အိုအေစစ်လေး တစ်ခု

အိုအေစစ်လေး တစ်ခု
July 13, 2016 Asian Fame

5:19 pm
အိုအေစစ်လေး တစ်ခု

Oasisမနေ့နေ့လယ်က သူတို့ရဲ့  သင်္ဘောဟာ စူးအက်တူးမြောင်း ဖြတ်တာစောင့်ဖို့ စူးအက်ပင်လယ် အော် ကျောက်ကွင်းက သတ်မှတ် နေရာ မှာ ကျောက်ချလိုက် ပါ တယ်။ စူးအက်တူးမြောင်း ဖြတ်ရ တာ လူမပင်ပန်းဘူး။ စိတ်ပင်ပန်း ရတယ်။

နာရီဝက် လောက် နေတော့ တူးမြောင်းဝနဲ့ နီးတဲ့ နေရာမှာ ကျောက်ပြန်ချပါ ဆိုပြီး နေရာထပ် ပေးပြန်တော့ ကျောက်ပြန်မပြီး သူ တို့ပြော တဲ့နေရာ မှာ ကျောက်ပြန် ချရ ပြန်ပါတယ်။

နောက် တစ်နာရီလောက် ကြာတော့ ရေကြောင်းပြ လာမယ် ၊ ကျောက်မပြီး နောက် တစ်ရာမှာ ကျောက်သွား ချရမယ် ဆိုပြီး ပြော ပြန်ပါ တယ်။ ဘယ်တတ်နိုင်မလဲ သူတို့နိုင်ငံပဲ သူတို့ပြောသမျှပေါ့။

ကျောက် ချပြီးတော့ ထုံးစံအ တိုင်း အာဏာပိုင် အဖွဲ့အစည်း ဆိုတာတွေ လာကြတယ်။ သင်္ဘော ကို အမဲဝိုင်း ဖျက်သလိုပဲ တောင်း ကြတာပေါ့။ ပိုက်ဆံတောင်းတယ်၊ ဆေးလိပ်တောင်းတယ်၊ အချိုရည် တောင်းတယ်၊ ဒီတစ်ခေါက်ဆို အင်ဂျင်ဝိုင်တောင် ပုံးကြီးနဲ့ မချ သွား တာတွေ့လိုက်တယ်။ မပေး ရင်လည်း ရစ်ဦးမယ်။ ကြန့်ကြာ အောင် လုပ်ကြဦးမယ်။

တအောင့် ကြာတော့ သင်္ဘော နေရာရွှေ့ပြီး ကျောက်ပြန် ချဖို့ ဆိုပြီး ရေကြောင်းပြ ရောက်လာ တယ်။ ရှိုးအပြည့်နဲ့၊ အီဂျစ်နိုင်ငံ မှကြိုဆို ပါတယ် ဘာညာနဲ့ ကြီးကြီး ကျယ်ကျယ်တွေ ပြောပြီး နောက် ဆုံးတော့ ဆေးလိပ် နင်းကန် ခွ တောင်းတော့တာပါပဲ။ ကပ္ပတိန် က တောင်းတောင်း ပန်ပန် ဈေး ဆစ်တာတောင် ဈေးပေါတဲ့ဆေး လိပ်  ၁၁ တောင့် ပေးလိုက်ရတယ်။

သင်္ဘောက နောက်နေ့မနက် ၆ နာရီခွဲလောက်မှ တူးမြောင်းထဲ စဝင်ပါတယ်။ နေ့လယ် ၁၂ နာရီ သူဂျူတီသွားဝင်တော့ ရှေ့ကဂျူတီ ထွက်မယ့် ကုန်း ၃ ကို ရေကြောင်း ပြ အခြေအနေ ဘယ်လိုလဲဆိုပြီး မေးလိုက်တော့ မျက်နှာမဲ့ပြပြီး တော်တော်ဆိုးတယ် အစ်ကိုရေ လို့ ပြောပါတယ်။

