ဆည်းဆာနေညိုချိန် ပြန်ချင်တဲ့အိမ်

ဆည်းဆာနေညိုချိန် ပြန်ချင်တဲ့အိမ်
July 13, 2016 Asian Fame

4:29 pm
ဆည်းဆာနေညိုချိန် ပြန်ချင်တဲ့အိမ်

phar kant (1)

သီးသန့်ကာရံထားသော သူတို့၏ ခြံဝင်းကလေးအတွင်းသို့ ကားဝင်ရောက်လာသည်နှင့် စူးစမ်းစပ်စုလိုသည်သူများကတစ်ဖုံ၊ အလှူရှင်တွေလားဟူသော မျှော်လင့်ချက်ဖြင့် အဆောင်တိုင်း အခန်းဝ အသီးသီးမှာ ခေါင်းအလျှိုလျှို ပြူးကြည့်လာကြသည်။ တိုင်းရင်းသားဘာသာ စကားဖြင့် တစ်ယောက်ကိုတစ် ယောက်မေးမြန်းရင်း သေချာအကဲခတ်နေကြသည်။ ခပ်နိမ်နိမ့် ဆောက်ထားသည့် အဆောက်အအုံအတွင်း လူတို့ သွားလာလှုပ်ရှားလျက်။ ပြုံးပြနှုတ် ဆက်သည့်အခါ ပြန်လည်ပြုံးပြနှုတ်ဆက်သော်လည်း သူ တို့၏ မျက်နှာပေါ်မှာကား ဝမ်းမြောက်ပျော်ရွှင်ခြင်း အရိပ်အယောင်ကို မမြင်တွေ့ရသက်မဲ့ရုပ်တုများအ တိုင်း။ အဆောင်များကို ကျော်လွန်ကာ တဖြည်းဖြည်းလျှောက်သွားစဉ် သက်မဲ့ရုပ်တုများအကြား ထိုးဖောက်လာသည့်အသံက အပြစ်မဲ့ပန်းကလေးများ လေနှင်ရာ နောက်လိုက်ကနေကြသည့်နှယ် ကလေးများ၏ ဆော့ ကစားသံက ထိုဝန်းကျင်၏တိတ်ဆိတ်ခြင်းကို ဖြိုခွဲ လိုက်သည်။

ထိုအသံနောက် တစ်ဆက်တည်းပါလာသည့် အသံကား ”.. မနက်ဖြန်ကျရင်ဘာလုပ်မယ် xxကိုယ့်စိတ်ကူးနဲ့အစီအစဉ်ဆွဲ xx အဲဒီမနက်ဖြန်တကယ် ရောက်ဖို့ မသေချာဘူးကွယ် xx အသက်ငယ်သေး တယ် အချိန်ရှိတယ်..x..တွေးနေမိရင် တကယ်မှား မယ်..xx.. ကိုယ်တိုင်မတွေ့ခဲ့ရင် ဆင်ခြင်မိနိုင်ဖို့ ဝေးမယ်..xx” ပျံ့လွင့်လာသော သီချင်းသံက အဆို တော်စံပီး၏ သီချင်းသံပင်။

အဆိုတော်စံပီးနှင့်အတူ အတော်ဝဲသည့် ဗမာ စကားသံနှင့်ပြိုင်တူလိုက်ဆိုနေသည့် မြင်ကွင်းက ကလေးငယ်တစ်ယောက်မဟုတ်သလို ဆယ်ကျော် သက် တစ်ယောက်လည်း မဟုတ်ပြန်။ အသက် ၇ဝ ကျော်အရွယ်အဘိုးတစ်ယောက်သာ ဖြစ်သည်။ သစ် ပင်အောက်တွင်ထိုင်ကာ တောင်းများရက်ရင်း နှုတ် ခမ်းမှာလည်း ထိုသီချင်းကို ညည်းနေဆဲ။ အဘိုး နေကောင်းလား ဘာလုပ်နေလဲ မေးလိုက်မိစဉ်ခဏတာတွေဝေပြီး ”ကောင်းတယ် ကောင်းတယ်” ..ဟုခပ်ပြတ်ပြတ်ဖြေသည်။ အဘိုးနာမည်ဘယ်လို ခေါ်ပါသလဲရှင့် ကျွန်မမေးခွန်းအဆုံးမှာ…သူသည် အံ့သြစွာဖြင့် ကျွန်မကို မော့ကြည့်ကာ… မသိဘူး လေကွယ်..ဟုရိုးသားစွာဆိုလာပြန်သည်။ ကိုယ့်နာမည် တောင်မသိရသလောဟု အပြစ်တင် မတွေးမိခင် ကျွန်မသိလိုက်သည်က သူသည် မြန်မာစကားကို ကောင်းမွန်စွာ နားမလည်ခြင်းပေ။

