ ရနေတဲ့ ပညာရှင်တစ်ယောက် (ဇနီး နဲ့သားသမီး ၄ ဦးရှိသူ) ပေးဆောင် ရမယ့် အခွန်ပါ။ အခြေခံသက်သာခွင့်၊ သက်သာခွင့်တွေအားလုံး နုတ်ပြီးသွားရင် အခွန်ပေးဆောင်ရမှာသည် ဘယ်လောက်မှ မကျန်တော့တာဖြစ်တဲ့အတွက် အခွန်ပေးဆောင်ရမှာကို မကြောက်ကြပါနဲ့လို့ ပြောချင်ပါတယ်” လို့ ဦးထင်လင်းကျော်က ရှင်း ပြပါတယ်။

၁၉၇ဝ ခုနှစ်ဝန်းကျင်တုန်းက နာမည်ကျော်ရုပ်ရှင်မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေးဟာ အခွန်သွား ရောက်ထမ်းဆောင်ရာမှာ ထိမ်ချန်ခဲ့တဲ့အတွက်အခွန်ဒဏ်ကြေးငွေ ပေးဆောင်ခဲ့ရရာမှာတော့ ကျပ် နှစ်သိန်းကျော်လောက်အထိ တိုးမြှင့်ကျသင့်သွားခဲ့ရပါတယ်။

” အဲဒီခေတ်က ထီတောင်မှ အမြင့်ဆုံးဆုက တစ်သိန်းပဲရှိတာ။ နှစ်သိန်းဆိုတာ မြင်ဖူးဖို့တောင် မလွယ်တဲ့ခေတ်က ဆောင်လိုက်ရတာပါ့။ အဲဒီတော့ အမေကြည် (ကြည်ကြည်ဌေး) လည်း ရှိသမျှ ပစ္စည်းလေးတွေ အတော်များများကုန်သွားခဲ့ရဖူးတယ်။ အခုလည်း ရုပ်ရှင်ရိုက်တဲ့အခါမှာ စာချုပ်ချုပ်ကြပေမယ့် ဘယ်မင်းသားကတော့ ကျပ်သိန်းဘယ်နှရာ ပေါက်တယ်ဆိုတာ သတင်းအဖြစ်နဲ့ပဲ ကြားရပေမယ့် အတိအကျမသိရဘူး။ တကယ့်စာချုပ်တွေထဲမှာတော့ ကျပ်သိန်း ၄ဝ၊ ကျပ်သိန်း ၅ဝတို့ပဲ ဖြစ်ပါတယ်” လို့ ဦးထင်လင်းကျော်က ထပ်လောင်း ဆိုပါတယ်။ ရုပ်ရှင်ဥက္ကဋ္ဌဟောင်းအကယ်ဒမီဦးဇင်ဝိုင်းကတော့ သူတို့ငယ်စဉ်တုန်းကဆိုရင် တစ်နှစ်ဝင်ငွေ တစ်သောင်းကျော်ရင် ဝင်ငွေခွန် ကောက်တာမျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။

” အဲဒီကာလတုန်းက ကျွန်တော်သိသလောက်ဆိုရင် ရွှေတစ်ကျပ် သားကိုမှ ၂၅ဝ ကျပ်လောက်ပဲရှိတယ်။ တစ်သောင်းဆိုတော့ ရွှေ ၄ဝ ကျပ် သားရပါမယ်။ အခုခေတ်ဆိုရင် ရွှေ တစ်ကျပ်သား ၈သိန်းနဲ့တွက်ရင် ကျပ်သိန်း ၃၂ဝကျော်မှ အခွန် ဆောင်ရမှာပဲလို့ ထင်လိုက်တဲ့အချိန် မှာပဲ အခု ကျပ်သိန်း ၂ဝ ကျော်ရင် ၅ ရာခိုင်နှုန်း အခွန်စဆောင်ရပါပြီ။ အဲဒီတော့ မိသားစုသက်သာခွင့်ဆိုတာတွေကို ခဏဖယ်ထားလိုက်ရင် တစ်လကို ဝင်ငွေတစ်သိန်းခြောက် သောင်းအထက်ရှိတဲ့ သူတိုင်းဟာ ဝင်ငွေခွန်ဆောင်ရတော့မယ်။ အမှန်တော့ ဒီကနေ့ တစ်သိန်းခြောက် သောင်းဆိုတဲ့ ဝင်ငွေဟာလူတစ်ကိုယ်တည်းတောင် ရပ်တည်ဖို့ အနိုင်နိုင် ဖြစ်ပါတယ်။ သို့သော် ဥပဒေကိုတော့ ပြဋ္ဌာန်း ပြီးသွားပါပြီ။ ဥပဒေဆိုသည်မှာ ပြဋ္ဌာန်းပြီးရင် ပြင်ဖို့လည်း ခက်ပါ တယ်။ လက်ရှိဥပဒေအတိုင်းပဲ ဆက် သွားကြရတော့မှာ ဖြစ်ပါတယ်။ သိန်း နှစ်ဆယ်အထက်ဆိုတာနဲ့ အခွန် ဆောင်ရမယ်။ ကျွန်တော်အပါအဝင် ကျွန်တော့်သားမင်းမော်ကွန်းလည်း သရုပ်ဆောင်ဖြစ်စဉ်ကတည်းက အခု အချိန်အထိ အခွန်ဆောင်ပါတယ်။