သူကြီးက သူ့ကို ဒေါ်လာ တစ်ရာ ပေးထားရတယ်၊ ဒါတောင် ဈေးဆစ်ထားတာ၊ သူ့ကိုမပေးရင် သူမမောင်းဘူး။ သူကြီး မင်းပဲ မောင်း၊ ငါက အကြံပေးရုံပဲ ပေး မယ် ဆိုပြီး ခြိမ်းခြောက်တယ်တဲ့။

ရုပ်ကို ကြည့် လိုက်တော့လည်း ဗိုက်ပူပူ ခပ်ဖိုင့်ဖိုင့်နဲ့ မျက်နှာက လူလည်ပက္ကား မျက်နှာ။ ဂျူတီချိန် မှာလည်း ကော်ဖီဖျော်တဲ့နေရာ သွားပြီး အဲဒီက ဘီစကစ်တွေပဲ နှိုက်နှိုက် စားနေတော့တာ။ စူး အက်က ရေကြောင်းပြတွေ အထာ သိလို့ မနေ့ကတည်းက ဒန်းနစ်ရှ် ဘာတာ ကွတ်ကီးဘူးတွေ သိမ်း ထားပြီးပြီ။ အပေါစား ဘီစကစ် ပဲချန် ထားခဲ့တာ။ သူတို့ကို စေ တနာကို မရှိတာ။

သူကြီး ကတော့ ကိုယ့်အိတ်ထဲ ကပေးရတာမှ မဟုတ်တာ၊ ခေါင်း ထဲ ထည့်မနေပါနဲ့ကွာဆိုပြီး ပြော ပါတယ်။ မွန်းလွဲ ၁ နာရီခွဲ လောက် ကျတော့ အစ္စမားလီးယား ဆိုတဲ့ နေရာလည်းရောက်ရော သူဆင်း ပြီး နောက်တစ်ယောက် လာမယ် လို့ အဲဒီဗိုက်ပူက ပြောပါတယ်။

သူကြီး လည်း နောက်တစ် ယောက်လဲဦးမယ်ဆိုတော့ စိတ် ညစ်နေတာပေါ့။ ဗိုက်ပူက သူဆင်း ခါနီးကျတော့ သူကြီးဆီ ကနေ ဆေးလိပ် တစ်တောင့် ထပ်တောင်း တယ်။ သူကြီးက မရဘူးဆိုတော့၊ ဖျော်သောက်နေတဲ့ ကော်ဖီမှုန့် ပုလင်းတောင်းတယ်။ အဲဒါလည်း မရဘူး လည်း ဆိုရော ရေခဲသေတ္တာ ဖွင့်ပြီး အထဲကရှိတဲ့ ကိုကာကိုလာ ၃ ဘူးယူသွားတယ်။ ဘယ်လောက် အထိ ကျက်သရေ တုံးသလဲ ဆိုတာ။

ဖျတ်ခနဲ သွားသတိရမိ တာက ဦးပုညရဲ့ ရေသည်ပြဇာတ်။ ရေ သည်ပြဇာတ်မှာ ဥဒယဘုရင်လား၊ သူက ရေသည်ယောက်ျားကို တိုင်းပြည် တစ် ဝက် ပေးမယ်ဆိုတာ ကို ရေသည်ယောက်ျားက တိုင်း ပြည်တစ်ဝက်လည်း ယူမယ် မြို့ရိုး ကြားမှာဝှက်ထားတဲ့ သူ့ရဲ့ ပဲဝက် ကလေးကို လည်း ယူမယ်ဆိုတာ။

ဦးပုညက လူ့သဘော သဘာဝ ကိုပြောပြချင်တာ။ လက်ခံပါတယ်။ ရေသည် ယောက်ျားက တိုင်း ပြည် တစ်ဝက်ရလည်း သူ့ချွေးနည်း စာလေး ဆိုတော့ မြို့ရိုးကြားက ပဲ ဝက်လေးလည်း သူလိုချင်မှာပေါ့။