မြန်မာစကားကို အနည်းအကျဉ်းနားလည်သည့် အမျိုးသမီးတစ်ဦးက ကျွန်မတို့ရှေ့သို့ လျှောက်လာပြီး ‘အဘိုးက ရှမ်းတရုတ်လေ။ ဗမာစကားသိပ် မတတ်ဘူး လေ’ ဟုအကျဉ်းချုပ်ရှင်းပြခဲ့သည်။ နောက်ဆုံးသူမက ကျွန်မနှင့်အဘိုးကြား စကားပြန်တစ်ဦး ဖြစ်လာခဲ့သည်။ ”အဘိုးက မြန်မာစကားမတတ်ဘူးနော်၊ ဒါပေ မယ့် သူနားထောင်ပြီးလိုက်ဆိုတာ မြန်မာ သီချင်းပဲ လေ သူအဓိပ္ပာယ်သိလား”ဟု..မေးလိုက်မိစဉ် စကားပြန်မှတစ်ဆင့် အဘိုး၏အဖြေစကားက ”အား လုံးတော့ နားမလည်ဘူး နည်းနည်းနားလည်တယ်။ မနက်ဖြန်ကျရင် ကျွန်တော်တို့တွေဘာလုပ်မလဲ ဘာစားမလဲ ဘယ်သူမှမသိဘူးလေ။ မနက်ဖြန်ကို ကြိုပြီး ဘယ်သူမှလည်း မရောက်ဖူးဘူးလေ။ ကျွန်တော်တို့ လည်း မနက်ဖြန်ကိုကြိုမသိလို့ ကြိုသိခဲ့ရင် ဒီလိုဖြစ် မှာမဟုတ်ဘူးလေ” ဟု စကားကိုအဆုံးသတ်ကာ တိမ် ဝင်သွားသောအသံနှင့် ဝဲလာသည့်မျက်ရည်များကို သုတ်ရင်း အဘိုးကပြောသည်။ ဘယ်သူမှ မနေချင်သောနေရာ။ ထိုနေရာကို အ များစုက Camp – စစ်ဘေးရှောင်ဒုက္ခသည်စခန်းဟု သိကြသည်။ ၂ဝ၁၂ ခုနှစ်ခန့်က ကန်တော်ရာတွင် စစ်ပွဲများဖြစ်ပေါ်လာပြီး ဒေသခံပြည်သူများက စစ် ဘေးနှင့်ဝေးရာအရပ်များဆီသို့ အပြေးအလွှားရှောင် တိမ်းခဲ့ကြရသည်။ ထိုသို့ခြေဦးတည့်ရာ ပြေးလွှားရင်း မည်သည့် အရပ်ဒေသသို့ သွားရောက်ရမည်ကို မသိ ကြ၊ ဥစ္စာပစ္စည်းယူရန်ထက် မိမိတို့အသက်ဘေးရှင်ရေး အတွက်သာ အားခဲကာ ပြေးလွှားခဲ့ကြရသည်။