အခွန်ဆောင်ခဲ့တဲ့အချိန် တွေ့ ကြုံရတဲ့ အခက်အခဲကို ပြောပြချင်ပါတယ်။ ကျွန်တော်တို့က အချက်အလက်အပြည့်အစုံနဲ့ အခွန်ဆောင် ချင်လို့ ကိုယ်ရိုက်ကူးတဲ့ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုမှု အတိအကျ စာရွက် တွေရယ်၊ ပြီးတော့ မြန်မာနိုင်ငံဗီဒီယို အခြေခံအဖွဲ့ ဗဟိုကနေပြီး တစ်နှစ် တာဖြန့်ချိတဲ့ ဇာတ်ကားစာရင်းတွေ မှာ ကျွန်တော် တို့ပါဝင်တဲ့ ဇာတ်ကား စာရင်းတွေရယ်၊ ရုပ်ရှင်စာရင်းတွေကို အတိအကျထည့်ပြီးတော့ ကုန်ကျ စရိတ်နဲ့တင်တဲ့အခါ အဲဒီဖိုင်တွဲကို ကျွန်တော်တို့ကို ပြန်ပေးပါတယ်။ (အရင်ကာလ ကိုပြောတာပါ။ အခု အချိန်ကို ပြောတာမဟုတ်ပါဘူး။) ဘာကြောင့်လဲဆိုတော့ သူတို့က သတင်းအချက်အလက်အရပဲ ကောက်ယူပါတယ်တဲ့။ ကျွန်တော်တို့ က အမှန်တကယ် အခွန်ဆောင်ချင်လို့ အတိအကျတင်ပါလျက်နဲ့လည်း မရပါဘူး။ ရုပ်ရှင်အစည်းအရုံး ထောက်ခံ မှုတွေလည်းပါတယ်။ ဒါကတော့ တပ်မတော် ဇာတ်ကား၊ ဒါက ကြက် ခြေနီဇာတ်ကား၊ ဒါကတော့ သက် ကြီးပူဇော်ပွဲ ရန်ပုံငွေပါ။ အမှန်တကယ်ပါဆိုလည်း မရဘူး။ သတင်း အချက်အလက်အရပဲ ကောက်ယူပါတယ်ဆိုပြီး တစ်နှစ်ထက်တစ်နှစ် ဆ တိုးကောက်လာတယ်။ ဘယ်လောက်အထိ ဖြစ်လာလဲဆိုရင် ကျွန်တော်သည် ဝင်ငွေခွန်ကို ကြိုတင်ကြေညာပြီး ကြိုတင်ဝင်ငွေခွန်ဆောင်ပါတယ်။

