ရုပ်ရှင်လောကသားများ နှင့် ဆင်ဆာ

ရုပ်ရှင်လောကသားများ နှင့် ဆင်ဆာ
August 18, 2016 Asian Fame

2:23 pm
ရုပ်ရှင်လောကသားများ နှင့် ဆင်ဆာ

censor

၂၀၁၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဦးစီးအမှုဆောင်အဖွဲ့နှင့် ရုပ်ရှင်လောကသားများ တွေ့ဆုံ၍ ဆင်ဆာတင်ပြခြင်း၊ ဆင်ဆာဖြတ်ခြင်းအကြောင်းများ ဆွေးနွေးခဲ့ကြပါသည်။ ဒါရိုက်တာဝိုင်းက မြန်မာ့ရုပ်ရှင်ဇာတ်ကားများ သေချာမပြီးစီးသေးဘဲ ဆင်ဆာတင်ခြင်းကို ဆင်ဆာစစ် ဆေးရေးအဖွဲ့က လက်ခံပါသလား၊ အရုပ်၊ အသံပါရုံနှင့် ရုပ်ရှင်ဆင်ဆာ တင်ခြင်းမှာ ဆင်ဆာအဖွဲ့ဝင်လူကြီး များကို စော်ကားသလို ဖြစ်နေပါ သည်။ ဆင်ဆာကတ်မြန်မြန်ရပြီး ရုံတင်ရက် ရှေ့ရောက်အောင် ကြိုး စားနေသော ထုတ်လုပ်သူများအား တားဆီးပေးရန် တောင်းဆိုသွားပါသည်။

သုခမိန်ရုပ်ရှင်ထုတ်လုပ်ရေး၊ ဗိုလ်မှူးကျော်ကျော်က “ငဘ” ဇာတ်ကားတွင် ကျော်ရဲအောင်က “သောက် သုံးမကျဘူး” ဟူ၍ ပြောတာကို ဆင်ဆာအဖွဲ့က ထောက်ညွှန်ထားပါသည်။ လူဆိုးလူကြမ်းအဖြစ် သရုပ်ဆောင်သော ကျော်ရဲအောင်အနေနှင့် “သောက်” ပါသော စကားအသုံးအနှုန်း ပြောရခြင်းမှာ စရိုက်နှင့်ကိုက်ညီစွာ သရုပ်ဆောင်ခြင်းဖြစ်ပါ၏။ ထိုအခန်းကို ဖြတ်တောက်၍ ပြင်ဆင်ရလျှင် နိုင်ငံခြားသို့ ပို့ရသဖြင့် အချိန်ကြာမည် ဖြစ်ကြောင်း ဆင်ဆာအဖွဲ့သို့ တင်ပြသဖြင့် မပြင်ဘဲပြသရန် ခွင့်ပြုခဲ့ပါသည်။ မိမိတို့အနေနှင့် ဆင်ဆာတွင်ခွင့်ပြုသည့်စကား၊ ခွင့်မပြုသည့်စကား အသုံးအနှုန်းများ သိချင်ပါသည်ဟု ပြောပါသည်။

စိမ်းဝါနီရုပ်ရှင် ထုတ်လုပ်သူ ဒေါ်မြင့်မြင့်ခိုင်က သူမ၏ ” ကြိုးနှင့်ချည်ထားသော ဗာရာဏသီ” ကို ဆင်ဆာတင်ပြရာတွင် ဇာတ်ညွှန်းကို တောင်းကြည့်ပါကြောင်း၊ ဇာတ်ညွှန်းတွင်ပါသော “နင့်အပေါက် ပိတ်ထားစမ်း” ဆိုသည့်စကားကို ဖြတ်ခိုင်းပါသည်။ နင့်အပေါက် ပိတ်ထားဆို သည့်စကားက ဘာများရိုင်းလို့လဲဟု တင်ပြသွားပါသည်။ တကယ်တော့ “ကြိုးနှင့်ချည်ထားသော ဗာရာဏသီ” ဇာတ်ကားတွင် အောက်ပိုင်းပြက်လုံးများပါရှိသည် ဖြစ်ရာ ဆင်ဆာအဖွဲ့ဝင်များသည် မမှတ်မိဘဲရှိသဖြင့် ဇာတ်ညွှန်းကို ပြန်တောင်းကြည့်ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ဇာတ်ညွှန်းတောင်းခြင်းမှာ သည်တစ်ကားတည်း မဟုတ်ပါ။ ဒါရိုက်တာညီညီထွန်းလွင်၏ “အီဖေကိုယ်တို့ ရွေးကောက်ပွဲ”၊ ဇာဂနာ၏ “အော်တိုဘုရင်” နှင့် အခြား ဇာတ်ကားတချို့၏ ဇာတ်ညွှန်းကိုလည်း ယူ၍ကြည့်ခဲ့ဖူးပါသည်။