ဗိုက်ပူကတော့ လွန်ပါတယ်။ ဒေါ်လာ တစ်ရာလည်း အချောင် ရထားပြီးပြီ။ ကျန်တာလည်း ဘာပဲ ဖြစ်ဖြစ် ရသလောက် လိုချင်နေ တာပါ လား။ ဦးပုည သိရင်တောင် စိတ်လေသွားပြီး စာရေးချင်စိတ်ပါ ကုန်သွားမယ် ထင်တယ်။

သူနဲ့လဲမယ့် နောက်ရေကြောင်း ပြက အသက်၇ဝရှိပြီ။ ဘာသာ ရေးသမား၊ တောင်းတဲ့လူမဟုတ် ဘူးလို့ သူပြောတယ်။ ဘာသာရေး သမား ဆိုတော့ ငကြောင်ပေါ့ကွာ ဆိုပြီး ရိသလိုလို နောက်သလိုလို တောင် ထပ်ပြောလိုက်သေးတယ်။

ဗိုက်ပူ မဆင်းခင်မှာ နောက် ရေကြောင်းပြ အဘိုးကြီးတက်လာ တယ်။ သူတို့နှစ်ယောက် ဂျူတီလွှဲ ရင်း ပြောတဲ့စကားထဲမှာ ဂျူတီအ ကြောင်း ပါချင်မှပါမယ်။ တောင်း ဖို့ ရမ်းဖို့တွေပဲ ဖြစ်ဖို့ များတယ်။ ဘာတွေပြောမှန်းတော့ နားမလည် ဘူး။

ခဏနေတော့ သူကြီးကို နောက်တက် လာတဲ့ အဘိုးကြီးအ တွက် ဆေးလိပ် ၃ တောင့်ပေးပါ ဆိုပြီး ဗိုက်ပူက ပြောပါတယ်။ သူ ကြီးလည်း ဆေးလိပ် ၃ တောင့်နဲ့ ပြီးသွားလည်း ပြီးတာပဲ ဆိုပြီး ကောင်းတဲ့ဆေးလိပ် ၃ တောင့် ထုတ်ပေးလိုက်တော့ ဟိုအဘိုးကြီး လက်ထဲ ကနေ ဒင်းက ယူသွား တယ်။

နောက်ထပ် တက်လာတဲ့ အ ဘိုးကြီးက ဘာသာရေးသမား မေတ္တာသမား ဖြစ်ပုံရတယ်။ သူက သူ့လစာလေးကိုပဲ တန်ဖိုးထားပြီး အပို ကြားပေါက် ရတာတွေကို မသန့်ရှင်းတာတွေလို့ ခံယူထား တယ်နဲ့တူတယ်။ အဲဒါကို ဟိုလူ လည်က သိနေတော့ အဘိုးကြီး ခွဲ တမ်းကိုပါ သူက ဝင်တောင်းပေး ပြီး အဘိုးကြီးဆီကနေ အလှူခံ သွားတာ ဖြစ်မယ်။

ဘာပဲပြောပြော စိတ်ထဲမှာ နောက်ရောက်လာတဲ့ အဘိုးကြီး ကို၊ သနားသလိုလို၊ လေးစားသလို လို ဖြစ်သွားတယ်။ အဘိုးကြီးကို တစ်ခုခု သောက်မလားလို့ သွား မေးတော့ နောက်မှသောက်မယ် လို့ ခပ်အေးအေး ပြန်ဖြေတယ်။ အဘိုး ကြီးရဲ့မျက်နှာ မှာ ချွေးတွေ သီးနေ ပြီး နည်းနည်းလည်း မောနေပုံရ တယ်။ ၇ဝ ဆိုတာ နည်းတဲ့ အ သက်လား။

