အငိုလွယ် အရှိုက်ခက်သည်

အငိုလွယ် အရှိုက်ခက်သည်
July 6, 2016 Asian Fame

7:20 am
အငိုလွယ် အရှိုက်ခက်သည်

kkh

ဗြိတိန်နိုင်ငံလူထုကြီးက ဇွန်လ ၂၃ ရက်နေ့ လူထုဆန္ဒခံယူပွဲတွင် ဥရောပသမဂ္ဂ မှ ဗြိတိန်နိုင်ငံ ခွဲထွက်ရန် ၅၂ ရာခိုင်နှုန်း၊ ၄၈ ရာခိုင်နှုန်းဖြင့် မဲပေးဆုံးဖြတ်ခဲ့ကြရာ နှစ်ပေါင်း ၄ဝ ကျော်ပါဝင်လာခဲ့သည့် ဒေသတွင်း အဖွဲ့အစည်းအတွင်းမှ ရုတ်တရက်လမ်းခွဲကာ နှုတ်ဆက်ထွက်ခွာရတော့မည် ဖြစ်သည်။ Britain Exit သို့မဟုတ် Brexit ဟု အတိုကောက်ခေါ်ဝေါ်ခဲ့ကြသည့် ဗြိတိန်နိုင်ငံ၏ နုတ်ထွက်မှုသည် ကာယကံရှင် ဗြိတိန်နိုင်ငံနှင့် ဥရောပသဂ္ဂတို့သာမက ကမ္ဘာ တစ်ခုလုံးသို့ ဂယက်ရိုက်ခတ်ခဲ့သည်။

Brexit ၏ အကျိုးဆက်မှာလည်း ချက်ချင်းပင် ဗြိတိန်နိုင်ငံအပေါ်သက်ရောက် မှုရှိခဲ့သည်။ ဗြိတိန်နိုင်ငံသုံး ပေါင်စတာလင် တန်ဖိုးမှာ နှစ်ပေါင်း ၃ဝ တွင်း အနိမ့်ဆုံးကျ ဆင်းသွားခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ရာထူးမှနုတ်ထွက်ရန်ကြေညာခဲ့ရသည်။ ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး အခြေအနေနှင့်ချေးငွေအာမခံနိုင်မှု အကဲဖြတ်သည့် Moody အဖွဲ့က ဗြိတိန်နိုင်ငံ၏ အဆင့်ကို မယုံကြည်ရသည့် အနုတ်လက္ခဏာဘက်သို့ ပို့လိုက်သည်။ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေးကို မဲဆွယ်တိုက်တွန်းလှုံ့ဆော်ခဲ့သည့် နုတ်ထွက်ရေး လှုပ်ရှားမှုခေါင်းဆောင်များကိုယ်တိုင်က သူတို့ပြောခဲ့သည့်စကားများကို ရုပ်သိမ်းခြင်း၊ ပေးခဲ့သည့်ကတိများကို နောက်ဆုတ် ခြင်းများပြုလုပ်ခဲ့ရာ မူလက ယင်းတို့၏ စကားကို ယုံမှတ်၍ ခွဲထွက်ရေးဘက်သို့ မဲပေးခဲ့သူများမှာ မချိတင်ကဲ ကြေကွဲနောင်တ ရကြပြန်တော့သည်။ အချို့က ”ကျွန်တော် တို့ ခွဲမထွက်ရေးဘက်ကို အခုပြင်ပြီး မဲ ပေးလို့ရဦးမလား”ဟုပင် ဆန္ဒခံယူပွဲကျင်းပ ရေးဝန်ထမ်းများကို လာမေးကြသည်။ ဤသို့ဖြင့် ဗြိတိန်နောင်တ (Bregret) ဟူသော ဝေါဟာရအသစ်တစ်လုံးက Brexit ၏ နောက်တွင် ထပ်တိုးလာခဲ့တော့သည်။ သို့ရာတွင် နောင်တဟူသည် နောင်မှရကြ စမြဲဖြစ်ရာ ဗြိတိန်နိုင်ငံသားတို့အနေဖြင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ Brexit ၏ ဝန်ထုပ်ဝန်ပိုး အကျိုးဆက်များကို ထမ်းကြရပေတော့မည်။

