တောင်တရုတ်ပင်လယ် အဆုံးအဖြတ်

တောင်တရုတ်ပင်လယ် အဆုံးအဖြတ်
July 21, 2016 Asian Fame

6:28 pm
တောင်တရုတ်ပင်လယ် အဆုံးအဖြတ်

water

ဇူလိုင်လ ၁၂ ရက်မှ နယ်သာလန်နိုင်ငံအခြေစိုက် The Permanent Court of Arbitration က တရုတ်နိုင်ငံရဲ့ တောင်တရုတ်ပင် လယ်ဒေသပိုင်နက် ကြေညာမှုကို ပယ်ချလိုက်တယ်။ ဒုတိယကမ္ဘာစစ်ပြီးကာလ ၁၉၄၇ ခုနှစ်မှာ တရုတ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တောင် တရုတ်ပင်လယ်မြေပုံမှာ မျဉ်းတို ၁၁ ခုလိုင်းဆွဲပြီး တရုတ်ပိုင်နက် နယ်မြေ သတ်မှတ်ကြေညာခဲ့သည်။ ကူမင်တန်အစိုးရကို မောင်းထုတ် ပြီး ကွန်မြူနစ်ပါတီ အာဏာရလာ ချိန်မှာလည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံက မျဉ်းတို ၉ ခုလိုင်းနဲ့ တောင် တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို တရုတ်ပိုင်နက်နယ်မြေအဖြစ် ဆက် လက်ကြေညာခဲ့ပြန်တယ်။

တောင်တရုတ်ပင်လယ်ဒေသ တွင်းက အရှေ့တောင်အာရှ နိုင်ငံ များ လွတ်လပ်ရေးရပြီးချိန်မှာ နိုင် ငံသစ်တို့ရဲ့ရေပိုင်နက်နဲ့ တစ်ဖက် သတ် ကြေညာထားတဲ့ တရုတ်ရေ ပိုင်နက်တို့ အငြင်းပွားမှု စတင်ခဲ့ တယ်။ ၁၉၈၂ ခုနှစ် UN Conven-tion on the Law of the Sea အရ နိုင်ငံရဲ့ ကမ်းခြေက ရေမိုင် ၂ဝဝ အကွာအဝေးအထိ စီးပွားရေးဇုန် သတ်မှတ်ပြီးချိန်မှာတော့ တောင်တရုတ်ပင်လယ်ဒေသက အရှေ့ တောင်အာရှနိုင်ငံများဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်တို့ရဲ့ စီးပွားရေးဇုန်များဟာ တရုတ်နိုင်ငံ ရဲ့မျဉ်းတို ၉ ခုလိုင်း ရေပိုက်နက် ထဲမှာရောက်သွားတာကြောင့် ပိုင် နက်အငြင်းပွားမှုဟာ ရှောင်လွှဲလို့မရနိုင်စရာ ဖြစ်သွားတယ်။

တောင်တရုတ်ပင်လယ်ဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိခြင်းဟာလည်း ပိုင်နက်အငြင်းပွားမှုကို ပိုမိုပြင်းထန် လာစေတယ်။ကွန်မြူနစ်စီးပွားရေး စနစ် ကျင့်သုံးချိန်မှာ ပြည်တွင်းဖူလုံမှုကို အဓိကထားတာကြောင့် ပြည်ပ ကုန်သွယ်ရေးက အဓိကအရေး မပါလှပေမယ့် တရုတ်နိုင်ငံအနေနဲ့ ဈေးကွက်စီးပွားရေးကို ပြောင်းလဲ ကျင့်သုံးပြီး နိုင်ငံတကာ ဈေးကွက် ကို ထိုးဖောက်ကုန်သွယ်ချိန်မှာ ရေ ကြောင်း ကုန်သွယ်မှုလမ်းကြောင်း အဖြစ် တောင်တရုတ်ပင်လယ်ဒေ သဟာ အဓိကအရေးပါလာတယ်။ တောင်တရုတ် ပင်လယ်ကို ဖြတ် သန်းသွားတဲ့ ကုန်စည်တို့ရဲ့ ၆ဝ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံနဲ့ ကုန် သွယ်နေတာဖြစ်တယ်။ ၂၁ ရာစု အတွင်းမှာ ကမ္ဘာ့စီးပွားရေးအင် အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်လာတဲ့ တရုတ်နိုင်ငံအတွက် တောင်တရုတ် ပင်လယ်ရေကြောင်းသွားလာမှု အ ပေါ်မှာ လွှမ်းမိုးထိန်းချုပ်နိုင်ရေး ဟာလည်း ရေရှည်မဟာဗျူဟာရေး ဆွဲရာမှာ ထည့်သွင်းစဉ်းစားစရာ ဖြစ်လာတယ်။

