တူရကီ၏ အရှုပ်တော်ပုံ

တူရကီ၏ အရှုပ်တော်ပုံ
July 20, 2016 Asian Fame

4:00 pm
တူရကီ၏ အရှုပ်တော်ပုံ

U Ko Ko Hlaing Article

တူရကီတွင် ဇူလိုင်လ ၁၅ ရက်နေ့ညက စစ်ဘက်မှ အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ တစ်ညလုံးလိုလို မြို့တော် အင်ကာရာနှင့် အစ္စတန်ဘူ တို့တွင် ပစ်ခတ်သံများ၊ ပေါက်ကွဲသံများ ကြားနေခဲ့ကြရပြီး ဇူလိုင်လ ၁၆ ရက်နေ့နံနက်တွင်ကျမှ အဖြေက သဲသဲကွဲကွဲ ထွက်ပေါ်လာခဲ့သည်။ စစ်ဘက်အာဏာသိမ်းမှုက မအောင်မြင်။ သမ္မတ ယီဆက်ပ် အာဒိုဂန်က နိုင်ငံတော်အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ သည်။ သို့သော် အစစအရာရာရှုပ် ထွေးလှသောတူရကီတွင် အာဒိုဂန်အတွက် အနာဂတ်က မရေရာလှသေး။

ငရဲညအကြိုနိဒါန်း

မဟာဗျူဟာ အနေအထားအရ ဥရောပနှင့် အာရှအစပ်တွင်ရှိပြီး အရှေ့အလယ်ပိုင်းဒေသကို မေးတင်ထားသောတူရကီသည် သမိုင်းကြောင်းအရလည်း ရှုပ်ထွေးသည်။ ပထဝီအနေအထားအရလည်း ရှုပ်ထွေးသည်၊ ပြည်တွင်းနိုင်ငံရေးအရလည်း ရှုပ်ထွေးသည်။ နိုင်ငံတကာ နိုင်ငံရေးအရလည်း ဆီးရီးယား၊ ယူကရိန်း၊ နေတိုး၊ ရုရှား၊ ရေနံပိုက် လိုင်းများ၊ အစ္စရေး၊ အမေရိကန်၊ အာရပ်ဆွန်နီနိုင်ငံများ အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့စသည်ဖြင့် သဗ္ဗ နာမ်ပေါင်းစုံ အရှုပ်အထွေးအားလုံး နှင့် ပတ်သက်ဆက်နွှယ်ကာ ရှုပ်ထွေးလွန်းလှသည်။

လွန်ခဲ့သည့် တစ်နှစ်ကာလအတွင်း တူရကီနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၁၄ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး လူ ၂၈ဝ ခန့်သေဆုံးကာ နိုင်ငံ၏လုံခြုံရေးနှင့် တည်ငြိမ်မှုအ ခြေအနေမှာ အကြီးအကျယ်ယိုယွင်း လျက်ရှိသည်။ မကြာသေးမီရက် ပိုင်းအတွင်းကပင်လျှင် အစ္စတန်ဘူ လေဆိပ်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားကာ လူပေါင်းများစွာသေဆုံးဒဏ်ရာရခဲ့သည်က လောလောလတ်လတ်ပင်ရှိသေးသည်။ အစိုးရက ယင်းတိုက်ခိုက်မှုသည် အစ္စ လာမ္မစ်နိုင်ငံတော်အဖွဲ့ဝင် ရုရှား ချေချင်ဒေသမှ အစွန်းရောက်မွတ် ဆလင် အသေခံတိုက်ခိုက်ရေးသမားတို့၏လက်ချက်ဟု ထုတ်ဖော် စွပ်စွဲခဲ့သည်။ အိုင်အက်စ်အဖွဲ့သာမက ကာ့ဒ်ခွဲထွက်ရေးအုပ်စုကလည်း အကြမ်းဖက်မှုများ ပြုလုပ်နေခဲ့သည်။

