12:14 pm
၂ဝ၁၄ ခုနှစ်တွင် စစ်ဘက်မှ အာဏာ သိမ်းခဲ့ပြီးနောက်ပိုင်း အကြိမ်ကြိမ်ကြိုးပမ်း ရေးသားပြုစု ခဲ့ရပြီးနောက် လွန်ခဲ့သည့်မတ် လက အပြီးသတ်ခဲ့သည့် ထိုင်းနိုင်ငံ၏ အကြိမ်(၂ဝ) မြောက် အခြေခံဥပဒေသစ်ကို သြဂုတ်လ ၇ ရက်နေ့က ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး ၆ဝ ရာခိုင်နှုန်းကျော် အများစု ထောက်ခံမဲဖြင့် အတည်ပြုလိုက်ပြီဖြစ်သည်။အခြေခံဥပဒေမူကြမ်းနှင့် ပတ်သက် ၍ လက်ရှိနိုင်ငံရေးပါတီ အများအပြားက ဒီမိုကရေစီမူများနှင့် မကိုက်ညီဟုဆိုကာ ကန့်ကွက်ခဲ့ကြသည်။ နိုင်ငံတကာစောင့် ကြည့်လေ့လာရေး အဖွဲ့များကလည်း ဆန္ဒ ခံယူပွဲနှင့် ပတ်သက်၍ လူသိရှင်ကြား ဝေဖန် ကန့်ကွက်မှုများကို ပိတ်ပင်တားဆီးထားမှု ၊ လွတ်လပ်စွာ မဲဆွယ်ဟောပြောစည်းရုံးခွင့် မရခဲ့မှုများအပေါ် ထောက်ပြဝေဖန်ခဲ့ကြ သည် ။ မည်သို့ပင်ဖြစ်စေ ဆန္ဒခံယူပွဲနေ့တွင် ထူးထူးခြားခြား ဖြစ်ရပ်တစ်စုံတစ်ရာ မတွေ့ရဘဲ အေးအေးချမ်းချမ်းပင် ပြီးဆုံးသွားခဲ့ပြီး အများအားဖြင့် လွတ်လပ် မှုရှိခဲ့ သည်ဟု ဆိုသည်။
အခြေခံဥပဒေသစ်၏ ထူးခြားချက်များ
ထိုင်းနိုင်ငံ၏ ၂ဝ၁၆ ခုနှစ် အခြေခံ ဥပဒေသစ်နှင့် ပတ်သက် ၍ လူပြောအများ ဆုံးအချက်မှာ ဆီးနတ်(ခေါ်) အထက် လွှတ်တော်ကို ရွေးကောက်ခံမဟုတ်ဘဲ ရွေးချယ်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားပြီး ယင်းလွှတ်တော်ကိုလည်း အရေး ပါသည့် အခွင့်အာဏာများ ပေးထားခြင်း ဖြစ်သည်။အခြေခံဥပဒေသစ်အရ အောက်လွှတ် တော်တွင် အမတ် ၅ဝဝ ဖြင့် ဖွဲ့စည်းထားပြီး ယင်းတို့ အနက်မှ ၃၂ဝ မှာ မဲဆန္ဒနယ်အ လိုက် ရွေးကောက်တင်မြှောက် ထားခြင်း ဖြစ်ကာ ၁၅ဝ မှာ အချိုးကျကိုယ်စားပြုစနစ် အရပါတီအလိုက် ဦးစားပေး နာမည်စာ ရင်းများမှ ထုတ်ယူခန့်အပ်ခြင်းဖြစ်သည်။
ဆီးနိတ်အထက်လွှတ်တော်မှာမူ အင် အား ၂၅ဝ ရှိပြီး ယင်းတို့ကို စစ်ကောင်စီက ဖွဲ့စည်းထားသည့် ဆီးနိတ်ကိုယ်စားလှယ် ရွေးချယ်ရေးကော်မတီက ရွေးချယ်ခန့်အပ် ခြင်းဖြစ်သည်။ အထက်လွှတ်တော်ကိုယ် စားလှယ် ၂၅ဝ အနက်မှ ၆ ဦးမှာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အကြီးအကဲများ ဖြစ်ကြ သည်။ ကျန်ကိုယ်စားလှယ်များမှာ နိုင်ငံ ရေးပါတီများမှ ပါတီဝင်မဟုတ်သူ၊ အစိုးရ ဝန်ထမ်းမဟုတ်သူ၊ အလွှာအသီးသီးမှကျွမ်း ကျင်သူ များဖြစ်ကြသည်။ဝန်ကြီးချုပ်ရွေးချယ်ရာတွင် လွှတ် တော်နှစ်ရပ်ပေါင်း၏ ထက်ဝက်ကျော်ဆန္ဒ မဲဖြင့် ရွေးချယ်မည်ဖြစ်ပြီး ရွေးကောက်ခံ အမတ်မဟုတ်သူ နိုင်ငံရေးသမားမဟုတ်သူ များပင် ရွေးချယ်ခန့်အပ်ခံခွင့်ရှိသည်။