ဦးယုန်းဖု၊ ဇနီးနှင့် သားသမီးခြောက်ဦးတို့သည် လည်း ပြေးရင်းလွှားရင်း မြစ်ကြီးနားမြို့ထဲသို့ မမျှော် လင့်ဘဲ ရောက်လာခဲ့ကြသည်။ ကျန်သည့်ဆွေမျိုးများ မိတ်ဆွေများဘယ်နား၊ ဘယ်ပြည်ကို ရောက်နေသည် ကိုပင် သူတို့ မသိကြ။ ၂ဝ၁၂ ခုနှစ်မတိုင်ခင် လွန်ခဲ့သည့်နှစ်တွေက ဦးယုန်းဖုသည် လူကုံတန်အသိုင်းအဝိုင်းမှ သူဌေးတစ် ဦးဖြစ်သလို ၎င်းနယ်မြေတွင် အလုပ်သမားအြေ>ွခအရံ များနှင့် ချမ်းချမ်းသာသာနေထိုင်ကြသည်ဟု သိရ သည်။ စစ်ဘေးဒဏ်ကြောင့် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားသော သူတို့၏ဘဝက ယခု ကယ်ဆယ် ရေးစခန်းတွင် နှီးတောင်းများကို ရက်လုပ်ကာ ဝမ်းစာ ကို တစ်ပိုင်တစ်နိုင်ဖြေရှင်းနေရသည်။ ဘယ်နေ့ဘယ်အချိန် ဘာဖြစ်မလဲ ဘယ်သူမျှသိ ခွင့်မရှိသော ပုစ္ဆာတစ်ပုဒ်ဟုဆိုလျှင် ရှင်သန်ရာလူ့ဘဝ ပင်ဖြစ်လိမ့်မည်။ အိမ်တစ်ဆောင် မီးတစ်ပြောင်နှင့် ချမ်းသာသုခအပြည့်အဝဖြင့် နေထိုင်ခဲ့ကြသည့် ဦးယုန်း ဖုတို့လို မိသားစုမျိုး မျက်စိတစ်မှိတ် တခဏတွင်း ပြောင်းလဲသွားခဲ့ရသည့်အဖြစ်အပျက်မျိုး များစွာရှိနေ လိမ့်မည်ဆိုသည်မှာ စစ်ဘေးရှောင်စခန်းများစွာက သက်သေဖြစ်လိမ့်မည်။

”သေနတ်နဲပစ်တော့ ပြေးရတာပေါ့။ မပြေးရင် သေမှာပေါ့။ အခု ဒီမှာလာခိုလှုံတာ လေးနှစ်ကျော်ပြီ၊ အိမ်ပြန်ချင်ပြီ၊ ဒီမှာနေရတာ ကိုယ့်အိမ်ကိုယ်ရာလို တော့ ဘယ်အဆင်ပြေပါ့မလဲ။ စစ်ဖြစ်တာကတော့ KIA နဲ့ ဗမာစစ်တပ်ဖြစ်ကြတာပေါ့”ဟု ဦးယုန်းဖုက ခေါင်းငုံ့ကာ ပြောပြသည်။ ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်းများစွာ ရှိသည်။ ဦးယုန်းဖုတို့နေထိုင်သည့် စစ်ဘေးရှောင်စခန်းသည် ဝိုင်းမော်မြို့နယ်၊ သာဂရသရက်တော စစ်ဘေး ရှောင်စခန်းဖြစ်သည်။ အသက်အန္တရာယ်လုံခြုံရန် ထို နေရာကသူတို့၏ ခေတ္တခဏ နားခိုရန် နေရပ်အိမ်ဖြစ် လာကြသည်။”ကျွန်တော်တို့လို စစ်မပြေးဖူးလို့ပါ။ စစ်ပွဲဒဏ်က အရမ်းဆိုးတယ် စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေနဲ့ အသက်ရှူနေရတာပါ” ဟု သူက လုပ်လက်စအလုပ်ကိုရပ်ကာ ပြောသည်။

ဦးယုန်းဖု နေထိုင်သည့် သာဂရသရက်တော စစ်ဘေးရှောင်စခန်းတွင် ယခုဆိုလျှင်အိမ်ထောင်စု ၈၈ စု၊ အမျိုးသား ၂၃၃ဦး၊ အမျိုးသမီး၂၂ဝ ဦး၊ စုစု ပေါင်းလူဦးရေ ၄၅၃ ဦးရှိနေပြီး အဆိုပါ လူဦးရေထဲ တွင် ၁၈ နှစ်အောက် ကျား ၈၉ ဦး၊ မ ၉၃ ဦးအထိရှိနေသည် ဟုသိရသည်။ ဝိုင်းမော်မြို့နယ်တစ်ခုထဲတွင် စစ်ဘေးရှောင်စခန်း များ၂ဝ ကျော်ရှိကြောင်း ဒေသခံများထံမှ သိခဲ့ရသည်။ စစ်ဘေးရှောင်စခန်း (Camp) များကိုကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က လစဉ်ထောက်ပံ့ပေးနေခဲ့သော်လည်း အလှူရှင်များ နည်းပါးလာသည့်အတွက် စခန်းရှိလူများ ဝမ်းစာအရေး အခက်အခဲဖြစ်ပေါ်လာပြီ ဖြစ်သည်။