အကြမ်းဖက်မှုကြောင့် မတည်မငြိမ်ဖြစ်နေသကဲ့သို့ တူရကီစီးပွားရေးမှာလည်း အထိနာခဲ့သည်။ ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ရုရှား စစ်လေယာဉ်တစ်စင်းကို တူရကီက ပစ်ချခဲ့သည့်အတွက် မကျေနပ် သောရုရှားက တူရကီကို စီးပွားရေးအရ အရေးယူထားခဲ့ပြန်သည်။ တစ်ဖက်တွင်လည်း ဆီးရီးယား မှ ထွက်ပြေးလာသော ဒုက္ခသည် နှစ်သန်းခန့်ကို တူရကီ၌ ထိန်းသိမ်း စောင့်ရှောက်ထားရသည်။ ယင်း တို့အနက်မှ အချို့မှာဥရောပဘက် သို့ ခိုးဝင်သဖြင့် ဥရောပတွင်လည်း ပြဿနာတက်နေသည်။ ဥရောပ သမဂ္ဂက ယင်းဝန်ထုပ်ဝန်ပိုးကို တူကရီအပေါ်သို့ (ထိန်းသိမ်းစောင့် ရှောက်ခ)ငွေပေး၍ ပြန်လည်ပုံချ ရန် ဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်း နိုင်ငံရေးမှာလည်း ရှုပ်ထွေးလွန်းလှသည်။ တူရကီနိုင် ငံရေးတွင် အစဉ်အလာအရ သြဇာ ကြီးလှသော တူရကီစစ်ဘက်က ၂ဝဝ၃ ခုနှစ်နှင့် ၂ဝဝ၄ ခုနှစ်တို့ တွင် အာဒိုဂန် ဝန်ကြီးချုပ်အဖြစ် အာဏာရစကပင် အာဒိုဂန်၏တရား မျှတမှုနှင့် ဖွံ့ဖြိုးရေးပါတီ (AKP) ၏ ဘာသာရေးနှင့် နိုင်ငံရေးရော ထွေးမှုကို မကျေနပ်သည့်အတွက် အာဏာသိမ်းရန် ကြိုးပမ်းခဲ့သေးသည်။ စစ်ဘက်နှင့် အာဒိုဂန်၏ အစိုးရတင်းမာမှုများ ဆက်လက် ဖြစ်ပေါ်နေခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် အာဒိုဂန်အစိုးရက စစ်ဘက်မှ အာဏာသိမ်းရန် ကြံစည်ခဲ့မှုများကို အနာဟောင်းပြန်ဖော်ကာ အမှုစစ် ဆေးခဲ့ပြီး ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်ကြီး ၄ဝ ကျော်ခန့်ကို တစ်သက်တစ်ကျွန်း နှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ် ခဲ့သည်။ ယင်းမှာ စစ်ဘက်မှ အာဒိုဂန်အပေါ် ရန်ငြိုးဖွဲ့ရန်အကြောင်းတစ်ရပ်ဖြစ်ခဲ့ရသည်။ ပြည်တွင်းနိုင် ငံရေး၌ စစ်ဘက်အပြင် အာဒိုဂန် အတွက် ကြောက်မက်ဖွယ်ကောင်း သောမမြင်သာသည့် ရန်သူတစ်ဦး လည်း ရှိသေးသည်။ ထိုသူမှာ ဖာတူလာဂူလန်ဆိုသူ ထင်ရှားသော နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ ဂူလန်သည် ၁၉၉၉ ခုနှစ်တွင် အ မေရိကန်နိုင်ငံသို့ ကူးပြောင်းဝင် ရောက်ခိုလှုံသွားခဲ့သည်။ သို့သော် သူ၏ ပညာရေးနှင့် လူမှုရေးကွန် ရက်များမှတစ်ဆင့် တူရကီနှင့် အခြားနိုင်ငံပေါင်းများစွာတွင်ပါ ထဲထဲဝင်ဝင် လှုပ်ရှားနေသူ ဖြစ်သည်။ ဂူလန်မှာ ပျော့ပျောင်းသော မွတ် ဆလင် ဘာသာရေးတရားဟော ဆရာတစ်ဦး ဖြစ်ခဲ့ပြီး ကျမ်းစာအုပ်ပါ ဘာသာများ (ဂျူး၊ ခရစ်ယာန်၊ မွတ်ဆလင်) အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရေးကို လိုလား အားပေးသူဖြစ်၍ အမေရိကန်က လည်း လိုလားအားပေးခြင်း ခံရ သည်။ တစ်ချိန်က ဂူလန်သည် စစ်ဘက်ကို ဆန့်ကျင်ထိန်းချုပ်ရာတွင် အာဒိုဂန်၏ဘက်တော်သား မဟာမိတ်ဖြစ်ခဲ့သည်။ သို့ရာတွင် တစ်စထက်တစ်စ အာဏာယစ်မူးလာသည့် အာဒိုဂန်နှင့် အကျင့်ပျက်ခြစားမှုများ ကြီးထွားလာသည့် ဗျူရိုကရက်များသည် ဂူလန်နှင့် စည်း ဝါးမကိုက်တော့ဘဲဖြစ်လာရာ ဂူ လန်၏လှုပ်ရှားမှုကို လေးစားကြည် ညိုသည့်ရဲတပ်ဖွဲ့နှင့် တရားရေးဌာနတို့က ၂ဝ၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုတစ်ရပ်ကို ဆင်နွှဲခဲ့သည်။ အဆိုပါလှုပ်ရှားမှုမှ ဖမ်းဆီးစစ်ဆေးခံရ သူများထဲတွင် အာဒိုဂန်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၏ သားများလည်း ပါဝင်ခဲ့ပြီး နောက်ဆုံးတွင် အာဒိုဂန်၏သားနှစ်ဦးပါ စစ်ဆေးခံရတော့မည့် အခြေအနေဖြစ်လာခဲ့ရာ အာဒိုဂန်က ယင်းမှာတရားစီရင် ရေးအရ အာဏာသိမ်းခြင်းဖြစ်သည်ဟုဆိုကာ သမ္မတအမိန့်ဖြင့် ရဲအရာရှိများကို ရာထူးမှချထားခဲ့သည်။

