ရန်ကုန်ဝန်

ရန်ကုန်ဝန်
July 27, 2016 Asian Fame

3:46 pm
ရန်ကုန်ဝန်
In Articles

kyuu

ရန်ကုန်ဝန်သည် အလွန်ထူးခြားသည်။ သူသည် ရန်ကုန်ကို နယ်ချဲ့အင်္ဂလိပ်တို့ မသိမ်းပိုက်မီ ရတနာပုံနေပြည်တော်မှ မြန်မာမင်းတရားကြီး ခန့်အပ်ထားခဲ့သော ရန်ကုန်မြို့ဝန် ဦးအုပ်၊ မြို့ဝန် ဦးမှုန်တို့နှင့်လည်းမတူ။ သူတို့ထက်စောသော ပထမဆုံး ရန်ကုန်မြို့ဝန်ဇေယနန္ဒနှင့်လည်း ခြားနားသည်။ ဇေယနန္ဒသည် နှယ် နှယ်ရရမဟုတ်။ သူ့ကို အလောင်းမင်းတရားကြီး ကိုယ်တော်တိုင်ခန့် အပ်တော်မူခဲ့ခြင်းဖြစ်သည်။ သို့ သော် ကျွန်ုပ်တို့၏ ရန်ကုန်ဝန်သည် ဇေယနန္ဒလောက်ကို စာရင်းထဲ မထည့်ပေ။ သူသည် သက်တမ်းရင့် NGO တစ်ဦးဖြစ်ရာ အလောင်းမင်းတရားကြီး “ဒဂုံ” ကို သိမ်းပိုက်ပြီး “ရန်ကုန်” ဟု အမည် မပြောင်းမီကတည်းက “ဝန်” ရာထူး ရထားပြီး ဖြစ်သည်။

“ဝန်” ဝေါဟာရကို ကျွန်ုပ်တို့၏ မြန်မာအဘိဓာန်က (ဆောင်ရွက်ရမည့်အလုပ်၊ တာဝန်) ဟုလည်းကောင်း၊ (ဆိုင်ရာအုပ်ချုပ်စီမံမှု တာဝန်ကိုယူရသော အရာရှိကြီးတစ်မျိုး) ဟုလည်းကောင်းဖွင့်ဆိုသည်။ အင်္ဂလိပ်ဝေါဟာရတွင် Burden ဟူ၍ရှိသည်။ ထို “ဘာဒင်” (အဆိုတော် ဗဒင်နှင့် မရောထွေးရန် သတိပြု) ကို ဝန်ထုပ်ဝန်ပိုးဟူ၍ လည်းကောင်း၊ ခက်ခဲစွာဆောင်ရွက်ရမည့်တာဝန်ဟုလည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုသည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ ဝန်ထမ်း၊ နာမည် ကျော် စာဆို “ကစ်ပလင်း” Rudyard Kipling က သူ၏ကဗျာတစ်ပုဒ်တွင် နယ်ချဲ့ဝါဒထောက်ခံချက်အချက်အဖြစ် White man’s burden ဟူ၍ သုံးနှုန်းဖူးသည်။

လူမည်း၊ လူညို၊ လူဝါတို့ကို အုပ်ချုပ်ထိန်းသိမ်းရမည့် အလုပ်မှာ သူတို့လူဖြူ (အင်္ဂလိပ်) တို့၏တာဝန် ဟု ဆိုလိုရာရောက်သည်။ ဤအချက် ကို ကျွန်ုပ်တို့၏ ရန်ကုန်ဝန်က ပက်ပက်စက်စက်ကြီး ရှုတ်ချပြစ်တင် လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူပိုင်စိုးသည့် ရန်ကုန်တွင် လူမည်း ရော၊ လူညိုရော၊ လူဝါရော၊ လူနီဖြူစပ် (ခေါ်) လူဖြူအင်္ဂလိပ်တွေပါ နေထိုင်ကြသောကြောင့်ဖြစ်သည်။