ယခင်က စစ်ဘေးရှောင်စခန်းသို့ စားနပ်ရိက္ခာများကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က လစဉ် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည်တို့ကို အပြည့်အဝထောက်ပံ့ခဲ့ပြီး၊ ၎င်းတို့ ထောက်ပံ့သော ဆန်များမှာ စားသောက်ရန် အခက်အခဲရှိသည့်အတွက် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် သာဂရစစ်ဘေးရှောင်စခန်း၌ စားနပ်ရိက္ခာအစား လူ တစ်ယောက်အား ငွေကိုးထောင်နှုန်းနှင့် ထောက်ပံ့မှုကို (Camp) အတွင်း ခိုလှုံသူစစ်ဘေးရှောင် ပြည်သူများက သဘောတူညီမှုရရှိခဲ့သည်ဟု သိရသည်။

”ကြီးကျယ်တာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့က ကိုယ့်ဆန်ကိုယ်စိုက်စားတာများတော့ သူတို့ပေးတဲ့ဆန် မစားနိုင်ဘူး။ အဲဒီအတွက် ပိုက်ဆံယူလိုက်တာ ပေါ့။ ပိုက်ဆံကမလောက်ဘူး။ သူတို့ပေးတာစားတာ မလောက်တော့ သူများလယ်မှာ အငှားသွားလုပ်တာပေါ့။ မိသားစုကများတယ် ဒုက္ခသာရောက်တာ သား သမီးခြောက်ယောက်က တစ်ယောက်ပဲ အိမ်ထောင် မကျသေးတာ မြေးတွေလည်းရှိတယ်လေ။ ခက်ခဲတာ တော့မပြောချင်တော့ပါဘူးလေ”ဟု ဦးယုန်းဖုက မဲ့ပြုံး နှင့်ဆိုသည်။ လေးနှစ်ကျော် စွန့်ခွာသွားခဲ့ရသည့် မွေးရပ်မြေ ကို ပြန်လိုသော်လည်း နယ်မြေအေးချမ်းမှု မရှိသေးသည့်အတွက် ထို Camp တွင်အချိန် ဘယ်လောက်ကြာကြာ နေရဦးမည်ကိုပင်သူမသိ။ သူကဲ့သို့ အိမ်လွမ်းသူ များစွာရှိနေမည် အမှန်ပင်။

”အိမ်တွေဆို ချုံနွယ်တွေကတက်တော့ သုသာန် ကအုတ်ဂူတွေလိုပဲလေ။ အိမ်ကိုလွမ်းတာပေါ့။ ပြန်ချင် တယ် စိတ်မချရသေးတဲ့အတွက် မပြန်ခိုင်းသေးဘူး။ ဖြစ် နိုင်ရင် ကိုယ့်အိမ်ကိုယ့်ရာမှာ အေးအေးချမ်းချမ်း ပြန်လုပ်ကိုင်စားသောက်ချင်တယ်”ဟု ဦးယုန်းဖုက ကျွန်မကိုစိုက်ကြည့်ရင်း ပြောပြခဲ့သည်။ တောင်းများရက်နေရာမှ သူ့ရှေ့အခန်းတွင်းက ကလေးငိုသံကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး နှုတ် မှာလည်း ”မြေးငိုတာလေ”ဟု ဆိုကာ သူ့အမျိုးသမီး ကို လှမ်းအော်ခေါ်နေသည်။ စစ်ဘေးဒဏ်ကြောင့် ဘဝများစွာ စတေးခဲ့ရသ လို၊ ဘဝများစွာမျှော်လင့်ချက်ကင်းမဲ့နေသည်။ သူတို့ အားလုံး၏ မနက်ဖြန်များစွာကို ဘယ်လိုပုံဖော်ရမည် ကိုပင် သူတို့ကိုယ်တိုင် မှန်းဆမရ။