Brexit နောက်ခံ

ဗြိတိန်နိုင်ငံသည် ၁၉၇၃ ခုနှစ်တွင် ဥရောပသမဂ္ဂ၏ ရှေ့ပြေးဖြစ်သော ဥရောပ စီးပွားရေး ဘုံအဖွဲ့သို့ ဝင်ရောက်စဉ်ကပင် ယင်းအဖွဲ့သို့ မဝင်ရောက်လိုဘဲ ဆန့်ကျင်ခဲ့ သည့် နိုင်ငံရေးပါတီများနှင့်အုပ်စုများ ရှိခဲ့ သည်။ ထို့ကြောင့် ၁၉၇၅ ခုနှစ်တွင် ယင်း ဥရောပစီးပွားရေးဘုံအဖွဲ့ EEC အတွင်း ဗြိတိန်နိုင်ငံပါဝင်ခြင်းကို သဘောတူ၊ မတူ လူထုဆန္ဒခံယူပွဲနှင့် ဆုံးဖြတ်ခဲ့ရသေးသည်။ ထိုစဉ်က သဘောတူသည့် မဲများခဲ့၍သာ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့၏ အိမ်ထောင် သက်မှာ နှစ်ပေါင်း ၄ဝ ကျော် တည်မြဲနေခဲ့ ခြင်းဖြစ်၏။ သို့တိုင်အောင် နေမဝင်အင်ပါ ယာထူထောင်ခဲ့သော မဟာဗြိတိန်၏ဇာတိ ပုညဂုဏ်မာနကို မလျှော့နိုင်ခဲ့။ ဥရောပ သမဂ္ဂ၌ ဝင်သည့်တိုင်အောင် ယူရိုငွေကြေး ဇုန်သို့မဝင်ခဲ့ပေ။ နောင်တစ်ချိန်တွင် ဥရောပ ပြည်ထောင်စု (United States of Europe) ဟု စုစည်းတည်ထောင်လိုသည့် ဥရောပသမဂ္ဂ၏ အန္တိမရည်မှန်းချက်ကိုလည်း မိမိတို့၏အချုပ်အခြာအာဏာကို အပွန်းအစား မခံလိုသည့်အတွက် လက်မခံနိုင်ပေ။

၂ဝဝ၈ ခုနှစ် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတွင် ဥရောပနိုင်ငံများ အထိနာခဲ့ ကြသည်။ စီးပွားရေးအင်အားကြီးမားသော ဂျာမနီ၊ ဗြိတိန်တို့မှာမူ ”ဆင်ပိန်လျှင် ကျွဲ လောက်တော့ကျန်သည်” ဆိုသည့်အတိုင်း နာပင်နာသော်လည်း အခြားနိုင်ငံများထက် စာလျှင် အတန်ငယ်ခံနိုင်ရည်ရှိသေးသည်။ သို့ရာတွင် ဥရောပသမဂ္ဂ၏ ထုံးစံအရ အ ခြေအနေပိုဆိုးသော နိုင်ငံများကိုဝိုင်းကြီး ချုပ်စနစ်ဖြင့် ပိုမိုအင်အားတောင့်တင်းသော နိုင်ငံကြီးများက ဝိုင်းဝန်း၍ ကူညီထောင် မတ်ပေးကြရသည်။ ဗြိတိန်အနေဖြင့် ကမ္ဘာ ပေါ်တွင် ပဉ္စမ စီးပွားရေးအကြီးမားဆုံးနိုင် ငံဖြစ်သော်လည်း ထိုတာဝန်ကို ဗြိတိသျှ သားတို့က ထမ်းဆောင်လိုမှုမရှိကြပေ။ ထို သို့ မထမ်းဆောင်လိုခြင်းမှာလည်း အ ကြောင်းနှစ်ချက်ရှိသည်။ ပထမတစ်ချက် မှာ ဗြိတိသျှတို့အနေဖြင့် ကျွန်းနိုင်ငံဖြစ်ပြီး အင်္ဂလိပ်ရေလက်ကြားတစ်ဖက်ရှိ အနီးဆုံး ပြင်သစ်နိုင်ငံအပါအဝင် ဥရောပကုန်းမြေ (ဃသညအငညနညအေူ နကမသစန) နိုင်ငံများနှင့် သံယောဇဉ်မရှိလှပေ။ ထိုနိုင်ငံများနှင့် ဖြစ် နိုင်သမျှ ခပ်ခွာခွာနေလိုသည့် စိတ်ရင်းအခံ ရှိသည်။ ဒုတိယအချက်မှာ ဗြိတိန်နိုင်ငံ ကိုယ်တိုင်လည်း စီးပွားရေးအထိနာခဲ့သ ဖြင့် ခြိုးခြံချွေတာရေးလုပ်နေကြရသည် ဖြစ်ရာ ထိုအချိန်တွင် သူတစ်ပါးကို ကူညီ လိုစိတ်ခေါင်းပါးနေခြင်းဖြစ်၏။ ဗြိတိန်သား နိုင်ငံရေးသမားအချို့က ဥရောပ သမဂ္ဂကို လူမမာသည်ကြီးအဖြစ် ရှုမြင်လာ ကြသည်။ ဤသို့ဖြင့် အာဏာရကွန်ဆာဗေး တစ်ပါတီအတွင်း၌ပင် ဥရောပသမဂ္ဂမှ ခွဲ ထွက်လိုသူများ အင်အားစုမိလာပြီး ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းကို ဖိအားပေး လာကြသည်။ ထို့ကြောင့် ကင်မရွန်းအနေ ဖြင့် စိတ်မပါလှသော်လည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနိုင်လျှင် ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ပြုလုပ်ပေးမည်ဟု ကတိ ပေးခဲ့ရသည်။ ယခု ထိုကတိအတိုင်းဆောင်ရွက်ခဲ့ရခြင်းဖြစ်၏။