ဤအချက်ကြောင့် မည်သည့်နိုင်ငံရေး ပါတီဖြစ်စေ ရွေးကောက်ပွဲ၌ တောင်ပြို၊ ကမ်းပြို အနိုင်ရစေကာမူ အောက်လွှတ် တော်၌ ၇၅ ရာခိုင်နှုန်း (၃၇၅ မဲ)ထက် ကျော်အောင် မဲမရပါက ဝန်ကြီးချုပ်ခန့်အပ် ခွင့်အစိုးရဖွဲ့ခွင့်ရရန်များစွာ ခဲယဉ်းပေလိမ့် မည်။အောက်လွှတ်တော်၏ ၃ဝ ရာခိုင်နှုန်း ကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ် သောကြောင့် ပါတီငယ်များလည်း လွှတ် တော်တွင်းသို့ ရောက်လာနိုင်သည်ဖြစ်ရာ ပါတီကြီးများအနေဖြင့် ပါတီငယ်များကို သူ့ထက်ငါ ဆွဲဆောင်စည်းရုံးပြီး ညွန့်ပေါင်း အစိုးရဖွဲ့ရန် ကြိုးစားကြရမည့် အခြေအ နေရှိသည်။ ညွန့်ပေါင်းတို့ မည်သည်မှာ စည်းလုံးညီညွတ်မှု အားနည်းလေ့ရှိရာ ဆီး နိတ်လွှတ်တော်မှ ထုနှင့်ထည်နှင့်ရှိသော အမတ် ၂၅ဝ က ကြီးစိုးလွှမ်းမိုးထိန်းချုပ် ထားနိုင်ဖွယ်ရှိသည်။
ယင်းအချက်ကြောင့်ပင် ရွေးကောက် ခံများကို ရွေးကောက်ခံရသူ မဟုတ်သည့် ခန့်အပ်ခံများက ထိန်းချုပ်မည့် ဥပဒေဖြစ် သည်ဟု ဝေဖန်ကြခြင်းဖြစ်သည်။သို့သော် အခြားတစ်ဖက်တွင်လည်း အခြေခံလူတန်းစားများအကြိုက် အခွင့်အ ရေးများ (ဥပမာ ဆင်းရဲသားများ အခမဲ့ ဆေးကုသခွင့်၊ အသက် ၆ဝ ကျော်ပြီးဝင် ငွေရလမ်းမရှိသူများအား အစိုးရကထောက် ခံမှု၊ ကလေးသူငယ်များအား ထောက်ပံ့မှု နှင့် အခမဲ့ပညာရေး) စသည်တို့ကိုလည်း ထည့်သွင်းထားပြီး အများကြိုက်ဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်လွတ် လပ်စွာသတင်းရေးသားခွင့်၊ သတင်းရယူ ခွင့်၊ ပွင့်လင်းမြင်သာမှု စသည်များကိုလည်း ထည့်သွင်းပေးထားသည်ကို တွေ့ရသည်။
အများက သတိထားပြောဆိုမှု မရှိ သော်လည်း စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်မှာ ထီးနန်း ဆက်ခံခွင့်ကိစ္စဖြစ်၏။ အခြေခံဥပဒေတွင် ဘုရင်ကြီးက ဆက်ခံ မည့်သူကို ဥပဒေနှင့်အညီ ရွေးချယ်လျာ ထားနိုင်ခဲ့ခြင်းမရှိပါက ဘုရင့်အတိုင်ပင်ခံ ကောင်စီက ဝန်ကြီးအဖွဲ့မှတစ်ဆင့်ထီးနန်း ဆက်ခံရန် သင့်တော်သူကို အမည်စာရင်း တင်သွင်းပြီး လွှတ်တော်ကအတည်ပြုရန် ဖြစ်သည်။ ထိုသို့ နန်းလျာအမည်တင်သွင်း ရာတွင် ”မင်းသမီး”ကို လည်းတင်သွင်းနိုင် သည်ဟု ထည့်သွင်းထားသည်မှာ စိတ်ဝင် စားဖွယ်ကောင်းသည်။
သုံးသပ်ချက်