ထောက်ပံ့သော အစားအသောက် များနှင့် မနက်ဖြန်များစွာကို ရင် ဆိုင် ဖြေရှင်းနေကြရသည်။ ကျန် ရှိသည့် မနက်ဖြန်များစွာကို သေ နတ်သံများ ဗုံးသံများအစား ငြိမ်းချမ်းသော မင်္ဂလာတေးများဖြင့် အလှပဆုံးကြိုဆိုချင်ကြသည်မှာ ကြီးမားသောသူတို့၏ဆန္ဒပင် ဖြစ်သည်။ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများကိုရောက်ရှိလာသည့် လူများသည် ရောက်စကအလှူရှင်များ ပေါများသောကြောင့် နေထိုင်ရေး၊ စားသောက်ရေးများ အဆင်ပြေကြ သော်လည်း နှစ်ကြာလာသော အ ချိန်တွင် အလှူရှင်များနည်းပါးသွားသည့်အတွက် ယင်းတို့ စားဝတ်နေရေးက ခက်ခဲလာကြသည်။

”သူများတွေပြောတဲ့ ဗိုလ်ချုပ် အောင်ဆန်းသမီး ဒေါ်စုက အခု သူခေါင်းဆောင်တယ် ကြားတယ်။ ငြိမ်းချမ်းရေးကို လုပ်ပေးနိုင်ရင် တော့ အကောင်းဆုံးပေါ့။ စစ်လည်း မဖြစ်တော့ဘူးဆို ကိုယ့်အိမ်ကိုယ် ပြန်နေလို့ရတာပေါ့။ ငါတို့ကို တစ် ချိန်လုံးလည်း ဘယ်သူက ထောက်ပံ့နိုင်ပါ့မလဲ၊ ဘယ် ထောက်ပံ့ချင်ပါ့ မလဲနော်”ဟု ၎င်းက ပကတိရိုးစင်း သောအပြုံးဖြင့် ဆိုသည်။ အော်ဒါရှိမှ ဝင်ငွေရသော သူ့ အလုပ်က နှီးများဖြင့်ရက်လုပ်ထား သောတောင်းများ၊ စကောများ ဖြစ်သည်။ ဈေးနှုန်းကို တစ်သမတ်တည်းမသတ်မှတ်ထားဘဲ မှာယူ ထားသည့်ပစ္စည်းပေါ် မူတည်ပြီး တစ်တောင့်ငါးရာကျပ်၊ နှစ်ထောင်၊ သုံးထောင်ကျပ် အထိဈေးတင်ထားကြောင်း၊ အော်ဒါမရှိပါက ဝင်ငွေ မရှိကြောင်းကို သူကရှင်းပြခဲ့သည်။

”အခုအုပ်ချုပ်သူ အသစ်လက် ထက်မှာ မျှော်လင့်တယ်။ စစ်မဖြစ် စေချင်တော့ဘူး။ ငြိမ်းချမ်းတဲ့အိမ် မှာ နေချင်တယ်။ ဒီကရတဲ့ပိုက်ဆံ လေးနဲ့ ဆီလေး အချိုလေးဝယ်တာ ပေါ့”ဟု ဦးယုန်းဖုက ဆိုသည်။ ”စားပွဲဝိုင်းပေါ်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးက ကျွန်တော်တို့စစ် ဘေးရှောင် ပြည်သူတွေအတွက် ဆွေးနွေးတယ်ဆိုရင် နှစ်ဖက်စလုံးကို မေတ္တာရပ်ခံချင်တယ်။ ကျွန် တော်တို့ကို စာနာပေးပါ။ ဘူးတစ် လုံးဆောင် အိုတောင်မဆင်းရဲ ပုံစံ မျိုးပဲဆောင်နေရင်တော့ တစ်သက် လုံး ငြိမ်းချမ်းရေးရမှာမဟုတ်ဘူး လေ” ဟု ၎င်းကပြောသည်။