ခဏနေတော့ တူးမြောင်းရဲ့ အရှေ့ဘက်အခြမ်း ဆိုင်းနိုင်းကျွန်း ဆွယ်ဘက်မှာ မြို့သစ်တစ်ခုတည် ဆောက်နေတာ တွေ့ရတယ်။ အ ရင်က မတွေ့မိလို့ အဘိုးကြီးကို ဘာမြို့လဲလို့ မေးကြည့်တော့ အစ္စ မားလီးယားမြို့သစ်တဲ့ အခုသမ္မတ စီစီ တက်လာပြီးမှ လုပ်တာ လို့ ဖြေ တယ်။

အဲဒါနဲ့ ကြုံတုန်း ”စီစီက အာ ဏာသိမ်း ဗိုလ်ချုပ်ကြီးမဟုတ် လား၊ မင်းတို့ သူ့ကိုကြိုက်သလား” ဆိုပြီး မေးကြည့်တော့ လက် မ ထောင်ပြပြီး ဂုဏ်ယူတဲ့ လေသံနဲ့ ”ကြိုက်တယ်၊ စီစီက မသမာမှု ဘာမှမလုပ်ဖူး၊ သူ့လစာ တစ်ဝက် ကိုတောင် ပြန်လှူတယ်” လို့ ပြော ပါတယ်။

”အဲဒါဆိုနေပါဦး အခုအဖမ်း ခံထားရတဲ့ မွတ်စလင်ဘရားသား ဟုဒ်အဖွဲ့က သမ္မတမော်စီကိုလည်း မင်းတို့ပြည်သူတွေပဲ ဒီမိုကရေစီ နည်းအရ တင်မြှောက်ထားတာ မ လား” လို့ မေးလိုက်တော့ ”ဟုတ် တယ် မူဘာရက်ရဲ့ အကျင့်ပျက်ခြ စားမှုတွေကို စိတ်ပျက်နေတဲ့ ပြည် သူတွေဟာ မွတ်စလင်ဘရားသား ဟုဒ် တက်လာရင် ကောင်းတဲ့ ပြောင်းလဲမှုဖြစ်လာမှာလို့ ထင်ခဲ့ ကြတယ်။ နောက်ပြီး ငါတို့မှာ တ ခြား ရွေးချယ် စရာလည်း မရှိခဲ့ဘူး”တဲ့ မျက်နှာကချွေးတွေကို သုတ် ရင်း အဘိုးကြီးက စိတ်ရှည် လက် ရှည် ပြောပြပါတယ်။

”မွတ်စလင် ဘရားသားဟုဒ် အဖွဲ့ကမကောင်းဘူးလား” လို့ မေး လိုက်တော့ ”လုံးဝမကောင်းဘူး၊ ဘာသာရေး အစွန်းရောက်တွေ၊ သူတို့တက်လာတော့ ငါတို့ မူဘာ ရက်ကိုတောင် တို့ပြန်တမ်းတမိ တယ်၊ ကောင်လေး… လောက မှာ ဘုရားဆိုတာ တစ်ခုပဲရှိပါ တယ်။ ငါတို့ ကိုးကွယ်တဲ့ နည်း လမ်းတွေ ကွဲနေတာပါ၊ အစွန်း ရောက်တာ ဘာမှမကောင်းဘူး” လို့ ပြန်ဖြေပါတယ်။

ကိုယ့်ရွှေပြည်ကြီး မှာလည်း ဇာတ်တွေ ရှုပ်နေကြတော့ အစွန်း ရောက်တာ ဘာမှ မကောင်းဘူး ဆိုတဲ့ သူ့အဖြေကို သဘောကျမိပါ တယ်။

ခဏနေတော့ အဘိုးကြီးဟာ သူ့ဟာသူ ထိုင်ခုံမှာထိုင်ပြီး ဘုရား စာအုပ်သွား ဖတ်နေပါ တယ်။ Tea time ရောက်တော့ Lipton tea နဲ့ လက်ဖက်ရည် ဖျော်သောက်ကြ တယ်။ အဘိုးကြီး အတွက်ပါ တစ် ခွက်ပိုဖျော်ပြီး ကွတ်ကီးလေးတွေ ကိုပါ ပန်းကန်လေးနဲ့ သွားပေး လိုက် တယ်။ တကယ့် ရင်ထဲက စေတနာလေးနဲ့ပါ။