ဇာတ်ညွှန်းတွင် ပါဝင်သော အများပြည်သူများအား မပြသင့်သည့် အခန်းနှင့် စကားလုံးများကို ပြင်ဆင် ဖြတ်တောက်ပေးရန် ဆင်ဆာအဖွဲ့က ထောက်ညွှန်ပေးကြရပါသည်။ ဒါရိုက်တာ ညိုမင်းလွင်ကလည်း သူ၏ “မေထုန်ရာသီဖွား” ဇာတ်လမ်းအား ပြင်ဆင်ခိုင်းခြင်းနှင့် ပတ်သက် ပြီး ရင်ဖွင့်ဆွေးနွေးပြန်သည်။ တကယ်တော့ ဆင်ဆာအဖွဲ့ဆိုတာ မရှိဘဲ “ဇာတ်ကားအဆင့်အတန်း သတ်မှတ်ရေး စိစစ်အကဲဖြတ်အဖွဲ့” ဖြစ်သဖြင့် ဇာတ်ကားများအား ဆင်ဆာဖြတ်စရာ မလိုကြောင်း၊ မေထုန်ရာသီဖွားဇာတ်ကားအမည်ကို ဗေဒင်နက္ခတ်ဆရာများက ကန့်ကွက်မည်စိုး၍ နာမည်ပြောင်း ခိုင်း ခဲ့ကြောင်း၊ မိမိကအလွန်ကြိုက်သော နာမည်မို့ မပြောင်းနိုင်ကြောင်း တင်းခံနေခဲ့၍ ဆင်ဆာအဖွဲ့မှ ခွင့်ပြုခဲ့ပါသည်။ ဤဇာတ်ကားအား ဆင်ဆာတင်ခဲ့ပါလျှင် ဆင်ဆာလက်မှတ်၏နောက်တွင် မည်သည့်အခန်းကို ဖြတ်သည်ဆိုတာ ရေးပေးရန် တောင်းဆိုပါသည်။

ယခုထိရုပ်ရှင်ဒီမိုကရေစီ မရ သေးဘူးလားလို့ မီဒီယာများမှ အင်တာဗျူးကြလျှင် ဆင်ဆာဖြတ် သောအခန်းများကို ပြသရန်ဖြစ်သည် ဟု ပြောပါသည်။တကယ်တော့ မေထုန်ရာသီဖွားသည် လိင်တူယောက်ျားချင်း ချစ်သည့်အကြောင်း ရိုက်ကူးမည့် ဇာတ်ကားဖြစ်သည်။ လိင်တူချစ်ခြင်းမေတ္တာဘွဲ့ကို ခွင့်မပြုဟု မဆိုလိုပါ။ ဇာတ်လမ်းဇာတ်ကွက်အရ ယောက်ျားလေးနှစ်ယောက် အဆောင်တွင် တစ်ခန်းတည်းနေပြီး၊ တစ်ယောက်နေမကောင်းလျှင် တစ်ယောက်က ဖက်ပွေ့ပြုစုတာမျိုး၊ တစ်ယောက်က ရေနစ်ချင်ယောင်ဆောင်သဖြင့် နောက်တစ်ယောက်က ဆင်းဆယ်သောအခါမှ ရေထဲတွင် တစ် ယောက်ကိုတစ်ယောက်ဖက်ပြီး သာယာနေတာမျိုး၊ လိင်တူယောက်ျားချင်း ဖိုနှင့်မလို အထိအတွေ့မှာ သာယာနေသည့်အခန်းတွေ ရေးသား ဖော်ပြထားသည်ကို တွေ့ရသဖြင့် တကယ်လက်တွေ့ ရိုက်ကူးသောအခါ မသင့်လျော်သော၊ လူငယ်များ အတုယူမှားနိုင်သော မြင်ကွင်းများ၊ အမူအရာများ ပါရှိလာမည်ကို တားဆီးရန် ထိုအခန်းများကို ပြင်ဆင် ခိုင်းခဲ့ပါသည်။