The South China Sea: the Struggle for Power in Asia ရေးတဲ့ Bill Hayton က တရုတ်အစိုးရဟာ တရုတ်ကမ်းခြေမြို့ကြီးများရဲ့ လုံခြုံရေးအတွက် ကြားခံနယ်မြေထားရှိချင်နေတယ်။ ရေကြောင်းက ကုန်စည်ဝင်ရောက်တဲ့ လမ်းကြောင်းရဲ့လုံခြုံရေးကိုလည်း စိုးရိမ်တယ်။ တရုတ်နျူကလီးယား ရေငုပ်သင်္ဘောများကိုလည်း တောင်တရုတ်ပင်လယ်မှာ ဖွက်ထားလိုတယ်လို့ဆိုတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မှာ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ဒေသမှာ အခိုင်အမာ ခြေကုတ်ယူဖို့ လှုပ်ရှားမှုများကို တွေ့ရ တယ်။ တရုတ်ပိုင်နက် ကြေညာထား တဲ့ ဒေသအတွင်း ခြေကုတ်ယူထား တဲ့ ကျွန်းငယ်များကို လူလုပ်ကျွန်းများအဖြစ် ထပ်မံတိုးချဲ့တည်ဆောက် ပြီး အဆောက်အအုံများနဲ့ အခိုင်အမာ အခြေချလာတယ်။ ရဟတ်ယာဉ်ကွင်း၊ လေယာဉ်ပြေးလမ်း စသည်တို့ကိုပါ တည်ဆောက်လာတယ်။ အခြားနိုင်ငံများက စစ်လေယာဉ်၊ စစ်သင်္ဘောတို့ကို လူလုပ် ကျွန်းရဲ့ ကြေညာထားတဲ့ ပိုင်နက် ၁၂ မိုင်အတွင်း ဖြတ်သန်းခွင့် မရှိလို့ ကြေညာခဲ့ရာမှာ ထိုကျွန်းနားက ဖြတ်သွားတဲ့ အမေရိကန်စစ် သင်္ဘောကြောင့် နှစ်နိုင်ငံ အပြန်အ လှန် အငြင်းပွားမှုဖြစ်ပွားခဲ့တယ်။ တရုတ်ရေတပ်ရဲ့ လက်ရုံးတပ်သဖွယ်ဖြစ်နေတဲ့ တရုတ်ငါးဖမ်း သင်္ဘောများကြောင့်လည်း တောင်တရုတ် ပင်လယ်ဒေသတွင်းက အရှေ့တောင်အာရှနိုင်ငံများနဲ့ ပဋိပက္ခများ ပေါ်ပေါက်ခဲ့တယ်။ နှစ်ဖက်ရေတပ်သင်္ဘောများ ထိပ်တိုက်ရင်ဆိုင်မှုတွေရှိခဲ့တယ်။ နောက်ဆုံးမှာတော့ ဖိလစ်ပိုင် အစိုးရက တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ The Permanent Court of Arbitration မှာ တိုင်ကြားလိုက်တယ်။ ၂ဝ၁၃ ခုနှစ်မှာ ဖိလစ်ပိုင်က အနုညာတစီရင်ချက်ကို စတင်သွင်းချိန်ကတည်းက တရုတ်နိုင်ငံအနေ နဲ့ ဒီစီရင်မှုကို လက်မခံနိုင် မပါဝင်နိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ ပြန်တယ်။

