စိုးရိမ်စိတ်

စိုးရိမ်စိတ်
August 26, 2016 Asian Fame

10:31 am
စိုးရိမ်စိတ်

ဆရာ မောင်သစ်ဆင်းရဲ့’ကြောက်စိတ်’ကိုပြန်ဖတ်မိပြီး ဒီ စာကို ရေးဖြစ်တော့တာပါပဲ။’ကြောက်စိတ်’ ဆောင်းပါးဟာ မင်းတုန်းမင်း ဘုန်းကြီးကျောင်း သားဘဝက ငါးခြောက်ပြား ကြီး ပျောက်မှုကြောင့် စံကျောင်းဆရာ တော်က ရိုက်နှက်ဆုံးမတဲ့ ‘မင်း တုန်းမင်းနှင့် ငါးခြောက်ပြား’ ဆောင်းပါးကို အခြေခံပြီးရေးထား တာပါ။ မဖတ် ဖူးသေးသူ အတွက် အကျဉ်းချုပ်ပြောပြရရင် မောင်သစ် ဆင်းတို့ အထက်တန်းကျောင်းသား ဘဝ မြန်မာစာသင်ရိုးမှာ ပြဋ္ဌာန်း ထားတဲ့ အဲဒီဆောင်းပါးနဲ့ ပတ်သက်ပြီး မြန်မာစာ ဆရာက အတန်း သားတွေ ကို မေးခွန်းတွေမေး ပါတယ်။ အဲဒီမေးခွန်းတွေထဲမှာ   ‘စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား’လို့ အဓိပ္ပာယ် ရတဲ့ မေးခွန်းတစ်ခု လည်း ပါ တယ် ။

fears-of-the-dark
အတန်းထဲက ကျောင်းသား တစ်ယောက် အဲဒီမေးခွန်းကိုဖြေရာ မှာ ”စံကျောင်းဆရာတော်ရဲ့ ဆုံးမ ပုံကိုမကြိုက်ကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိ အလွန်တရာကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုဉ်းမပေးရတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသ စိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက်ရိုက် နှက်အပြစ်ပေးစရာ မလိုကြောင်း၊ နားဝင်အောင် ဆုံးမလျှင်ရပါလျက် နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ် ကြောင့်ဟု သံ သယဖြစ်စရာရှိ ကြောင်း၊ ဘုရားသားတော်တို့မည် သည် ရသတဏှာဖြစ်ဆွမ်း ဘုဉ်း မပေးသင့်သည် ကို သတိရသင့် ကြောင်း၊ ဆရာကိုယ်တိုင်က ဤ ဝိနည်းကို မထိန်းသိမ်းနို င်ပါဘဲ တပည့်ကိုဆုံးမခြင်းမှာ စဉ်းစား ဖွယ်ဖြစ်ကြောင်း၊ အသားနာမှအရိုး စွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန် ထန်အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက် မှာအော က်မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ် လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီ ဆုံးမနည်းဟာ မအောင်မြင်နိုင် ကြောင်း” ဖြေလိုက်သတဲ့။

 မောင်သစ်ဆင်း အပါအဝင် အတန်းသား အတော်များများက အဲဒီအဖြေကို ကြိုက်ကြပေမယ့် ဆရာကတော့ ကြိုက်ပုံမရဘူး။ သို့ သော် သူမကြိုက်ဘူးလို့လည်း ဖွင့် မပြောဘူး။ အဲဒီအဖြေ မှန်သလား မှားသလားဆိုတာ အတန်းသား တွေကို ပြန်ဖြေခိုင်းတယ်။ သို့သော် ဆရာရဲ့ မှန်သလား မှားသလား မေးနေပုံကြီးက ”မှားတယ်လို့ ဖြေ စမ်း၊ မဖြေရင် ကြိမ်လုံး” လို့မပြောရုံ တမယ်ပဲ ကျန်တော့သတဲ့။ ဆရာ ဟာ အတန်းသားတွေကို လိမ်နေ သလို သူတရားပါတယ်လို့ ဖြစ် အောင် သူကိုယ်တိုင်လည်း ပြန် လိမ်နေသတဲ့။ ဒီတော့ ကာ အတန်း သားတွေကလည်း ဆရာ အရိပ် အခြေကိုကြည့်ပြီး၊ အတန်းသားရဲ့ အဖြေဟာ မှားပါတယ်လို့ပဲ ဖြေ ကြရသတဲ့။ မောင်သစ်ဆင်း ကိုယ် တိုင်လည်းပဲ ”မှားပါတယ်” လို့ပဲ ဖြေလိုက်တော့တယ်။ သို့သော် အ ဖြေရှင်အတန်းသားကို မကြည့်ရဲ တော့ပဲ စားပွဲပေါ်က စာအုပ်ကိုပဲ ကြည့်ပြီးဖြေလိုက်ရတာ။ အတန်း သားအားလုံးလည်း ထို့အတူပဲတဲ့။ အားလုံးလည်းဖြေပြီးရော ဆရာက ခုနက အဖြေရှင်အတန်းသားကို နောက်ပြောင်မှုနဲ့ ရိုက်တော့တယ်။ နောက်ဆုံးမတော့ အဲဒီအတန်းသား လည်း ကျောင်းပြောင်းသွားသတဲ့။