တရားရေးဌာနမှလည်း လိင်တူဆက်ဆံခြင်းမှာ တရားဥပဒေအရ ပုဒ်မ (၃၇၇) နှင့် ငြိစွန်းသဖြင့် ခွင့် မပြုနိုင်ကြောင်း ထောက်ညွှန်ခဲ့ပါသည်။ကျွန်မတို့ကတော့ တစ်ဆောင်တည်း၊ တစ်ခန်းတည်း အတူနေ သူငယ်ချင်းနှစ်ယောက် စိတ်တူ၊ သဘောတူရဲဘော်ရဲဘက်အဖြစ် ချစ်ခင်အနစ်နာခံကြပုံကို ယခင် “ဒိုး” ဇာတ်ကားမှ ကျော်သူနှင့်စိုးသူတို့ ချစ်သလို ချစ်ကြရန် ပြောင်းလဲရိုက်ကူးရန် အကြံပေးခဲ့ပါသည်။

“မေထုန်ရာသီဖွား” ဆိုသည့် အမည်မှာလည်း ဒါရိုက်တာနှင့်ဇာတ်လမ်းရေးသူက မည်ကဲ့သို့ သဘောဆောင်၍ပေးသည် မသိသော်လည်း ယေဘုယျအားဖြင့်တော့ “မေထုန် မှီဝဲသည်၊ မေထုန်ပြုသည်” ဟုအများက ထင်နိုင်သည်။ ဇာတ်လမ်းပါ ဇာတ်ကောင်များက မေထုန်ပြုခြင်းကို ဝါသနာပါ၍ မေထုန်ရာသီဖွားဟု အမည်ပေးထားသလား ထင်စရာရှိပါသည်။ ထိုကဲ့သို့ဆိုလျှင် ဗေဒင် နက္ခတ်ပညာရှင်များက မေထုန်ရာသီဖွားများ၏ စရိုက်လက္ခဏာနှင့် မကိုက်ညီသဖြင့် ကန့်ကွက်ချင် ကန့်ကွက်ကြပါလိမ့်မည်။ သို့သော်လည်း “မေထုန်ရာသီဖွား”ကို ပြုပြင်ပြောင်းလဲ၍ ဇာတ်လမ်းစိစစ်ရေးသို့ ပြန်လည်တင်ပြ လာပါသည်။ ဇာတ်ကားအမည်ကို တော့ မေထုန်ရာသီဖွားဟူ၍ပင် ထားပါသည်။ မေထုန်ရာသီဖွား သည် ဇာတ်လမ်းတင်ထားစဉ်ကတည်းက ကန်တော့ပွဲပေး၍ စတင်ရိုက်ကူးနေသည်များကို ဖေ့စ်ဘုတ်နှင့် ဂျာနယ်များတွင် ဖော်ပြပြီးဖြစ်ပါသည်။