ထိုမှ နောက်ပိုင်းတွင် ဂူလန် သည် အာဒိုဂန်၏ ရန်သူနံပါတ်တစ် ဖြစ်လာခဲ့သည်။ ရန်သူပတ်လည် ဝိုင်းလာသော အာဒိုဂန်သည် ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ယခင်စစ်ဘက် အာဏာသိမ်းရန် ကြံစည်မှုမှ အ ကျဉ်းကျခံနေရသော စစ်ဘက်အရာရှိကြီးများကို အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခြင်းဖြင့် စစ်ဘက်နှင့်ပြန် လည်မဟာမိတ်ဖွဲ့ရန် ကြိုးစားခဲ့ပြန် သည်။ သို့ရာတွင် ရှုပ်ထွေးလွန်းလှသည့် အခြေအနေများအောက်တွင် တူရကီစစ်ဘက်၌လည်း အုပ်စုကွဲ များ ပေါ်ပေါက်နေခဲ့ရာ ထိုသို့ ပြန် လည်လွှတ်ပေးခဲ့ခြင်းသည်ပင်လျှင် နောက်ထပ် စစ်ဘက်အာဏာသိမ်း ရန် ကြိုးပမ်းမှုဆီသို့ ဦးတည်သွား စေခဲ့ပုံရသည်။