တကယ်တော့ကာ အတန်း သားတွေရဲ့ နှုတ်ထွက်စကားကိုသာ ဆရာက ဟန်ပန်အမူအရာနဲ့ သူ လိုချင်တဲ့ အဖြေကိုဖြေလာ အောင် လုပ်နိုင်ပေမယ့်၊ မောင်သစ်ဆင်း တို့ အတန်းသားတွေစိတ်ထဲမှာ ”ဒီ အဖြေမှန်ပါတယ်”လို့  ကြိတ်ပြီး ပြောနေကြတာကိုတော့ ဘယ်လိုမှ တားလို့မရပေဘူးလေ။ကာယကံ၊ ဝစီကံကိုသာ တား လို့ရမယ်၊ မနောကံ ကိုတော့ ဘယ် သူမှလည်း တားလို့မရပါဘူး။ သို့ သော် ဘယ်အတန်းသားကမှလည်း သူတို့စိတ်ထဲရှိနေတာကို ဝစီကံ မြောက် ဖွင့်မပြောရဲကြပြန်ဘူး။သို့ပေမယ့် ကာယကံတွေ၊ ဝစီ ကံတွေ အတားခံ၊ အမြစ်ခံရတာ တွေ များလာတဲ့နောက်မှာတော့ ဘေးထွက် ဆိုးကျိုးအရ မနောကံ ကိုပါ ထိခိုက်လာတော့တယ်။ မနော ကံဆိုတာ တွေးခေါ်စဉ်းစားမှုပဲ။ အပြောအဆို အမူအရာ အပြုအမူ တွေကို ကန့်သတ်တားမြစ်ခံရပါ များလာတဲ့အခါ အတွေးအခေါ် ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာတာ ထုံးစံပဲလေ။ ဒါဟာ စိတ်ပညာအရ လည်း အင်မတန်မှန်ကန်ပါတယ်။ ဒါမျိုးတွေးပြီး ဒီလိုလုပ်ရင်တစ်ခုခု အပြစ်ရ တတ်တယ်ဆိုတာကို အ ကြိမ်ပေါင်းများစွာ ကြုံလာတဲ့အခါ တွေးခေါ်စဉ်းစားမှုမှာပါ ဆုတ် ဆိုင်းပြီး အဟန့် အတား ဖြစ်လာ တော့တာပါပဲ။