ခွဲထွက်ရေးသမားများကို လူထုက မဲပေးခဲ့ကြသည့်အကြောင်းရင်းများ

ဗြိတိန်-ဥရောပသမဂ္ဂ ခွဲရေး တွဲရေး ကိစ္စသည် ၁၉၃၅ ခုနှစ်က မြန်မာနိုင်ငံ အိန္ဒိယကိုလိုနီမှ ခွဲရေးတွဲရေး ကိစ္စကဲ့သို့ ပြည်တွင်းနိုင်ငံရေး၌ ကြီးစွာဂယက်ရိုက်ခဲ့ သည်။ နိုင်ငံရေးပါတီများအတွင်း၌ သဘော ထားကွဲကြသည်။ လူတန်းစား အများအ ပြားကွဲကြသည်။ အင်္ဂလန်ကျွန်းမကြီးနှင့် ပြည်နယ်များအကြားကွဲကြသည်။ တွဲရေး ဝါဒီအမျိုးသမီးပါလီမန်အမတ် ဂျိုကောက်စ်ကို ခွဲရေးဝါဒီတစ်ဦးက ဓားဖြင့် ထိုးသတ်သည်အထိ အာဃာတပြင်းထန်ခဲ့သည်။ ခွဲထွက်ရေးလှုပ်ရှားမှု ခေါင်းဆောင်များက တွဲရေးသမားများထက် ပို၍တက်ြ<ွကသည်။ အောက်ခြေလူတန်းစားများ၏ ရင်တွင်းကို ကိုင်လှုပ်နိုင်သော အကြောင်းအရာများကို ”ဟုတ်တာရော မဟုတ်တာပါ” ရောနှော အစုံသုပ်လျက် အယုံသွင်းနိုင်ခဲ့ကြသည်။ ခွဲထွက်ရေးသမားများ အကြောင်းပြခဲ့သည့် ခွဲထွက်သင့်သောအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဥရောပသမဂ္ဂသည် ဗဟိုထိန်းချုပ်မှု အာဏာကို ပိုယူလာခဲ့ပြီး အချို့နေရာများ၌ နိုင်ငံ၏ဥပဒေများကိုပင် လွှမ်းမိုးကျော်လွန်လာခဲ့သည်။ ထို့ကြောင့် ဗြိတိန်၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာသည်။
၂။ ဥရောပသမဂ္ဂ၏အချို့သော စည်းမျဉ်းများမှာ ကြောင်စီစီနိုင်လွန်းပြီး မလိုအပ်ဘဲ အလုပ်ရှုပ်စေကာ အပိုအကုန်အကျများစေသည်။ ဥပမာ -ရေနွေးတွင်စိမ်ရန် လက်ဖက်ခြောက် ထည့်သည့်အထုပ်များကို တစ်ဖန်ပြန်သုံးနိုင်သည့် အမှိုက်ပုံးတွင် ထည့်ခွင့်မရှိ၊ အသက်ရှစ်နှစ်ထက်ငယ်သည့် ကလေးများ၊ ပူစီဖောင်း ဖောက်ခွင့်မရှိ။ အမှိုက်စုပ်စက်များ၏ လျှပ်စစ် ပါဝါကိုဝပ်အားမည်မျှထက် မပိုရဟု ကန့်သတ်ထားသည်။ ထိုသို့ အစစ အရာရာ ဥရောပစံကို လိုက်နာရန် သတ်မှတ်ထားသဖြင့် ရက်သတ္တတစ် ပတ်လျှင် ပေါင်ငွေသန်း ၆ဝဝ ခန့် အပိဆောင်းကုန်ကျနေရသည်ဟု ဗြိတိသျှနိုင်ငံရေးသမားတစ်ဦးက ဆို သည်။ (ယင်းပမာဏ မှန်၊ မမှန် ဆို သည်မှာ အငြင်းပွားနေဆဲဖြစ်သည်)
၃။ ဥရောပသမဂ္ဂသည် ဒီမိုကရေစီမကျဘဲ လုပ်ငန်းရှင်ကြီးများကို ပိုမိုအကာအ ကွယ်ပေးနေသည်။
