နယ်ခြားမျဉ်းပေါ်ကအသံဝင်နေတဲ့ငြိမ်းချမ်းရေးသီချင်း

နယ်ခြားမျဉ်းပေါ်ကအသံဝင်နေတဲ့ငြိမ်းချမ်းရေးသီချင်း
July 27, 2016 Asian Fame

3:00 pm
နယ်ခြားမျဉ်းပေါ်ကအသံဝင်နေတဲ့ငြိမ်းချမ်းရေးသီချင်း

fffffffffffffff
မြူတို့ အုံ့ဆိုင်းနေပြီး သာယာလှပသည့် တောတောင်အလှများ ကာရံထားသော ကန်ပိုက်တည် လမ်းမကြီးတစ်လျှောက် ခရီးသွားတစ်ယောက်အတွက် စိတ်ကြည် နူးစရာ မြင်ကွင်းများပြားပါသည်။ ထိုလမ်းမကြီးကို ဦးဇခုန်တိန့်ယိန်းက ဦးဆောင်ပြီး စတင်ဖောက်လုပ်ခဲ့သည်။ ယခုထိုလမ်းကြီးကို နိုင်ငံတော်က ဆက်ပြီး တာဝန်ယူဆောင်ရွက်နေသည်ဟုသိရ သည်။ မြစ်ကြီးနားမြို့မှတစ်ဆင့် တရုတ်နယ် စပ်သို့ ဆက်သွယ်ထားသော ထိုကန်ပိုက်တည်လမ်းမကြီး၏လမ်းတစ်ဝက်တွင် ခုနစ်ဆင့် ရေတံခွန်တစ်ခုကိုလည်း မြင်တွ့ရ နိုင်ပါသေးသည်။

ထိုရေတံခွန်စီးဆင်းရာ ချောင်းတံ တားကိုကျော်ဖြတ်ပြီးမှသာ ကန်ပိုက်တည်၊ တရုတ်နယ်စပ်သို့ ရောက်သွားမည်ဖြစ် သည်။ ထိုတံတားကို ကျော်ဖြတ်ရန်အတွက် လုံခြုံရေးအရတပ်မတော်စစ်ဆေးရေးဂိတ် တစ်ခုရှိသည်။ ထိုဂိတ်မှာ စစ်ဆေးမှုကိုခံယူပြီးမှသာလိုရာခရီးကို ရှေ့ဆက်သွားနိုင် မည်ဖြစ်သည်။တပ်မတော်စစ်ဆေးရေးဂိတ်ကိုအနည်းငယ်ကျော်လွန်ပြီးနောက် နယ်ခြား စောင့်ဂိတ်ကို ထပ်မံတွေ့ရသည်။ ခပ်နိမ့်နိမ့်ကလေး ဆောက်လုပ်ထားသည့်တဲကလေးတစ်လုံး၏ အမိုးကမလုံ့တလုံ။ ထိုတဲကလေးဘယ်ဘက်ခြားမှာ  တော့ အမြင့်ပေ တစ်ရာနီးပါးရှိသည့် ချိုင့်နက်ကြီးတစ်ခုရှိသည်။ အောက်သို့ ငုံ့ ကြည့်လိုက်ပါက စိတ်ချောက်ချားစရာ။ထိုတဲလေးက အခြားမဟုတ်။နယ်ခြားစောင့်ဂိတ်မှတာဝန်ကျသူတို့၏နေထိုင်ရာတဲကလေးပင် ဖြစ်သည်။

ထိုလမ်းမကြီးပေါ် ကူးခတ်သွားလာ ဝင်ထွက်နေသော မော်တော်ကားများအ နက် ကုန်ကားများပေါ်ကို ”သူ”က ပေါ့ပါးသွက်လက်စွာခုန်တက်ကာစစ်ဆေးမှုများ ပြုလုပ်နေသည်။ စစ်ဆေးမှုများကို စိတ်ကျေနပ်သည့် အမူအရာနဲ့ အောက်သို့ တဖန် ခုန်ဆင်း ကာမောင်းရန်အမိန့် သံပေးလိုက်သည်နှင့် ကုန်ကားက မောင်းထွက်သွားသည်။ ထို သို့ပြုလုပ်နေသည်မှာ ကားတစ်စီး၊ နှစ်စီး မဟုတ်ချေ။ လာသမျှသော ကားများကို ထိုကဲ့သို့ စစ်ဆေးလျက်ရှိသည်။ သူ့အမိန့် ရမှသာကားများ ဖြတ်သန်းခွင့်ရှိသည်။ သူ့အသက်က ၃ဝ ဝန်းကျင်၊ နေရပ် က ဝိုင်းမော်ဟုသိရသည်။ မြန်မာစကားကို ကောင်းမွန်စွာ နားလည်သော်လည်း လည် လည် ပတ်ပတ်မပြောတတ်။သူ့ရုပ်သွင်က တစ်မူထူးခြားနေသည်။အလုပ်ပြီြးေ မာက်ပါက ထိုတဲထဲတွင်သာ ခပ်ကုပ်ကုပ်ကလေး ထိုင်နေတတ်သည်။