အဘိုးကြီး နဲ့က တကယ့်မိတ် ဆွေရင်းလိုမျိုး စိတ်ထဲမှာ ဖြစ်သွား တယ်။ အဲဒါနဲ့ အာလာပ သလ္လာပ စကားသွားပြောဖြစ်ခဲ့တယ်။

”ခုနက မြို့သစ်ရဲ့ သောက် သုံးရေကို မင်းတို့ဘယ်ကနေရသ လဲ” လို့မေးလိုက်တော့ ”နိုင်းလ်မြစ် ကရေကို ပိုက်လိုင်းနဲ့ သွယ်ပြီးပေး တယ်” လို့ ဖြေပါတယ်။

”မြေအောက် ရေ ကိုရော မ ထုတ်ယူဘူးလား”လို့ မေးလိုက် တော့ ”ထုတ်ယူတယ်၊ မြေအောက် ရေ ကိုတော့ စိုက်ပျိုးရေး အတွက် သုံးတယ်” တဲ့။

အဲဒီအချိန်မှာပဲ သင်္ဘောဟာ တံတားကြီးတစ်ခု အောက်ကနေ ဖြတ်ပါတယ်။ စူးအက်တူးမြောင်း ပေါ်က တစ်စင်းတည်းသော တံ တားပါ။ အောက် ကနေ မော့ကြည့် လိုက်တော့ တံတားရဲ့ အလယ် လောက်မှာ အီဂျစ်အလံနဲ့ ဂျပန် အလံ ယှဉ်တွဲထားတာ လှမ်းတွေ့ရ ပါတယ်။ ဂျပန်ရဲ့ အကူအညီနဲ့ ဆောက်ထားတဲ့ တံတားမှန်း သိ သာပါတယ်။

”မင်းတို့ ရဲ့ ငွေကြေးကို နာ မည်ဘယ်လိုခေါ်သလဲ” ဆိုတော့ Pounds တဲ့။ အဲဒါနဲ့ ”ငါ့ကို တစ်ရွက်လောက်ပြပါလား” ဆိုပြီး အဘိုးကြီး ဆီက 50Pounds တစ် ရွက်ကို ဓာတ်ပုံ ရိုက်ယူထားလိုက် ပါတယ်။

”ငွေလဲနှုန်းက ဘယ်လောက် လောက် ရှိသလဲ” လို့ ထပ်စပ်စု လိုက်တော့ ”အမေရိကန် တစ်ဒေါ် လာကို အီဂျစ် ဆယ်ပေါင် ရှိပါ တယ်” တဲ့။ သူကြီး ကတော့ ကျွန် တော့်ကို ကြည့်ပြီး ဒီကောင် ကုန် ကြမ်းတွေ သွားရှာနေပြီလို့ ပြော ပါတယ်။

ညနေ ၄ နာရီခွဲလောက်ကျ တော့ ”မင်းတို့ သင်္ဘောရဲ့  ညနေ စာ စားချိန်က ဘယ်အချိန်လဲလို့” မေးပါတယ်။ ”ညနေ ၅ နာရီခွဲ ကနေ ၆ နာရီအတွင်းပေါ့၊ ညနေ စာ စားမလား” လို့ မေးလိုက်တော့ ”စားမယ်၊ ဒါပေမယ့် နည်းနည်း စောစောရမလား” လို့ပြန်မေးပါ တယ်။

”သိပ်ရတာပေါ့၊ ပြောပေး မယ်” ဆိုပြီး ပထမတော့ မီးဖို ချောင်ကို ဖုန်းဆက်ပြီး မှာလိုက်ဦး မလို့ပဲ၊ နောက်တော့ ကိုယ်တိုင် ဆင်းသွားပြီး သွားပြောလိုက်တာ ကောင်းပါတယ်ဆိုပြီး ဆင်းသွားခဲ့ လိုက်ပါတယ်။