၎။ ဥရောပမသဂ္ဂ၏ရည်ရွယ်ချက် ကောင်း သော်လည်း ယူရိုငွေကြေးမှာ ဒုက္ခဝန် ထုပ်ဝန်ပိုးကြီးဖြစ်သည်။ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းအပြီးတွင် ယူရိုငွေပြိုလဲလုမတတ် ဖြစ်၍ မနည်း ကျားကန်နေရသည်။ ဗြိတိန် မှာ ယူရိုဇုန်တွင် မပါ၍သက်သာသော် လည်း ဓားခုတ်ရာ လက်ဝင်မလျှိုသင့်။ ဥရောပသမဂ္ဂကို သူ၏ ယူရိုဒုက္ခနှင့် သူထားခဲ့၍ ကိုယ်လွတ်ရုန်းထွက်ခွာ သင့်သည်။
၅။ ဥရောပသမဂ္ဂကြောင့် ဗြိတိန်တွင် ပြောင်းရွှေ့ဝင်ရောက်လာသူများဖြင့် ဝန်ပိနေသည်။ ဤအချက်မှာ ဥရော ပသမဂ္ဂမှထွက်ခွာရန် လူထုကိုအများ ဆုံးလှုံ့ဆော်ပေးနိုင်သည့်အချက် ဖြစ် သည်။ ဥရောပသမဂ္ဂအတွင်း လွတ် လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့် ရှန် ဂျန်းသဘောတူညီချက်အရ ဆင်းရဲ သော အရှေ့ဥရောပနိုင်ငံများမှ လူ အများသည် လူမှုဖူလုံရေး ခံစားခွင့် ကြီးမားသောဗြိတိန်သို့ အဆက်မပြတ် ဝင်ရောက်လျက်ရှိရာ ၂ဝ၁၅ ခုနှစ် တစ်နှစ်တည်း၌ပင် ဝင်ရောက်လာသူ ပေါင်း သုံးသိန်းကျော်ကို လက်ခံခဲ့ရ သည်။ ယင်းတွင် ထက်ဝက်ခန့်မှာ အရှေ့ဥရောပမှ ဖြစ်သည်။ ထို့အပြင် ဥရောပသို့ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှဝင်လာသည့် ဒုက္ခသည် ဆိုသူများကိုလည်း လက်ခံရဦးမည် ဖြစ်သည်။ တူရကီကလည်း ဥရောပ သို့ဝင်ရောက်ရန်ခြေလှမ်းစနေရာ တူ ရကီအဖွဲ့ဝင်ဖြစ်သည်နှင့် ဥရောပနှင့် ဗြိတိန်သို့ ဝင်ရောက်အခြေချမည့် တူရကီနိုင်ငံသား အမြောက်အမြား ရှိလာမည်ဖြစ်သည်။ ထိုဝင်ရောက်လာ သူများက အလုပ်နေရာများကို ဝင် ရောက်လုယူခြင်းကြောင့် ဒေသခံဗြိ တိသျှများ၏ အလုပ်အကိုင်ရရှိမှုနှင့် ဝင်ငွေကို ထိခိုက်လိမ့်မည်ဟူသော စိုးရိမ်မှုက လတ်တလော အနေအစား ကျပ်တည်းနေသော လူထုကို ခွဲထွက် ရေးမဲဆွယ်မှုဘက်သို့ တွန်းပို့လိုက် ခြင်းဖြစ်သည်။
၆။ အကယ်၍ ဥရောပသမဂ္ဂသို့ ထည့် ဝင်ပံ့ပိုးနေရသော ငွေများကို လျှော့ချ နိုင်လျှင် ဗြိတိန်နိုင်ငံ၌ အကြီးအကျယ် ငွေလိုအပ်နေသော အမျိုးသားကျန်း မာရေးစနစ်ကဲ့သို့သော ကဏ္ဍများအ တွက် ပို၍အသုံးပြုနိုင်မည်။ ယင်းငွေ ပမာဏမှာ တစ်ပတ်လျှင် ပေါင်သန်း ၃၅ဝ ခန့်ရှိသည်ဟုဆိုသည်။ (ထိုအ ချက်မှာ အတိအကျမမှန်ပေ။ အမှန် တကယ်တွင် သန်း ၁ဝဝ ကျော်သာ ရှိသည်)