ဇာတ်လမ်းစိစစ်ရေးအဖွဲ့သို့ ဇာတ်လမ်းတင်ထားပြီး ဇာတ်လမ်း ရိုက်ကူးခွင့်မရခင် မိမိအဆင်ပြေသလို ကြိုရိုက်ကူးနေသော ဇာတ် ကားများရှိတာကိုလည်း ဇာတ်လမ်း စိစစ်ရေးအဖွဲ့ကရော၊ ရုပ်ရှင်အစည်း အရုံးကရော သိရှိနေပါသည်။ ထိုကဲ့သို့ စည်းကမ်းဖောက်ဖျက် သော ဇာတ်ကားများအား အရေးယူ ရန်လည်း ညှိနှိုင်းတိုင်ပင်နေကြဆဲ ဖြစ်ပါသည်။ ယခင်က ဆင်ဆာဟုခေါ်သော အဖွဲ့ကို “ဇာတ်ကားအဆင့်အတန်း သတ်မှတ်စိစစ် အကဲဖြတ်အဖွဲ့” ဟု ပြောင်းလဲသတ်မှတ်ပြီး အဖွဲ့ဝင် (၁၅) ဦးနှင့် ဖွဲ့စည်းထားခဲ့ပါသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ သာသနာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးတို့မှ အဖွဲ့ဝင် (၁၅) ဦး တို့ ပါဝင်ပါသည်။ ဇာတ်ကားအဆင့်အတန်း သတ် မှတ်စိစစ်အကဲဖြတ်အဖွဲ့သည် ရိုက်ကူးတင်ပြလာသော မြန်မာရုပ်ရှင်နှင့် ဗီဒီယိုတိပ်ခွေများကိုလည်းကောင်း၊ ပြည်ပမှ တင်သွင်းလာသော ရုပ်ရှင်ဇာတ်ကား (သို့မဟုတ်) ယူဆောင်လာ သော ဗီဒီယို တိပ်ခွေများကို လည်းကောင်း၊ ရုပ်ရှင်/ဗီဒီယိုဆင်ဆာလက်မှတ်လျှောက်ထားလာသည့်အခါ ဇာတ်ကားများကို ချမှတ်ထားသော မူဝါဒနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ ကြည့်ရှု စစ်ဆေးရပါသည်။ ပြီးနောက် ….

(က) အများပြည်သူအားဖြစ်စေ၊ သီးသန့်ပရိသတ်အားဖြစ်စေ၊ မိသားစု ကြည့်ရှုရန်ဖြစ်စေ ပြသခွင့်ပြုနိုင် သည်။
(ခ) အများပြည်သူအား ပြသ ရန် (သို့မဟုတ်) မိသားစုကြည့်ရှုရန် မသင့်သော ဇာတ်ကား၏ အစိတ် အပိုင်းကို ဖြတ်တောက်ခြင်း၊ ပြုပြင် ခြင်း ပြုလုပ်စေ၍ ခွင့်ပြုနိုင်သည်။
(ဂ) အများပြည်သူ ပြသခွင့် မပြုဟု ပိတ်ပင်နိုင်သည်။

ဆင်ဆာအဖွဲ့သည် အောက်ပါ အခြေခံအချက်များ စစ်ဆေးရမည်။

(က) နိုင်ငံတော်၏ မူဝါဒကို ထိခိုက်စေနိုင်ခြင်း ရှိ၊ မရှိ။
(ခ) ကိုးကွယ်သည့်ဘာသာကို ထိခိုက်စေနိုင်ခြင်း ရှိ၊ မရှိ။
(ဂ) တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်စေနိုင်ခြင်း ရှိ၊ မရှိ။
(ဃ) အမျိုးသားယဉ်ကျေးမှုကို ထိခိုက်ပျက်ပြားစေနိုင်ခြင်း ရှိ၊ မရှိ။
(င) ပြည်သူတို့၏ အကျင့် စာရိတ္တကို ထိခိုက်ပျက်ပြားစေနိုင်ခြင်း ရှိ၊ မရှိ။
(စ) တရားဥပဒေ စိုးမိုးရေးနှင့် စည်းကမ်းသေဝပ် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်ခြင်း ရှိ၊ မရှိ။
(ဆ) ညစ်ညမ်းသော၊ ရက်စက် ကြမ်းကြုတ်သော ကာမရာဂကို လှုံ့ ဆော်သော အပြုအမူများ ပါဝင် ခြင်း ရှိ၊ မရှိ။
(ဇ) ကလေးသူငယ်များ၏ စိတ် ဓာတ်နှင့် အကျင့်စာရိတ္တကို ထိခိုက် စေနိုင်ခြင်း ရှိ၊ မရှိ။
(ဈ) ဇာတ်လမ်းသည် ပြည်သူအတွက်လည်းကောင်း၊ နိုင်ငံတော် အတွက်လည်းကောင်းအကျိုးပြုနိုင် ခြင်း၊ အထောက်အကူပြုနိုင်ခြင်း ရှိ၊ မရှိ စသည်တို့ကို စစ်ဆေးရပါသည်။