ငရဲည

အာဏာသိမ်းရန် ကြိုးစားခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ညက သမ္မတ အာဒိုဂန်မှာ အင်ကာရာ မြို့တော်တွင်မရှိ။ တူရကီတောင် ပိုင်းသို့ အပန်းဖြေခရီးသွားနေသည်။ တူရကီလွှတ်တော်တွင်မူ တရားစီ ရင်ရေးစနစ်ကြီးတစ်ခုလုံးကို မြေလှန်ပစ်ရန် ထိပ်တန်းတရားရုံး နှစ်ရုံးကို ဖျက်သိမ်းနိုင်မည့်ဥပဒေကြမ်း ရေးဆွဲ အတည်ပြုရေးအတွက် အစည်းအဝေးပြုလုပ်နေကြသည်။ ထိုည ၁၁ နာရီတွင် တူရကီ လေတပ်မှ ဂျက်တိုက်လေယာဉ် များ အင်ကာရာမြို့တော်ပေါ်သို့ ဖြတ်၍ စတင်ပျံသန်းလာသည်။ အစ္စတန်ဘူရှိ အရေးပါသော တံ တားကြီး နှစ်စင်းကို ပိတ်ဆို့ထား လိုက်သည်။ အာဏာရ AKP ပါတီ ဌာနချုပ် အဆောက်အအုံအတွင်းသို့ စစ်သားအချို့ ဝင်ရောက်လာသည်။ ည ၁၁ နာရီမှ ၁၂ နာရီ အကြားတွင် ရဟတ်ယာဉ်များက ရဲအထူးတပ်ဖွဲ့နှင့် ရဲလေကြောင်း ရဲတပ်ဖွဲ့ ဌာနချုပ်များကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ အစ္စတန်ဘူရှိ နာမည်ကျော် တက်ဆင်ရင် ပြင်ကို တပ်ဖွဲ့အချို့က သိမ်းပိုက်လိုက်သည်။အာဏာသိမ်းသည့် တပ်ဖွဲ့များက နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနသို့ ညသန်းခေါင်ကျော်တွင် ဝင်ရောက်လာပြီး လက်ရှိအစိုးရကို ဖြုတ်ချကာ ငြိမ်းချမ်းရေးကောင်စီ ဖွဲ့စည်းလိုက်ကြောင်း ရုပ်မြင်သံ ကြားမှ ကြေညာသည်။

ထိုအချိန်တွင် သမ္မတအာဒိုဂန်မှာ တူရကီတောင်ပိုင်း၌ လုံခြုံ စွာရှိနေဆဲဖြစ်ပြီး အာဏာသိမ်းမှုကို ရှုတ်ချကြောင်း အာဒိုဂန်၏ ကြေ ညာချက်မှာ ၁၂ နာရီ ၂၃ မိနစ် တွင် ရေဒီယိုမှထွက် ပေါ်လာသည်။ ဇူလိုင် လ ၁၆ ရက် နံနက် ၁ နာရီ တွင် သမ္မတအာဒိုဂန်နှင့် CNN (တူရကီ)ရုပ်မြင်သံကြားတို့ အင်တာဗျူးထုတ်လွှင့်မှုကို တွေ့မြင်ရသည်။ အာဒိုဂန်က သူ့ကို ထောက်ခံသူများအား လမ်းပေါ်ထွက်၍ အာဏာသိမ်းတပ်ဖွဲ့များကို ဆန့်ကျင်ရန် တိုက်တွန်းသည်။ နံနက် ၁ နာရီမှ နံနက် ၄ နာရီခန့်အထိ အာဏာသိမ်းရန် ကြိုးပမ်းသူများ က လွှတ်တော်အ ဆောက်အအုံကို ဗုံးကြဲခြင်း၊ သမ္မတ အာဒိုဂန်ရှိရာသို့ လိုက်လံတိုက်ခိုက်ခြင်းများ ပြုလုပ် ခဲ့ကြပြီး အာဏာသိမ်းမှုကို ဆန့် ကျင်သည့်တပ်ဖွဲ့များကလည်း တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ ကြသည်။ သမ္မတအာဒိုဂန်လည်း အစ္စတန်ဘူသို့ နံနက် ၄ နာရီခန့် တွင် ပြန်လည်ရောက်ရှိလာသည်။