” ဒါတွင်ဘယ်ကဦးမှာလဲ၊ ငရို့ ရန်ကုန်မှာ တစ်ကိုယ်လုံး အမွေးအမှင်ကအစ ဖြူဖွေးနေတဲ့ ခရုသင်း၊ သမင်ဖြူစွဲနေကြတဲ့ လူတချို့လည်း ရှိတယ်။ အယ်လ်ဘီနို Albino ရောဂါရှင်တွေပေါ့။ အယ်လ်ဘီနိုကို အယ်လ်နီညိုနဲ့တော့ မမှားစေကြနဲ့” ဟု ရန်ကုန်ဝန်က ဟော ပြောသတိပေးခဲ့ဖူးသည်။ရန်ကုန်ဝန်သည် တာဝန်ကိုလည်းယူပြီး အုပ်ချုပ်ရေးအာဏာကိုလည်း မလွတ်တမ်း ဆုပ်ကိုင်ထားသည်။ သို့သော် သူရှိနေမှန်း ဘယ်သူမျှ မသိကြဘဲ သူချပေးလိုက်သော တာဝန်တွေကိုလည်း ဘယ်သူမျှမသိကြသဖြင့် လူအများသိ ကြသော ရန်ကုန်မြို့တော်ဝန်ဆို သူတို့လည်း သူတို့ သဘောနှင့်သူတို့၊ သူတို့ပေါ်လစီနှင့် သူတို့ကောင်း မည်ထင်ရာ ဆောင်ရွက်ကြသည်။ ၁၉၅၉ ခုနှစ်တွင် မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်က “ကျူး” ဟု သတ်မှတ်သော လူနေရပ်ကွက်တွေကို ဖျက်သိမ်း၍ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သာကေတ စသော မြို့သစ်တွေဆီသို့ ရွှေ့ပြောင်းနေရာ ချပေးသည်။ ထိုအခါ ကလေးတွေ က “ဥက္ကလာပ ဖုတ်တွေထ၊ သာကေတ ဖာတွေထ” ဟု တဘောင်ဆန်ဆန် သီဆိုဟစ်အော်ကြရာ လူကြီးတွေက ” ဟဲ့.. နိမိတ်မရှိ၊ နမာမရှိ” ဆိုကာ ရိုက်နှက်ဆုံးမပြီး တားမြစ်ခဲ့ကြရ သည်။ လူကြီးတစ်ယောက်က အဆိုပါ တဘောင်လိုလို၊ သံချပ်လိုလို လင်္ကာတိုလေးကို လမ်းပေါ်တွင်အော် ဟစ်နေရာ မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်တော်၍ ထိုသူကို ရဲက ဖမ်းဆီးလိုက်သည်။ ဖမ်းဆီးပြီးခါမှ ထိုသူမှာ စိတ်ရောဂါသည်တစ်ဦးဖြစ်နေရာ ရဲစခန်းကနေ စိတ်ရောဂါဆေးရုံသို့ ပို့ဆောင်လိုက်ကြရလေသည်။

” ထွန်းစိန်..ဘာတွေလျှောက် လုပ်နေတာတုံးကွာ။ သူတစ်ပါးအသိုက်အမြုံကို မဖျက်ကောင်းဘူးဆိုတဲ့ ရှေးလူကြီးတွေရဲ့ ဆုံးမစကားကို မသိရော့လေသလား” ဟု ရန်ကုန်ဝန်က ညည်းသည်။ နောင် နှစ် ၅ဝ ကျော်အကြာ၌ ထိုမြို့သစ် များ မြို့ပြလက္ခဏာစုံစုံလင်လင်ဖြင့် စည်ပင်ဖွံ့ဖြိုးလာသည်ကိုကြည့်ပြီး ရန်ကုန်ဝန် သံဝေဂရသွားသည်။ ” ရောမမြို့တော်ကြီးကို တစ်နေ့တည်းနဲ့ အပြီးဆောက်တာမဟုတ်ဘူးဆိုတဲ့ သိုးဆောင်းစကားပုံရှိတာပဲ။ အခုတော့ ကြည့်စမ်း..စည်ကားနေလိုက်တာ ကြက်ပျံမကျ၊ ငှက်ပျံ မကျဘဲ။ လူကလေးမောင်ထွန်းစိန် အားကြီးတော်ပါပေတယ်” ဟု ရန်ကုန်ဝန်က ရေရွတ်မြည်တမ်းလေသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အစိုးရက ဒဂုံမြို့သစ်၊ ရွှေပြည်သာ မြို့သစ်၊ လှိုင်သာယာမြို့သစ်များကို တည်ဆောက်ရန် မြို့ကွက်ဖော်ပြန်သည်။ ရန်ကုန်ဝန် မျက်မှောင်ကြုတ်သည်။ ” ဟော..လုပ်ကြပြန်ပြီ။ လယ်ကွက်တွေကို လျော်ကြေးပေးပြီး သိမ်းကြပြန်ပြီ။ ဘာလုပ်ကြဦးမှာတုံးကွ” ရန်ကုန်ဝန် မကျေမချမ်းဖြစ်နေသည့်ကြားမှပင် မြို့သစ်များနှင့်အတူ စက်မှုဇုန်နယ်မြေသစ်များ ပေါ်လာသည်။