ပြောင်းလဲလာသော ခေတ် အခြေအနေတွင် ယခင်က သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖြေလျှော့၍ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများကို စိစစ်ပေးကြပါသည်။ ထို့ကြောင့်လည်း ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ယခုကဲ့သို့ မြန် မြန်ဆန်ဆန်နှင့် ပေါပေါများများ ထွက်နေခြင်း မဟုတ်လား။ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရာတွင်လည်း ဇာတ်လမ်းများ ကြိုတင်ပြီးမှ ရိုက်ကူးရသည်ဖြစ်ရာ ဇာတ်လမ်း စိစစ်ရေးအဖွဲ့မှ တင်သမျှ ဇာတ်လမ်းများကို ခွင့်ပြုခဲ့သည်ချည်း ဖြစ်ပါသည်။ သို့သော်လည်း ရုပ်ရှင်ထုတ်လုပ် သူများက ဇာတ်လမ်းမကျခင်၊ မိမိတို့ အဆင်ပြေသလို ကြိုပြီးရိုက်ကူးနေကြ သည်ကို သိသော်လည်း ထိထိရောက် ရောက် အရေးမယူနိုင်ကြသေးပေ။

ဆင်ဆာအဖွဲ့ဝင်များသည် တစ်ပတ်ကို ဗီဒီယိုအခွေ (၂ဝ) ခန့်မျှ အိမ်တွင် စစ်ဆေးကြည့်ရှုပေးရ၏။ ရုံတင်ဇာတ်ကားကြီးများနှင့် နိုင်ငံခြာားတ်ကားကြီးများအား လည်း ရုံးပိတ်ရက်မှအပ ရုပ်ရှင်ရုံများတွင် ဆင်ဆာသွားကြည့်ပေးရ၏။ ရုပ်ရှင်ပွဲတော်အတွက် အများပြည်သူအား ပြသမည့် ဇာတ်လမ်းတို နှင့် မှတ်တမ်းတင်ဇာတ်ကားများ၊ လူ့ အခွင့်အရေးနှင့် ဂုဏ်သိက္ခာအတွက် ဇာတ်ကားများကို စစ်ဆေးကြည့်ရှု ပေးခြင်းနှင့် မအားမလပ်နိုင်အောင် ဖြစ်ပါသည်။တကယ်တော့ ရုပ်ရှင်အစည်း အရုံးမှ ဆင်ဆာအဖွဲ့ဝင်များသည် ရုပ်ရှင်လောကသားများဘက်မှ ရပ်တည်ရန်အတွက် အခကြေးငွေရ၍ မဟုတ်ဘဲ မေတ္တာဖြင့် တာဝန်ထမ်းဆောင်ပေးခြင်း ဖြစ်ပါသည်။ ရုပ်ရှင်ထုတ်လုပ်သူများကလည်း မိမိတို့ထုတ်လုပ်သည့် ဇာတ်ကားများအား အနုပညာအရရော၊ ဝင်ငွေအရပါ အောင်မြင်ရန် ကြိုးစားရိုက်ကူးကြပါရန်နှင့် အများပြည် သူအတွက် အဆိပ်အတောက်ဖြစ် သော၊ လူငယ်များအတုယူမှားနိုင် သော၊ အပြောအဆိုနှင့် ပြကွက်များ၊ ဇာတ်လမ်းများ ရှောင်ရှားနိုင်ကြပါ စေဟု တိုက်တွန်းလိုက်ရပါသည်။

ဆင်ဆာအဖွဲ့ဝင်တစ်ဦး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*