အချိန်ကုန်လွန်လာသည် နှင့် အမျှ အာဏာသိမ်းရန် ကြိုးပမ်းမှု အရေးနိမ့်လာသည်ကို တွေ့ရသည်။ အာဒိုဂန်တိုက်တွန်းသည့်အတိုင်း ယင်းကို ထောက်ခံသူများ က လမ်းပေါ်သို့ ထွက်ကာ အာ ဏာသိမ်းတပ်ဖွဲ့များကို ဆန့်ကျင်ခဲ့ ကြသည်။ မိုးလင်းချိန်တွင် အာ ဏာသိမ်းတပ်ဖွဲ့ အများအပြားလက်နက်ချကြသည်။ လက်နက်ချ သူ အချို့ကို ဒေါသထွက်နေသည့် လူအုပ်ကြီးက သတ်ဖြတ်ပစ်မှုများလည်း ရှိခဲ့သည်။ နောက်ဆုံးတွင် အာဏာသိမ်း သူများဘက်မှ ၁ဝ၄ ဦး သေဆုံးပြီး ၂၈ဝဝ ကျော် အဖမ်းခံရသည်။ အစိုးရဘက်မှ ၁၁၄ ဦး သေဆုံးပြီး အရပ်သား ၄၇ ဦး သေဆုံးသည်။ ၁၄ဝဝ ကျော် ဒဏ်ရာရသည်။ ဤ သို့ဖြင့် တူရကီ၌ ငရဲပွက်သည့် ညတစ်ည ပြီးဆုံးခဲ့လေသည်။

နောက်ဆက်တွဲ ဂယက်များနှင့် အလားအလာ

အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ အဓိက ကြံစည်သူ အဖြစ် သမ္မတအာဒိုဂန်က အမေရိကန်တွင် ရောက်ရှိနေသော ဖာ တူလာ ဂူလန်ကို စွပ်စွဲခဲ့သည်။ အမေရိကန် နိုင်ငံကိုလည်း ဂူလန်အား တူရကီသို့ ပြန်လည်ပို့ဆောင် ပေးရန် တောင်းဆိုသည်။ ဂူလန်ကမူ အာဏာသိမ်းရန်ကြိုးပမ်းမှုကို ရှုတ်ချပြီး သူနှင့် မည်သို့မျှမပတ် သက်ကြောင်း ငြင်းဆိုခဲ့သည်။ အခြားထူးခြားသော ဖြစ်ရပ်မှာ အာဏာသိမ်းရန် ကြိုးပမ်းမှု နှင့်ဆက်နွှယ်သည်ဟုဆိုကာ နိုင်ငံတစ်ဝန်းရှိ တရားသူကြီးပေါင်း နှစ်ထောင်ကျော်ကို ရာထူးမှချကာ ထိန်းသိမ်းထားလိုက်ခြင်း ဖြစ်သည်။ ဤသို့ဖြင့် အာဒိုဂန်သည် တူရကီ၌ ယင်း၏ အာဏာခြေကုပ်ကို ပို၍ခိုင်မာအောင် တည်ဆောက်လာခဲ့ကြောင်း တွေ့ရသည်။

အမေရိကန် အစိုးရအနေဖြင့် အစ္စလာမ္မစ်ဝါဒီ အာဏာရှင်ဆန်သည့် အာဒိုဂန်ထက်စာလျှင် ပျော့ပျောင်းသည့် ဂူလန်ကိုပို၍ နှစ်သက်ပုံရသည်။ ဂူလန်အနေဖြင့် လည်း အိုဘားမားအစိုးရနှင့် ဆက် ဆံရေး ကောင်းမွန်ပြီး ကလင်တန် ဖောင်ဒေးရှင်းကိုလည်း ဒေါ်လာတစ်သန်းခန့် လှူဒါန်းထားသဖြင့် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်နှင့် အဆင် ပြေသူဖြစ်သည်။ သို့သော် မြေထဲပင်လယ်နှင့် အရှေ့ အလယ်ပိုင်းကို ထိစပ်နေသည့် တူရကီ၏ အနေ အထားက မဟာဗျူဟာကျလှ သဖြင့် အမေရိကန်တို့မှာ တူရကီ ကို အပြင်းအထန် ဖိအးပေးရန် မလွယ်ဘဲဖြစ်နေသည်။ အမေရိ ကန်လေတပ်ဖွဲ့များက နေတိုးအဖွဲ့ ဝင် တူရကီနိုင်ငံ အရှေ့ပိုင်း လေ တပ်စခန်းမှနေ၍ ဆီးရီးယားရှိ အိုင်အက်စ်များကို ဗုံးကြဲတိုက်ခိုက်နေရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဂူလန်အား တူရကီသို့ ပြန်ပို့ရေးကို စဉ်းစားပါမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့ရသည်။