သို့သော် ၂ဝ၁၂ ခုနှစ်တုန်းက လသာမြို့နယ်မှာ အခွန်ဆောင်နေရင်း ဗဟန်းကို ပြောင်းသွားပြီဖြစ်တဲ့အတွက် ဗဟန်းအခွန်ရုံးမှာ ဆောင်ပါတော့လို့ ပြောတယ်။ အဲဒါနဲ့ ဗဟန်း ရုံးမှာ ၂ဝ၁၃ခုနှစ်ကစပြီးတော့ အခွန်ဆောင်ဖို့ ကြိုးစားပါတယ်။ ဗဟန်းရုံးက ကျွန်တော့်ဖိုင်တွဲ သူတို့ ဆီ မရောက်သေးလို့ လသာမြို့နယ်မှာ ပြန်ဆောင်ပါလို့ပြောတော့ လသာ မြို့နယ်မှာလည်း မရှိတော့ပါဘူးတဲ့။ အဲဒီတော့ ၃ နှစ်အတွင်း အခွန်ဦးစီး ၅ယောက် ပြောင်းသွားခဲ့ပါတယ်။ ကျွန်တော့်ဆီမှာ လက်ခံဖိုင်ရှိတဲ့ အခွန်ထမ်းဆောင်ထားတဲ့အရာကို မိတ္တူကူးပြီး သူတို့ကိုပြန်ပေးရပါ တယ်။ ပေးတဲ့အခါ ၃နှစ်စာ အတွက် ဝင်ငွေခွန်မကြေညာလို့၊ ကြိုတင်ဝင် ငွေခွန်မဆောင်လို့၊၃နှစ်စာ အြေ<ွကးတင်လို့ဆိုပြီး ကျွန်တော့်ကို Fine တွေချလိုက်တာ ကျွန်တော်သိန်း ပေါင်းရာဂဏန်းနဲ့ ဆောင်ရတော့တာပဲ။ ဒါက အခွန်ထမ်းတစ်ဦးအနေ နဲ့ ကြုံခဲ့ရတာကို တင်ပြခြင်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း ပြောင်းလဲနေပြီလို့လည်း ယူဆပါတယ်” လို့ ဦးဇင်ဝိုင်းက ဆိုပါတယ်။

ရုပ်ရှင်ဥက္ကဋ္ဌအကယ်ဒမီ ဦးလူမင်းကတော့ ” အခု ကျွန်တော် တို့တိုင်းပြည် ရဲ့ ဒီမိုကရေစီလည်း နုနယ်သေးလို့ပါ။ နောက်ပိုင်းကျရင်တော့ ပွင့်လင်း မြင်သာမှုရှိရှိ သွားရတော့မှာဖြစ်ပါတယ်။ စာချုပ်စာတန်းကိစ္စတွေပါ ပါဝင်လာပြီဆိုတော့ အဲဒီစာချုပ်တွေကိုလည်း ကျွန်တော်တို့က အခွန်ဌာနကို တရားဝင်တင်ရတော့မှာဖြစ် တယ်။ ဒီကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတာ ဥပမာ- သိန်း ၂ဝ ရရင် သိန်း ၂ဝ ရတာကို တရားဝင်တင်ရတော့ မှာဖြစ်တယ်။ ဒါမှသာ ထုတ်လုပ်သူဘက်ကလည်း ဒီမင်းသားကိုတော့ သိန်း ၂ဝ ပေးထားပါတယ်ဆိုပြီး သူကလည်း ဝင်ငွေခွန်ဆောင်ဖို့ စာရင်းတင်ပြရမှာဖြစ်သလို မင်းသား တွေကလည်း ဒီအနုပညာကြေးရ တယ်ဆိုပေမယ့် တစ်ဖက်က ပြန်ထွက်သွားတဲ့ အဝတ်အစားဝယ်တာ ဘယ်လောက်၊ မိတ်ကပ်ဖိုးကုန်တာ ဘယ်လောက် စတာတွေကို အတိအကျ တင်ရတော့မှာဖြစ်တယ်။ ပွင့်လင်းမြင်သာမှု ဒီထက်ရှိလာတာနဲ့ အမျှ၊ စာချုပ်စာတန်းကိစ္စတွေ အသက်ဝင်လာတာနဲ့အမျှ အကုန်လုံးက ပွင့်ပွင့်လင်းလင်းနဲ့ အထူး တလည် ကြေညာစရာမလိုအောင် သွားရတော့မှာဖြစ်တယ်။ ဒီနေ့ကမ္ဘာမှာလည်း ရှိနေတာပါပဲ။ ဘယ်မင်းသား၊ ဘယ်မင်းသမီးကိုတော့ တစ်နှစ်ဝင်ငွေ ဘယ်လောက်ဝင်တယ်ဆိုတာကို တရားဝင်ကြေညာ ကြပါတယ်။ အဲဒီအတွက်လည်း တရားဝင်အခွန်တွေ ထမ်းဆောင်ကြပါတယ်။ အဲဒီလိုပုံစံမျိုးဖြစ်လာတော့ မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*