မည်သို့ပင် ဖြစ်စေ၊ ခွဲထွက်ရေးလှုပ် ရှားမှုခေါင်းဆောင်များက အပြောကောင်း သည်။ လူထု၏စိတ်ကို ထိခိုက်လှုပ်ရှား အောင် လုပ်ဆောင်နိုင်သည်။ ဆင်းရဲသား နှင့် လူလတ်တန်းစား အများစုကလည်း အစိုးရ၏ ချွေတာခြိုးခြံရေး အစီးအစဉ်များ ကြောင့် စားဝတ်နေရေး ကျပ်တည်းနေချိန် ဖြစ်ရာ အစိုးရကို အမြင်ကပ်သည့်အတွက် သူတို့ပြောသမျှယုံသည်။ ခွဲမထွက်ရေးအ တွက် ကမ္ဘာ့ဘဏ်၊ IMF ၊ ဥရောပသမဂ္ဂမှ အကြီးအကဲများနှင့် အမေရိကန် သမ္မတ အိုဘားမားအပါအဝင် ခေါင်းဆောင်များ၊ အသိပညာရှင်အတတ်ပညာရှင်များက မည်သို့ပင် ရှင်းပြနားချစေကာမူ နားမဝင် တော့ပေ။ ဤသို့ဖြင့် ဆန္ဒခံယူပွဲရလဒ်မှာ မမျှော် လင့်ဘဲ ခွဲထွက်ရေးဘက်သို့ အလေးသာ ကာ နှာတစ်ဖျားနှင့် အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ဘဲဟုဆိုသည်မှာ ခွဲထွက် ရေးမဲပေးခဲ့သူအများအပြားက ယင်းတို့အ နေဖြင့် အစိုးရကို မကျေနပ်မှုပြရုံအတွက် သာ ခွဲထွက်မဲပေးခဲ့ခြင်းဖြစ်ပြီး ခွဲမထွက် ရေးဘက်ကသာနိုင်မည်ဟု ယုံကြည်ခဲ့ ကြောင်း ပြောခဲ့ကြ၍ ဖြစ်သည်။

အကျိုးဆက်များ

ခွဲထွက်ရေးဘက်မှ အနိုင်ရပြီး နောက် ပေါ်ထွက်လာသော အကျိုးဆက်များမှာ မျှော်လင့်ထားသည့်အတိုင်း အကောင်းထက် အဆိုးဘက်က များနေသည်။ စီးပွားရေးအပိုင်းတွင် ဗြိတိသျှပေါင် စတာလင် ငွေတန်ဖိုးမှာ တစ်ပေါင်လျှင် ၁ ဒသမ ၅၃ ဒေါ် လာမှ ဇွန်လ ၂၄ ရက်နေ့ တွင် နှစ်ပေါင်း ၃ဝ အတွင်း အနိမ့်ဆုံးအ ဖြစ် ၁ ဒသမ ၃၂ ဒေါ်လာသို့ ထိုးကျသွား သည်။ ယူရိုငွေတန်ဖိုးလည်း အနည်းငယ် ကျဆင်းသွားသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ စတော့ရှယ်ယာဈေးကွက်မှာ Brexit ၏ ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်နိုင်သည့်အလားအလာကြောင့် သိသိသာသာ ကျဆင်းသွားသည်။ ကမ္ဘာ့ရွှေဈေးမှာ နှစ်နှစ်အတွင်း အမြင့်ဆုံးတစ်အောင်စလျှင် ၁၃၆၂ ဒသမ ၆ ဒေါ်လာအထိ မြင့်တက်သွားခဲ့သည်။ ထိုမှ အနည်းငယ်ပြန်ကျသွားသော်လည်း အခြေအနေမရေရာ မတည်ငြိမ်မှုများဆက်၍ဖြစ်ပေါ်နေပါက ဒေါ်လာ ၁၄ဝဝ ခန့်အထိ တဖြည်းဖြည်းတက်လာနိုင်သည်ဟု မှန်းဆနေကြသည်။