သူတို့အားလုံး၏ မျှော်လင့် ချက်တစ်ခုက စစ်ရှောင်စခန်းများမှ မိမိတို့နေရပ်များသို့ အမြန်ဆုံး ပြန်ချင်နေကြပြီဖြစ်သည်။ ငြိမ်းချမ်း ရေးရရှိရန်အတွက်လည်း အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် များက အားကြိုးမာန်တက်ကြိုးစား ဖော်ဆောင်နေကြသည်။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ၁၃ဖွဲ့မှာ ၈ ဖွဲ့လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ”ငါပြောချင်တာက ကရင်တွေ နှစ်ခြောက်ဆယ်ကြာ စစ်တိုက်တယ်။ အခုသူတို့ ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီး သဘောပေါက်ခဲ့ကြပြီ။ သဘော မပေါက်ကြဘဲ တစ်ယောက်နဲ့ တစ် ယောက် တစ်ဖက်နဲ့တစ်ဖက် အလျှော့အတင်းမရှိနားလည်မှု မရှိဘူးဆိုရင်တော့ ဘယ်တော့မှလည်း ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူးလေ။ ကျွန်တော်တို့လို လူတွေကလည်း ခံပြီးရင်ခံရမှာပဲလေ”ဟု ဦးယုန်းဖုက ပြောသည်။ တေးသွားထက်က စာသားအတိုင်း မနက်ဖြန်ကျရင်ဘာလုပ် မယ် ကြိုတင်စိတ်ကူးတွေ ကိုယ်စီကိုယ်စီနဲ့ဆိုသော်လည်း အားလုံးတန်းတူသည့်စိတ်ကူးကတော့ အိမ် ကိုပြန်ကြရမယ်ဟုဆိုလျှင် မမှား။ မနက်ဖြန်တကယ်သေချာရှိတယ် ဆိုတာသိသော်လည်း မနက်ဖြန်ထိ အသက်ရှင်ခွင့်ရှိနေမလားကတော့ ဘယ်သူမှကြိုတင်မသိနိုင်ပါ။ မနက် ဖြန်ရှိနေသေးသည့်အတွက် ငြိမ်း ချမ်းရေးဆိုတာလည်း ရှိနေမယ်ဆိုတာ သူတို့ က ယုံကြည်နေကြသည်။ သူတို့ အားလုံး၏ယုံကြည်မှုများ အမြန်ဆုံးအကောင်အထည် ပေါ် လာနိုင်ပါစေ ဆုတောင်းရုံကလွဲပြီး …။ ”အဘိုးတို့ကအသက်ကြီးပြီလေ ဘယ်နေ့သေမှာလဲ မသိပေမယ့် သေဖို့ကနီးလာပြီ။ ဒီမှာတော့ ခေါင်းမချချင်ဘူး ကိုယ့်နယ်မြေမှာပဲ ခေါင်းချချင်တယ်” ဟု ဝမ်းနည်းစွာ ဆိုလာသည်။

သူကဲ့သို့ပင် ဗမာစကားမကျွမ်းကျင်သော တိုင်းရင်းသားများ ဤသို့ စစ်ဘေးရှောင်စခန်းများ၌ မည်မျှ ရှိနေမလဲ။ မွေးရပ်မြေကိုစွန့်ကာ စစ်ဘေးဒဏ်ကို အလူးအလဲခံနေရ သည့် ပြည်သူတွေ ဘယ်လောက်ရှိ နေမလဲ ထိုမေးခွန်းများစွာကိုတွေးနေရင်း မပီသသော ဗမာစကားနှင့် ”လာလှူကြတာလား” ဟု ကျွန်မကို သူကပြန်မေးနေသည်။ ကျွန်မစိတ် ထဲဆို့နင့် မိသွားသည်။ လှူဒါန်းဖို့ လာရောက်ခြင်း မဟုတ်သည့်အတွက်များစွာ ဝမ်းနည်းမိသလိုသူတို့ မျှော်လင့်နေသည့် အလှူရှင်များများများလာရောက်ကြပါစေဟု ဆုတောင်းမေတ္တာပို့မိရုံမှတစ်ပါး …။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*