ယခု အခြေခံဥပဒေသစ်တွင် ဒီမိုက ရေစီအသွင် ကူးပြောင်းရေး ကာလကို ငါး နှစ်သတ်မှတ်ထားသည်။ ထိုငါးနှစ်အတွင်း ယခု အခြေခံဥပဒေသစ်ဖြင့် တင်းတင်း ကျပ်ကျပ်ထိန်းသိမ်းကာ တည်ငြိမ်မှုကိုရယူ ထားပြီး ထိုင်းနိုင်ငံရေးတွင် နာမည်ပျက်လှ သော နိုင်ငံရေးသမား တို့၏ အကျင့်ဆိုးများ ကို ပြုပြင်ပယ်ရှားကာ နိုင်ငံသစ်ထူထောင် ရန်ဖြစ်သည်ဟု ဆိုသည် ။ အထင်ကရ နိုင်ငံရေးခေါင်းဆောင်း များနှင့် နိုင်ငံရေးသုတေသီတို့က မူ ဤသို့ ငါးနှစ်ခန့်  ငြိမ်ဝပ်ပိပြားအောင် ထိန်းထား ရုံမျှဖြင့်လည်း အခြေခံနိုင်ငံရေး ပြဿနာ များကို ဖြေရှင်းနိုင်ဖွယ်မရှိဟု ဆိုကြသည်။မည်သို့ပင်ဖြစ်စေ ဆယ်စုနှစ်နှင့်ချီ၍ နိုင်ငံရေး ပဋိပက္ခနှင့်မတည်ငြိမ်မှုကို ခံစား ခဲ့ကြရသော သာမန်ပြည်သူများအဖို့မူ တစ်စုံတစ်ရာအတိုင်အတာအထိ တည် တည်ငြိမ်ငြိမ်ဖြင့် ပုံမှန်အနေအထားသို့  ပြန်လည် တည်ဆောက်နိုင်မည် ဆိုပါက လက်သင့် ခံနိုင်ဖွယ်ဖြစ်သည် ။ အကယ်၍ ဤအခြေခံဥပဒေကိုလက်မခံဟု ဆိုပါလျှင် လည်း စစ်အုပ်ချုပ်ရေး ဆက်လက်တည်ရှိ နေမည်သာဖြစ်၍ ရလဒ်က ထူးခြားလိမ့် မည်မဟုတ် ။ ထို့ကြောင့်လည်း ဘာမျှ မရှိ ခြင်းထက်စာလျှင် တစ်စုံတစ်ရာ ရှိခြင်းက ပိုကောင်းသည် ဆိုသော သဘောဖြင့် ဆန္ဒခံယူပွဲတွင် ထောက်ခံ မဲပေးခဲ့ကြခြင်းလည်း ဖြစ်နိုင်သည်။
ထို့အပြင် ကမ္ဘာတစ်ဝန်း၌ အစဉ်အလာ ရေပေါ်ဆီနိုင်ငံရေးသမား များကို ဆန့်ကျင်လာခဲ့ကြသည့် ယနေ့အချိန်အခါ ၌ ယင်းသို့သော နိုင်ငံရေးသမားများ ၏ အမြတ်ထုတ် အသုံးချမှုများကို ကာလကြာ ရှည်ခံစား ခဲ့ကြရသည့် ထိုင်းလူထုအနေဖြင့် ယင်းနိုင်ငံရေးသမား တို့၏ သဘောထားနှင့် ဆန့်ကျင်၍ မဲထည့်ခဲ့ကြခြင်း လည်း ဖြစ်နိုင် သည် ။ သို့သော်လည်း လက်တွေ့၌ ဤအခြေခံဥပဒေသစ် အရ ၂ဝ၁၇ ခုနှစ်တွင် လက်ရှိ အစိုးရ၏ ကတိအတိုင်း ရွေးကောက်ပွဲကျင်းပကာ အစိုးရသစ် ထွက်ပေါ်လာသည့် တိုင်အောင် အခြေအနေကို ယာယီထိန်းထား နိုင်ရုံမျှသာဖြစ်ပြီး လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အောင့်အည်းထားသမျှ ပြန်လည်ပေါ်ထွက်လာကာ မတည်ငြိမ်မှုများ ဖြစ်လာနိုင်သည် ။ သို့ဖြင့် ရွေးကောက်ပွဲ မတည်ငြိမ်မှု ၊ စစ်ဘက်အာဏာသိမ်းမှု ၊ အခြေခံဥပဒေသစ် ရွေးကောက်ပွဲ မတည် ငြိမ်မှု စသည်ဖြင့် အဆိုး သံသရာပြန်ဆိုက် သွားနိုင်သည့် အန္တရာယ်ရှိ နေသည် ။ ထို့အ ပြင် ငါးနှစ်ကာလ အတွင်း နာတာရှည် မမာမကျန်း ဖြစ်နေသည့် ဘုရင်ကြီး နတ် ရွာစံသွားပါက နန်းလျာ ဆက်ခံရေး ပြဿ နာများလည်း ရှုပ်ထွေး လာနိုင်ကြောင်း သုံးသပ်ရပါသတည်း။
ကိုကိုလှိုင်