နိုင်ငံရေးအပိုင်းတွင် ဗြိတိန်မှာ လာမည့်လအနည်းငယ်တိုင်အောင် မတည်ငြိမ်မှု မရေရာမှုများနှင့် ရင်ဆိုင်နေရဖွယ်ရှိသည်။ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက လာမည့် အောက်တိုဘာလတွင် နုတ်ထွက်မည်ဟု ကြေညာထားပြီးဖြစ်သည်။ အာဏာရ ကွန်ဆာဗေးတစ်ပါတီအတွင်း၌ ခေါင်းဆောင်နေရာ ဆက်ခံရေးအတွက်အားပြိုင်မှုများ နှင့် စိတ်ဝမ်းကွဲပြားမှုများ ဖြစ်နေသည်။ အတိုက်အခံ လေဘာပါတီထဲတွင်လည်း Brexit နှင့်ပတ်သက်၍ စိတ်ဝမ်းကွဲကာ ပါတီတွင်း အာဏာလုမှုများ ပေါ်ပေါက်နေသည်။ ဥရောပသမဂ္ဂမှ ခွဲမထွက်လိုဘဲ ဗြိတိန်ထံမှသာ ခွဲထွက်လိုသော စကော့တလန် ပြည်နယ်က ယခင်တစ်ကြိမ် ရှုံးနိမ့်ခဲ့သည့် ဗြိတိန်မှခွဲထွက်ရေး ဆန္ဒခံယူပွဲကို ဒုတိယအကြိမ် ပြန် လုပ်ဆောင်ရန် ဆန္ဒပြင်းပြနေသည်။ ဗြိတိန်နိုင်ငံအတွင်း၌ပင် ဥရောပသမဂ္ဂမှ ခွဲမထွက်လိုသူ များက နောက်တစ်ကြိမ် Brexit ဆန္ဒခံယူပွဲတစ်ခု ထပ်မံကျင်းပရန် လက်မှတ်ရေးထိုးတောင်းဆိုလျက်ရှိရာ လက်မှတ်ပေါင်း ၂ သန်း ကျော်သွားပြီဖြစ်သည်။ ပညာရှင် အချို့က လာမည့် ၅ နှစ်အတွင်း ဗြိတိန်နိုင်ငံ၌ ပြိုကွဲမှုဖြစ်လိမ့်မည်ဟု ဟောကိန်းထုတ်ထားသည်။

ဥရောပသမဂ္ဂအတွင်း၌လည်း ဗြိတိန်ကို နမူနာယူ၍ ဥရောပ သမဂ္ဂမှခွဲထွက်ရန် စိုင်းပြင်းလာ နိုင်သည့်နိုင်ငံအချို့ရှိရာ ယင်းတို့ မှာ ပြင်သစ်နှင့်နယ်သာလန်တို့ ဖြစ်သည်။ ဥရောပတွင် လက်ယာစွန်း အမျိုးသားရေးဝါဒီများ ခေတ်စားလာနေရာ လာမည့်နှစ် ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် လက်ယာစွန်းအမျိုးသားပါတီ ခေါင်းဆောင်မာရီလပန်း အနိုင်ရရှိပါက ဥရောပသမဂ္ဂနှင့် ညောင် ညိုရိပ်မှလမ်းခွဲရန် ပို၍နီးစပ်ဖွယ်ရှိ သည်။ ဘယ်လ်ဂျီယံမှာမူ ”ဗြိတိန် ပြီးလျှင် နယ်သာလန်ပဲ”ဟုဆိုကာ ”Nexit” ဟူသည်ကိုြေ<ွကးကျော် လာခဲ့သည်။ အီတလီ၊ သြစတြေး လျ၊ ဒိန်းမတ် စသောနိုင်ငံများတွင် လည်း အလားတူဆန္ဒခံယူပွဲများ ပြုလုပ်ရေး တောင်းဆိုမှုများရှိလာ ခဲ့သည်။ ထို့ကြောင့် ဥရေပသမဂ္ဂ အတွင်း၌လည်း မတည်ငြိမ်မှု အလားအလာများတွေ့လာရသည်။