ချက်ကြီးက ရေကြောင်းပြစား ဖို့ ဆိုပြီး ကြက်ပေါင်း လုပ်ထား တယ်။ ဒီနေ့ညနေ ဟင်းက ကြက် ပဲ သောက်ရေဆမ်း ဖြစ်နေတော့ အဘိုးကြီး အတွက် ကြက်ပေါင်းရယ်၊ ကြက်ပဲ ဟင်းရေလေးရယ် ပြင်ခိုင်း လိုက်တယ်။

စားပွဲထိုး အစ်ကိုကြီးက အ ပေါ် လာပို့ပေးပါတယ်။ အဘိုးကြီး က ကြက်ပဲ ဟင်းရည်လေး သောက် ကြည့်ပြီး ခေါင်းညိတ်ပါတယ်။ ကြိုက် မှာပေါ့ မဆလာနိုင်နိုင် လေးနဲ့ဆိုတော့ ကုလားစာလိုဖြစ် နေတာကိုး။ အဘိုးကြီး စားနေတာ လေး ကြည့်ပြီးကျွန်တော် စိတ်ချမ်း သာ သလိုဖြစ်နေမိတယ်။

”င့ါသား ကိုယ့်မိဘ အရွယ် သက်ကြီးရွယ်အိုတွေနဲ့ တွေ့တဲ့အ ခါ ကိုယ့်မိဘလို သဘောထားပြီး ကူညီစောင့်ရှောက်ပေးရင် မိဘ ကို ကူညီပေး လို့ ရတဲ့ကုသိုလ်အ တိုင်း သားရမှာပါ” ဆိုတဲ့ အမေ အမြဲ ပြောလေ့ရှိတဲ့ စကားလေး တစ်ခုလည်း ပြန်ကြားမိတယ်။

အဘိုးကြီး ညနေစာ စားနေတုန်းမှာ ပဲ ကျွန်တော့် အတွေးတွေကလည်း ဟိုရောက်ဒီရောက် ဖြစ်နေပါ တယ်။ ဒီအီဂျစ်လူမျိုးတွေကို ကျွန် တော့် စိတ်ထဲမှာ သိပ်ဘဝင်မကျပါ ဘူး။ သိပ္ပံမောင်ဝရဲ့ အောက်စဖို့ဒ် တက္ကသိုလ် သွား နေ့စဉ်မှတ်တမ်း စာအုပ်မှာလည်း အီဂျစ် လူမျိုးတွေ ရဲ့ စိတ်ပျက် စရာကောင်းကြောင်း တွေ ဖတ်ခဲ့ဖူးတယ်။

တက္ကသိုလ် နေဝင်းရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း ၏ လွတ်လပ် ရေးကြိုးပမ်းမှု မှတ်တမ်း စာအုပ်မှာ လည်း အောင်ဆန်း-အက်တလီစာ ချုပ်ချုပ် ပြီး အင်္ဂလန် ကပြန်လာတဲ့ ဗိုလ်ချုပ်တို့ လေယာဉ် ကိုင်ရိုနားက ‘အာလ်မာဇာ’ လေဆိပ်မှာ ခရီး တစ်ထောက်အဖြစ် ရပ်နားတော့ ဗိုလ်ချုပ် တို့က မြို့ထဲခေတ္တလေ့လာ ကြည့်ရှုဖို့ထွက်တဲ့ အခါမှာ လေဆိပ် က အကောက်ခွန် အရာရှိတွေက ဗိုလ်ချုပ်တို့ရဲ့  ခရီးဆောင် အိတ်တွေ ကို ရုပ်ပျက် ဆင်းပျက် ရှာဖွေပါတယ် ဆိုတာ ဖတ်လိုက်ရပါတယ်။