ဒါကို စိုးရိမ်မှုလို့ ခေါ်နိုင်မယ် ထင်ပါတယ်။ နိုင်ငံခြားသတင်း ထောက်တစ်ယောက်က ”ခင်ဗျား တို့ရော စိုးရိမ်မှုတွေ ရှိနေသေးကြ လား”လို့ ကျွန်တော့်ကိုမေးဖူးတယ်။ ကနေ့ အခြေအနေအရ သတင်း ရေးသားဖော်ပြမှုတွေနဲ့ ပတ်သက် လို့ စိုးရိမ်စရာ မလိုတော့ဘူးလို့ ဆို ကြပေမယ့် ကျွန်တော်တို့စိတ်ထဲမှာ အသားတံဆိပ်ခပ်နှိပ်ထားသလို စွဲ မြဲနေတဲ့ စိုးရိမ်မှုကတော့ ရှိနေဆဲ ပါပဲ။ ဒီလိုရေးလိုက်ရင်၊ ဒီစာသား ကိုဖော်ပြလိုက်ရင်၊ ဒီကာတွန်းကို ဖော်ပြလိုက်ရင် ဟိုလိုဖြစ်လာမ လား၊ ဒီလိုဖြစ်လာမလား၊ ဘယ်လို များဖြစ် လာနိုင်မလဲလို့ တစ်သက် လုံးတွေးခဲ့ရသမျှ၊ အဲသလိုတွေးရင်း နဲ့ ရေးလာ လုပ်လာခဲ့သမျှတွေဟာ ကျွန်တော်တို့ရဲ့ ပင်ကိုအကျင့် မဟုတ်ပေမယ့် ပင်ကိုအကျင့်လို ကို ဖြစ်နေပါပြီ။ ဆင်ခြင်တုံတရားပေါ် မိုးနေတဲ့ အရိပ်ကြီးပါပဲ။

အဲဒါကို လက်တွေ့စမ်းသပ် ကြည့်လို့ရပါတယ်။ ခင်ဗျား ရေ သောက်ခါနီးမှာပဲဖြစ်ဖြစ်၊ လက် ဖက်ရည် သောက်ခါနီးမှာပဲဖြစ်ဖြစ်၊ ဘီယာ သောက်ခါနီးမှာပဲဖြစ်ဖြစ် အရည်တစ် ခုခု သောက်ခါနီးတိုင်း မှာ နှုတ်ခမ်းကို လက်နဲ့ အရင်ကိုင် လိုက်ပြီးမှ သောက်ကြည့်ပါ။ အဲဒါ ကို မမေ့မလျော့ တစ်လလောက် လုပ်ကြည့်ပါ။ စလေ့ကျင့်ခါစမှာ တော့ အဲဒီလိုလုပ်ဖြစ်အောင်သတိ ထားပြီးလုပ်နေရပေမယ့် နောက် ပိုင်းကျရင် ခင်ဗျား ဂရုစိုက်ပြီးလုပ် စရာကိုမလိုတော့ဘဲ  အရည်တစ်ခု ခုသောက်တော့မယ်ဆိုတာနဲ့ လက် က နှုတ်ခမ်းကို အလိုလိုသွားကိုင် လာတာကို တွေ့ရပါလိမ့်မယ်။ပင်ကိုအကျင့် မဟုတ်ပေမယ့် လေ့ကျင့်ခံရပါ များလာတဲ့အခါ ပင်ကိုအကျင့်လိုကို စွဲမြဲသွားတတ် ပါတယ်။ အဲဒီလို စွဲမြဲ သွားပြီးရင် ပြန်ဖျောက်ရခက်လှပါသဗျ။

လေ့ကျင့်သား အတော်ကျနေ ပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့စိတ်ဟာ ဒီအတိုင်းပဲဖြစ်နေသဗျ။ကျွန်တော်တို့တတွေရဲ့ တွေး တောဆင်ခြင်မှုအပေါ်မှာ စိုးရိမ်မှု ဆိုတဲ့ အရိပ်ကြီး အုပ် မိုးနေသေးသ ရွေ့ ပြောင်မြောက်တဲ့ အတွေးအ ခေါ်ဆိုတာ ထွက်လာဖို့ ခဲယဉ်းလှ ပါတယ်။ မနောကံ မလွတ်လပ်သ ရွေ့ ကာယကံ၊ ဝစီကံတွေ လည်း ပြောင်မြောက်တော့ မှာ မဟုတ်ပါ ဘူး။ မြင်းကောင်းခွာလိပ် ဖြစ်နေ ကြမှာပဲ။ဒါဟာ တိုင်းပြည် တိုးတက်မှုနှေးကွေး စေခြင်းဆိုင်ရာ အကြောင်း တစ်ရပ်လို့လည်း ယူဆမိ တယ်။ခင်ဗျားရော စိုးရိမ်တ တ် နေသေးတာပဲလား။

ဟက်ကာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*