သုံးသပ်ချက်နှင့် ရှေ့အလားအလာ

Brexit သာ ဆက်၍လုပ် ဆောင်သွားပါက ဗြိတိန်နိုင်ငံ၏ စီးပွားရေးမှာ လာမည့်နှစ်တွင် ၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွား နိုင်သည်ဟု မှန်းဆမှုများရှိနေ သည်။ ပေါင်စတာလင်ငွေနှင့်ဗြိတိ သျှစတော့ရှယ်ယာဈေးများမှာ အနိမ့်ပိုင်းတွင် ဆက်၍ရှိနေသည်။ ဗြိတိသျှနိုင်ငံရေးမှာမူ မရေရာမှု၊ မတည်ငြိမ်မှုများနှင့် အကြီးအကျယ် တွေ့ကြုံရဖွယ်ရှိသည်။ စကော့တလန်ကစ၍ ခွဲထွက်ရေးကို ကြိုးစားဖွယ်ရှိသည်။ ယင်း၏ နောက်မှ မြောက်အိုင်ယာလန်လည်း ပါလာနိုင်သည်။ဥရောပသမဂ္ဂမှာမူ မပြေလည် သေးသော ဒုက္ခသည်ဝင်ရောက်မှု ပြဿနာ၊ အားနည်းသော ယူရို၊ သမဂ္ဂအတွင်း ဝါးအစည်းပြေမှုများနှင့် ရင်ဆိုင်လာရဖွယ်ရှိပြီး ဗဟိုထိန်းချုပ်မှုကို လျှော့ချလာရ ဖွယ်ရှိသည်။ ထိုသို့ လျှော့ချလိုက် လျှင်လည်း စုစည်းမှုအင်အားပြိုကွဲသွားပြီး နိုင်ငံတကာနှင့် ယှဉ် ပြိုင်နိုင်စွမ်း ကျဆင်းသွားဖွယ်ရှိသည်။ ဤသို့ဖြင့် Brexit သည် ဥရောပသမဂ္ဂ နိဂုံး၏နိဒါန်းဖြစ်သွားနိုင်သည်။ ကမ္ဘာ့မဟာဗျူဟာ အခင်းအကျင်းတွင် အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်သော ဥရောပအားနည်းမှုနှင့် အရှေ့အလယ်ပိုင်းပြဿနာ၊ ယူကရိန်းပြဿနာတို့သည် အမေရိကန်၏ မဟာဗျူဟာသြဇာအရှိန်အဝါကို စိန်ခေါ်မှုများ ဖြစ်လာနိုင်သည်။ အမေရိကန်သမ္မတ အပြောင်းအလဲတွင် ပြင်ပ၌ဝင်ရောက်စွက်ရေးဝါဒ ဟီလာရီကလင်တန် အနိုင်ရပါက ယင်းမဟာဗျူဟာ ထောင်ချောက်အတွင်းအမေရိကန်ကျဆင်းကျွံဝင်သွားနိုင်သည်။ ကမ္ဘာ့စီးပွားရေးတွင် ဗြိတိန် တစ်နိုင်ငံတည်း၏ ပြဿနာမှာ မှုလောက်စရာမဟုတ်သော်လည်း ဥရောပ၌ပါ စီးပွားရေးထိခိုက် လာပါက တစ်နွယ်ငင်တစ်စင်ပါ အမေရိကန်နှင့် တရုတ်ကိုထိခိုက် ပြီး ကမ္ဘာ့အဆင့်ကိုပါ အနည်းနှင့် အမျှ သက်ရောက်လာနိုင်ကြောင်း သုံးသပ်ရပါသတည်း။

ကိုကိုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*