ခုံသမာဓိရုံးက တရုတ်နိုင်ငံရဲ့ မျဉ်းတို ၉ ခုလိုင်းနဲ့ ရေးဆွဲထားတဲ့ သမိုင်းကြောင်းမှာ တရုတ်ပိုင်ဖြစ်ခဲ့လို့ တရုတ်ပိုင်ဖြစ်သင့်တယ်ဆိုတဲ့ တောင်တရုတ်ပင်လယ်ပိုင်နက် ကြေညာချက်ကို တရားမဝင်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ Spartly ကျွန်းစုအတွင်းရှိ တရုတ်က ကျွန်းလို့ခေါ်တဲ့ မြေပြင် အသွင်ပြင်တို့ကိုလည်း ကျွန်းလို့ မသတ်မှတ်ဘဲ ကျောက်ဆောင်၊ သောင်ခုံကျောက်တန်းတို့အဖြစ် သာအသိအမှတ်ပြုတယ်။ ဒါကြောင့် ဒီမြေပြင်အသွင်အပြင်ရဲ့ ပတ်လည် ရေမိုင် ၁၂ မိုင်ကိုသာ ပိုင်နက်အ ဖြစ်သတ်မှတ်လို့ရတယ်။ တကယ်လို့ ကျွန်းလို့သတ်မှတ်ရင် ပင်လယ်ရေမိုင် ၂ဝဝ ထိ စီးပွားရေးဇုန်အဖြစ် အသုံးချခွင့်ရှိသွားမှာဖြစ်တယ်။ ဒီဆုံးဖြတ်ချက်ကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသာမက ထိုင်ဝမ် ကျွန်းက တရုတ်သမ္မတနိုင်ငံကိုပါ ထိခိုက်သွားတယ်။ မျဉ်းတို ၉ ခု လိုင်းနဲ့ ရေးဆွဲထားတဲ့ ပိုင်နက်အတွင်းက ထိုင်ဝမ်အုပ်ချုပ်မှုအောက် မှာရှိတှဲု့အက ဗဘေ ကျွန်းဟာလည်း ကျွန်းအဖြစ် သတ်မှတ်မခံရတာ ကြောင့် ရေမိုင် ၂ဝဝ ပတ်လည်စီး ပွားရေးဇုန်ကြေညာခွင့် ဆုံးရှုံးသွားတယ်။ ပြည်တွင်းစစ်ကြောင့် နှစ်ပိုင်းကွဲခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနဲ့ တရုတ်သမ္မတနိုင်ငံတို့ဟာ တောင်တရုတ် ပင်လယ်ကို တရုတ်က ပိုင်ဆိုင်ကြောင်း သဘောထားမှာတော့ ညီညွတ်ကြတယ်။ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံ ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ချိုးဖောက်တယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့အစဉ်အလာရှိခဲ့တဲ့ ငါးဖမ်းခွင့်ကို စွက်ဖက်နှောင့်ယှက်တယ်။ ရေ ကြောင်း မတော်တဆမှုများ ပေါ် ပေါက်စေနိုင်တဲ့ စိတ်မချရတဲ့ ရေ ကြောင်းသွားလာမှုမျိုး လုပ်ဆောင် နေတယ်လို့ ခုံသမာဓိရုံးက မြင်တယ်။

တရုတ်နိုင်ငံရဲ့ အပြုအမူတွေဟာ ဂေဟဗေဒကို ပျက်ပြားစေတယ်။ အထူးသဖြင့် သန္တာကျောက် တန်းများကို ပျက်စီးစေတယ်လို့လည်း ဆိုတယ်။တရုတ်ရဲ့ ပင်လယ်တွင်းက မြေပြင်အသွင်အပြင်များပေါ်မှာ အခြေခံပြီး ထပ်မံဆောက်လုပ်ထား တဲ့ လူလုပ်”ကျွန်း” များဟာ ”ကျွန်း”အနေနဲ့ အဆင့်မြင့် သတ် မှတ်ခံရစရာမရှိဘူးလို့ သမာဓိရုံးက ဆုံးဖြတ်တယ်။ ဒီအနုညာတစီရင်ချက် အပေါ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းဆုံးဖြတ်ချက်ဟာ အာဏာ သက်ရောက်မှုမရှိ ချုပ်ချယ်မှုမရှိ ဖြစ်ပြီး တရုတ်နိုင်ငံက လက်မခံ အသိအမှတ်ပြုမပြုကြောင်း ကြေညာတယ်။

တောင်တရုတ်ပင်လယ် အငြင်းပွားမှုက အပိုင်းနှစ်ခုကွဲနေတယ်။ ကျောက်ဆောင်သောင်ခုံ ကျောက်တန်းများနဲ့သက်ဆိုင်တဲ့ အငြင်းပွားမှုနဲ့ ကျောက်ဆောင် သောင်ခုံ ကျောက်တန်းများအကြားက ရေပြင်နဲ့သက်ဆိုင်တဲ့ အငြင်းပွားမှုဖြစ်တယ်။ အခု အနုညာတစီရင်ချက်ဟာ ကျောက်ဆောင်သောင်ခုံ ကျောက်တန်းများအကြားက ရေ ပြင်နဲ့သက်ဆိုင်တဲ့ အငြင်းပွားမှုကို သာ ဆုံးဖြတ်တာ ဖြစ်တယ်။ ဒါ ကြောင့် တရုတ်နဲ့ အခြားသက်ဆိုင်ရာနိုင်ငံများက မိမိတို့ပိုင်နက်အ ဖြစ်ကြေညာထားတဲ့ ကျောက်ဆောင် သောင်ခုံကျောက်တန်းတို့ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ဆက်လက် စွဲကိုင်ထားနိုင်တယ်လို့ Bill Hayton က Nekkei Asian Review မှာ ထောက်ပြထားတယ်။ဒီအနုညာတစီရင်ချက်ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ Center for Strategic and International Studies က Bonnie Glaser က ခန့်မှန်းတယ်။