သို့သော် ဂူလန်မှာ တူရကီတွင်သာမက ကမ္ဘာ၌ပါ ထင်ရှားပြီး နောက်လိုက်အင်အား တောင့်တင်းကာ မီဒီယာနှင့် လူမှုကဏ္ဍများစွာ၌ လွှမ်းမိုးခြေကုပ်ယူထားသူ ဖြစ်ရာ ဂူလန်ကို ဒုက္ခပေးသည်နှင့် အာဒိုဂန်အစိုးရအတွက်လည်း တန်ပြန်ထိုးနှက်မှုများနှင့် ကြုံတွေ့ရဖွယ် ရှိသည်။ စစ်ဘက်နှင့် တရားရေးကဏ္ဍ များကို မြေလှန်နှိပ်ကွပ်ခြင်းများ မှာလည်း အနာဂတ်ရန်သူများကို မျိုးစေ့ချပေးလိုက်ခြင်းဖြစ်ပြီး အခွင့်သာသည်နှင့် အာဒိုဂန်ကို နည်းအမျိုးမျိုးဖြင့် ဖြုတ်ချအာဏာသိမ်းရန် ကြိုးပမ်းမှုများ ပေါ်လာဦးမည်သာ ဖြစ်သည်။ အဓိကပြဿနာမှ တူရကီသည် အသွင်သဏ္ဌာန်အရ ပါတီစုံ စနစ်နှင့် ရွေးကောက်ပွဲများကြောင့် ဒီမိုကရေစီဟု ဆိုနိုင်သော်လည်း တကယ့် အနှစ်သာရတွင် လူများ စု ထောက်ခံမဲရထားသည့် သမ္မ တအာဒိုဂန်က နိုင်ငံ၏ ဖွဲ့စည်းပုံ ကို သမ္မတ အုပ်ချုပ်သည့်စနစ် ထူ ထောင်ကာ ရာသက်ပန်သမ္မတ လုပ်ရန် ကြံစည်နေခြင်းနှင့် ခေတ် သစ် အော်တိုမန်အင်ပါယာ ပြန် လည် ထူထောင်ရန် စိတ်ကူးယဉ် နေခြင်းပင် ဖြစ်သည်။ ယင်းစိတ် ကူးအိပ်မက်ကို ဖော်ဆောင်ရာတွင် အပြန်အလှန် ထိန်းကျောင်းမည့် အင်အားစုများကို ဖိနှိပ်ဖယ်ရှားရန် ကြိုးပမ်းရာမှ တူရကီတွင် မကျေ နပ်မှုများ တိုးပွားလာခြင်းဖြစ်ရာ ဤ လမ်းကြောင်းအတိုင်းသာ ဆက်သွားနေပါက သမ္မတ အာဒို ဂန်အတွက် မတည်ငြိမ်မှုများနှင့် ဆက်လက် ရင်ဆိုင်သွားရဖွယ် ရှိ ကာ တူရကီနိုင်ငံ၏ အရှုပ်တော်ပုံ ဇာတ်လမ်းမှာလည်း အဆုံးသတ်နိုင် ဖွယ်မရှိကြောင်း သုံးသပ်ရပါသတည်း။

ကိုကိုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*