ggggggg copy

”ဒီမှာ တာဝန်ကျတာ သိပ်မကြာသေး ဘူး။ ဒီမှာနေထိုင်ရတာ အဆင်ပြေပါတယ်။ နိုင်ငံတော်ကလည်း ကြည့်ရှုပါတယ်။စား စရာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ နို့ဆီနှင့် လခပေး ထားပါတယ်”ဟု သူက လေသံဝဲဝဲနှင့်ပြော သည်။ သူဆိုသည်က နယ်ခြားစောင့်တပ်သားကိုလချိတ်ပင်ဖြစ်သည်။စကားပြောနေရင်းပင် လက်မှတစ်စုံ တစ်ခုကို ပွတ်သပ်နေသည်ကို သတိထား ကြည့်လိုက်တော့ ဒဏ်ရာ အမာရွတ်တစ်ခုကို တွေ့မြင်ခဲ့ရသည်။ထိုဒဏ်ရာက စစ် ပြေးရင်းရရှိခဲ့သည့် ဒဏ်ရာပင်ဖြစ်သည်။”ငယ်ငယ်ကစစ်ဖြစ်လို့ပြေးနေတာပေါ့ဗျာ။ ဒီမှာတာဝန်ကျပြီးကတည်းက ကျွန်တော် တစ်ခါမှစစ်မတိုက်ရပါဘူး။ စစ်လည်းမတိုက်ချင်ပါဘူး”ဟု သူက ခေါင်းကို ငုံ့ကာ ပြောသည်။

ရိုးသားသည့် တောသူတောင်သားမိဘ နှစ်ပါးကနေ ဆင်းသက်လာသည့် ကိုလ ချိတ်သည် မိဘများနှင့်အတူငယ်စဉ်က လေးဘဝကတည်းကတောင်ယာများကို လုပ်ကိုင်လာရင်း လွန်ခဲ့သည့် ဆယ်နှစ်ကျော်က တိုင်းရင်းသား လက်နက်ကိုင် တစ်ဦးအဖြစ်ဝင်ရောက်ခဲ့သည်။ယခုမှာတော့ နယ်ခြားစောင့်တပ်သားတစ်ဦးအဖြစ် တာဝန်ကို ထမ်းဆောင်နေပြီ ဖြစ်သည်။ဘဝ၊ မိဘစသည့်အရာများသည် ရွေး ချယ်ပိုင်ခွင့်မရှိသောအရာများဖြစ်သည် မဟုတ်ပါလား။ မောင်နှမ လေးယောက်အနက် လေးယောက်မြောက်သားဖြစ်ပြီး ယခုအခါမှာတော့မိဘများနှင့်အတူယင်း၏မိသားစုကို ပြန်လည်လုပ်ကျွေးနေသည်ဟုသိရသည်။

”ဟိုးငယ်ငယ်တုန်းကတော့ ဖြစ်ချင် တာတော့ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကတောင်ယာပဲလုပ်တယ်။ ကျောင်းလည်း မတက်ဖူးဘူး” ဟု ရယ်ရင်းပြောသည်။အိမ်ထောင် ကျပြီးနောက် သားသုံးဦး ထွန်းကားခဲ့သည့် ကိုလချိတ်သည် မိသားစု များနှင့် အနေဝေးခဲ့ရပြီး သားများကိုလည်း အမြဲလွမ်းဆွတ်လျက်။ တသွင်သွင်စီးဆင်း နေသောရေတံခွန်ကို လှမ်းငေးကြည့်ရင်းကိုလချိတ်က”သားတွေကို ကျောင်းဆရာ ဖြစ်စေချင်တယ်။ကျွန်တော်ငယ်ငယ်ကဆိုစာမသင်ခဲ့ရဘူး။တောမှာဆို ပိုဆိုးတယ်။စာသင်ပေးမယ့်လူရှား တယ်” ဟု လေး နက်စွာ ဆိုသည်။