တရုတ်နိုင်ငံအနေနဲ့ UN Convention on the law of the Sea က နုတ်ထွက်သွားနိုင်တယ်။ ဖိလစ်ပိုင်လက်က ၂ဝ၁၃ မှာ သိမ်းယူထားတဲ့ Scarborough Shoal မှာ အခိုင်အမာအဆောက်အအုံများ တည်ဆောက်လာပြီး အမေရိကန်နိုင်ငံနဲ့ ထိပ်တိုက်တွေ့မယ့်လမ်းကို ရွေးချယ်နိုင်တယ်။ တောင် တရုတ်ပင်လယ်ဒေသမှာ ဖြတ်သန်းသွားတဲ့ လေယာဉ်တွေကို စုံစမ်းစစ်ဆေးခွင့်ရှိတယ်လို့ ကြေညာနိုင်တယ်။ ဒီလိုမျိုး တုံ့ပြန်မယ်ဆိုရင် အမေရိကန်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို လွှဲရှောင်နိုင်စရာမရှိဘူး။ USS Ronald Reagan လေယာဉ်တင်သင်္ဘောကလည်း တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းမယ်လို့ ကြေညာထားချိန်ဖြစ်နေတယ်။ဒါပေမယ့် လက်ရှိ အခြေအနေမှာ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် လမ်းကြောင်းကို ရွေးချယ်ဖို့ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ မြင် နိုင်တယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ရာမှာ တရုတ်အမေရိကန် ဆက်ဆံရေးကို လက်နက်တစ်ခုလို အသုံးချခံရမယ့် ပြဿနာရှိနေတယ်။ အထူးသဖြင့် တရုတ်ဆန့်ကျင်ရေးမူဝါဒကို အသုံးချပြီး မဲဆွယ်တဲ့သမ္မတ ရွေးကောက်ခံရရင် တရုတ်နိုင်ငံအတွက်အကျိုးရှိစရာ မမြင်ဘူး။တရုတ်နိုင်ငံဟာ တိန်ရှောက် ဖိန်လက်ထက် ဈေးကွက်စီးပွားရေး ကို ပြောင်းလဲကျင့်သုံးချိန်ကစပြီး တရုတ်လူထုကို လှုံ့ဆော်စည်းရုံးရာမှာ ကွန်မြူနစ်ဝါဒကို အသုံးချလို့ မရနိုင်တော့ဘူး။ အမျိုးသားရေး ဝါဒကို ပြောင်းလဲအသုံးချရတယ်။ အထူးသဖြင့် ကွန်မြူနစ်ပါတီ အာဏာမရမီ အင်အားကြီး အနောက် နိုင်ငံများရဲ့ အနိုင်ကျင့် ဗိုလ်ကျခံခဲ့ရတဲ့ တရုတ်နိုင်ငံရဲ့ အနှိမ်ခံရာစု နှစ်အကြောင်း ပြန်လည်ဖော်ထုတ်ပြီး အမျိုးသားရေး စိတ်ဓာတ်ကို လှုံ့ဆော်တယ်။ အခု ခုံသမာဓိရုံး နဲ့ အနုညာတစီရင်ချက်ကိုလည်း အင်အားကြီးအနောက်နိုင်ငံတို့ရဲ့ အနိုင်ကျင့်ခြင်းအဖြစ်ပုံဖော်မှုမျိုး ရှိနေတယ်။ လတ်တလောကာလမှာ တရုတ် အာဆီယံ ပူးပေါင်းညှိနှိုင်းဆွေးနွေးခြင်းကသာ တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားမှုရဲ့တစ်ခုတည်းသော ထွက်ပေါက်အဖြစ်မြင်ရတယ်။

နိုင်ဦးဆွေ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*