” ဟေ့..ဟေ့..စက်ရုံတွေများလာတော့ လေထုညစ်ညမ်းမှုတွေ တိုးလာပြီကွ။ Congestion တွေ ဖြစ်ကုန်ပြီ။ အိုဇုံးလွှာပေါက်ပြဲ ပျက်စီးကုန်ပြီ။ စွန့်ပစ်ဓာတု ဘေးထွက် ပစ္စည်းတွေကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေသာမက ပင်လယ် ရေထုပါညစ်ညမ်းကုန်ပြီ” ဟု ရန်ကုန်ဝန်က ထအော်ပြန်သည်။ သူ့အော်သံကို မည်သူမျှအရေးမစိုက်ကြ။ ရန်ကုန်ဝန်ဟာ ငတုံးပဲ။ လယ်ယာလုပ်ငန်းက တွက်ခြေမကိုက် တော့တာ ဒီငနဲမသိဘူး။ လယ်ယာ အလုပ် မဟန်တော့လို့ တောကျေး လက်ကလူတွေစက်မှုဇုန်တွေထဲ ရောက်ကုန်ကြတာကို ဒီငနဲမတွေ့ ဘူးနဲ့တူပါရဲ့။ ဧကန္တ..ရန်ကုန်ဝန် ဟာ အကန်းကြီးပဲဖြစ်ရမယ်” ဟု သူ့ကို ဝေဖန်ဆဲရေးကြသည်။ ရန်ကုန်ဝန်ကား စိတ်အပျက် ကြီးပျက်၊ စိတ်အညစ်ကြီး ညစ်နေရှာ သည်။

” တောကျေးလက်မှာ လုပ်အားတွေ လျော့ကုန်ပြီ။ ရန်ကုန်ထဲကိုပဲ အနယ်နယ်အရပ်ရပ်ကနေစုပြုံဝင်လာကြလို့ ရန်ကုန်ရဲ့ မြို့တော်အင်္ဂါ ရပ်တွေ၊ အလှအပတွေ၊ ဂုဏ်ကျက် သရေတွေ ပျက်စီးယိုယွင်းကုန်ပြီ။ ရန်ကုန်ဟာ ထန်းလျက်ခဲကို ပုရွက်ဆိတ်တွေအုံခဲနေကြတာနဲ့ တူနေပြီ။ ဘုရား..ဘုရား..””ငိုမနေနဲ့ ရန်ကုန်ဝန်။ ရန်ကုန် ဟာ မြို့တော်ရာထူးကျသွားပြီ။ မြို့တော်က ပျဉ်းမနား နေပြည်တော် ဖြစ်သွားပြီ” ဟု တစ်ယောက်ကဝင်၍ သတိပေးသည်။ “တော်စမ်း၊ တိတ်စမ်း..Shut Up မင်းပါးစပ်ပိတ်လိုက်။ မင်းဘာသိလို့လဲ။ ရန်ကုန်ဟာ မြန်မာ့သမိုင်းတစ်လျှောက် မြန်မာ့ဂုဏ်ထူးဆောင် အထင်ကရ မြို့တော်ကြီးကွ။ အဖ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းချခဲ့တဲ့ မြို့တော်ကွ။ ရန်ကုန်ကို နယူးယောက်၊ လန်ဒန်၊ ပါရီ၊ တိုကျို မြို့ တော်ကြီးတွေနဲ့တောင် မလဲနိုင်ဘူး ငါ့လူတို့”ဟု ရန်ကုန်ဝန်က ဇာတိမာန် ထက်မြက်ရှင်သန်စွာ အော် ပြောသည်။ ဆက်လက်၍ လက်သီးလက်မောင်းတန်းကာ

” ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပိုင်စိုးတယ်”
(ရယ်မောသံများ)
” ရန်ကုန်ဟာ အမိပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ နှလုံးသည်းပွတ်ပဲ”
(လှောင်ပြောင်သံ၊ လက်ခေါက် မှုတ်သံများ)
“ရန်ကုန်ဟာ..”

ရေသန့်ဘူးခွံများ ပလူပျံလာကြသဖြင့် ရန်ကုန်ဝန် စကားမဆက်နိုင်ဘဲ လွတ်ရာသို့ထွက်ပြေးရသည်။ အဝေးရောက်မှသူသည် “ရန်ကုန်ကို လေထုညစ်ညမ်းမှု၊ ကားတွေပိတ်ဆို့မှု၊ လူဦးရြေ>ွပတ်ကျပ်သိပ်သည်းမှုတွေက သိမ်းပိုက်လိုက်ပြီ။ ရန်ကုန်ကျဆုံးပြီ။ ” Fall of Yangon.. Fall of Yangon ” ဟု အော်ပြန်သည်။ ရန်ကုန်ဝန်ကို မော်တော်ယာဉ်တွေက အကြိမ်တစ်ထောင်ခန့် ဝင်တိုက်၊ ဖိကြိတ်ပစ်ကြသည်။ သို့ သော် ရန်ကုန်ဝန်မှာ မှဲ့တစ်ပေါက် မျှမစွန်း။ ရန်ကုန်ဝန်က ငိုသံပါကြီး ဖြင့် ဆက်အော်သည်။ “ကျွန်တော် လမ်းလျှောက်စရာ ပလက်ဖောင်းမရှိတော့ဘူးဗျို့..”

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*