တောတောင် အလှတရားများကြား တွင် ကျိုးတိုးကျဲတဲဆောက်လုပ်ထားသည့် သူတို့တဲကလေးက အကာမလုံခြုံသော် လည်း တာဝန်ထမ်းဆောင်ရာမှာ ခိုနားရာ အရိပ်တစ်ခု။ ထိုအရိပ်အောက်တွင်သူတို့ ပျော်နေကြသည်။တောခေါင်သောကြောင့် အချိန်ပြည့် အအေးဓာတ်နှင့် နေချင်စရာကောင်းလှ သော်လည်းထိုနေရာက လုံခြုံမှုကအားနည်းနေသေးသည်ကအမှန်။ ”ဒီမှာက လုံခြုံရေးတော့ လိုသေးတယ်ဗျာ။ နေလို့ကတော့ ကောင်းတယ်။ကျွန်တော်ကတော့ပျော်တယ်အလုပ်လုပ်ရင်းတစ်နေ့တစ်နေ့ကုန်လို့ကုန်မှန်းတောင် မသိဘူး။ ဒါပေမယ့် အိမ်ကမိန်းမနဲ့သားတွေကိုတော့လွမ်းတယ်” ဟု  မျက်လွှာချကာ ကိုလချိတ်ကပြောပြခဲ့သည်။

ကိုလချိတ် စစ်တိုက်ဖူးလားဟု မေး ခွန်းအဆုံးမှာ သူတွေဝေသွားပြီး ငုံ့ထားနေ သောခေါင်းကိုမော့ကာ လေးနက်စွာ သူ ကဆိုလာသည့်စကားက ”အရင်ကလေး တုန်းက စစ်ဖြစ်ရင် ပြေးတာပေါ့ဗျား။ အခု ကတိုက်မှာလား ပြေးမှာလားဆိုရင် ကိုယ် ပြန်မတိုက်ဘဲ ကိုယ်ပြေးနေရင် သေချာ တာက ကိုယ့်ကို သူတို့ ပစ်သတ်မှာပဲလေ။ ဘာရွေးချယ်ရတော့မှာလဲ”ဟု လချိတ်က ပြောသည်။သူက ဆက်ပြောပါသေးသည်။ ”အခု သူများတွေပြောတဲ့ ဒုတိယ ပင်လုံ ကျွန်တော်လည်း စိတ်ဝင်စားပါ တယ်။ ကျွန်တော်တို့က ဘဝပေးအခြေအနေကြောင့် တိုင်းရင်းသားလက်နက်ကိုင် ဖြစ်လာတယ်။

တကယ်တော့ လူအချင်း ချင်းပဲ မတိုက်ခိုက်ချင်ဘူးဗျား”ဟု ကို ချိတ်က အလေးအနက်ပြောသည်။ တစ်နေ့တာအတွင်း ကားဘယ်နှစီး ဝင်လာသည် ထွက်သွားသည်ကို သူမမှု။ တာဝန်ဝတ္တရားအတိုင်း ဝင်လာ ထွက်သွား သောကားများပေါ် ခုန်တက်စစ်ဆေးနေ ရသည်။ ”ဒီနေရာတွေမှာစစ်ဖြစ်ဖူး တယ်လေ။ အဲဒီတုန်းက ကျွန်တော် မရောက်သေဘူး။ တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင် တွေလည်းလူ၊ နိုင်ငံတော်တပ်မတော်သား တွေလည်း လူပါပဲ။ လူအချင်းချင်းတွေပါပဲ”ဟု သူက ဆိုလာသည်။ ထိုစဉ် မောင်းဝင်လာသည့် ကုန်ကား ပေါ်ခုန်တက်ရန်ဟန်ပြင် ပြီးမှ”တနေ့နေ့ ပေါ့ဗျား။ ဒီကချင်မြေ အေးချမ်းလာပြီး စီးပွားရေးတွေ အေးအေးချမ်းချမ်းလုပ်လို့ရပြီဆိုရင်တော့ကျွန်တော်ဇနီးနဲ့သားတွေ ဆီ ပြန်မယ်စိတ်ကူးထားတယ်” ဟု ကို ချိတ်တစ်ယောက် မချိပြုံးနှင့် ဆိုလိုက်တော့ သည်။ မြူခိုးများကြောင့် ပတ်ဝန်းကျင်တစ်ခု က ဝေဝါးမှိုင်းပျနေဆဲ။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*