အကောက်ခွန် အရာရှိ က ခရီး သည်အိတ် ကိုရှာတာ လုပ်ရိုးလုပ်စဉ်လို့ ထင်ရပေမယ့် ပိုက်ဆံလက်ထဲ ထည့်ပေးလိုက် ရင် သဘောလောက် ပဲ ရှာပါတော့တယ်။ ဒါကတော့ အကျင့်ပျက် ခြစားတဲ့နိုင်ငံတွေက ဝန်ထမ်းတွေရဲ့ ထုံးစံပါ။ အခုရေ ကြောင်းပြ အဘိုး ကြီး ကတော့ အီဂျစ် တွေထဲမှာခြွင်းချက်လိုဖြစ်နေပါတယ်။

ဒီအဘိုးကြီး ငယ်ရွယ်စဉ်တုန်း က သူလည်းကျန်တဲ့ အီဂျစ်တွေ လိုပဲ လုပ်ရိုးလုပ်စဉ် တောင်းတဲ့အ လုပ်တွေ ရစ်တဲ့အလုပ်တွေ လုပ်ခဲ့ ပြီး အသက်ကြီး မှ နောင်တရကာ ဘုရားတရားနဲ့ နေလိုက်တာလား လို့ ဖျတ်ခနဲ တွေးလိုက်မိတယ်။ ချက်ချင်းပဲ ဒီလိုမတွေးသင့် ပါဘူး လေဆိုပြီး အဲဒီအတွေးကို မောင်း ထုတ်ပစ်လိုက်ပါတယ်။

အပြင်ကို ရှုမျှော်ကြည့်လိုက် တော့ ဆိုင်းနိုင်းကျွန်းဆွယ်ကြီးဟာ သဲအတိနဲ့ ပျင်းရိဖွယ် မြင်တွေ့နေ ရတာပေါ့။ အဲဒီအထဲမှာ သစ်ပင် အုံ့အုံ့ ဆိုင်းဆိုင်း စိမ်းစိမ်းစိုစိုနဲ့ နေ ရာတစ်ခုသွားတွေ့တယ်။ သဲကန္တာ ရထဲမှာ အခုလို စိမ်းစိမ်းစိုစို လေး တွေ့တာ အိုအေစစ် ပဲ ပေါ့လို့ ကောက်ချက်ချမိတယ်။

ဒါပေမယ့် အဲဒီ သစ်ပင်အုပ် ကလေးထဲမှာ ဆက်သွယ်ရေးတိုင် တွေ၊ ခြံစည်းရိုးတွေနဲ့  အဆောက် အအုံတချို့ကို တွေ့တဲ့အတွက် ဒါ ဆက်သွယ်ရေး စခန်းတစ်ခု ဖြစ် မယ်။ သစ်ပင်တွေက လူတွေစိုက် ထားတာဖြစ်မယ်။ ဒါမျိုးကို အိုအေ စစ်လို့ခေါ်လို့ရမလား။ တစ်ယောက် တည်း မေးခွန်းပြန်ထုတ်နေမိတယ်။

ဒီလောက်ပူလောင်တဲ့ သဲ ကန္တာရကြီးမှာ သဘာဝအတိုင်းပဲ ဖြစ်ဖြစ်၊ လူဖန်တီး စိုက်ပျိုးထား တာပဲဖြစ်ဖြစ် အခုလို စိမ်းစိမ်းစိုစို အုံ့အုံ့ ဆိုင်းဆိုင်းလေး တွေ့လိုက်ရ တာ ကြည်နူးမိပါတယ်။

အိုအေစစ် ဆိုတာ အမည် သတ်မှတ်ချက်ပဲလေ၊ အိုအေစစ် ဟုတ်တာ မဟုတ်တာဟာ အဓိက မကျပါဘူး၊ အေးချမ်းမှုပေးနိုင် တာက အဓိကပါပဲ လို့ တစ်ယောက် တည်း တွေးလိုက် မိပါတော့တယ်။

အဏ္ဏ၀ါအုန်းမောင် (ဘူမိဗေဒ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*