ရန်ကုန်ကပြား

ရန်ကုန်ကပြား
July 4, 2016 Asian Fame

5:09 am
ရန်ကုန်ကပြား

kyu

ရန်ကုန်သည် မြန်မာတိုင်းရင်းသားလည်းမစစ်၊ မွန်တိုင်းရင်းသားလည်းမစစ်။ မွန် မြန်မာကပြားဖြစ်သည်။ မွန်မြန်မာကပြား ရန်ကုန်သည် သူ၏ခေါင်းကိုင်ဖခင် Godfather ၊ အညာမြေ ရွှေဘိုသားကြီး အလောင်းဘုရားဘွဲ့ခံ ဦးအောင်ဇေယျကို ထာဝစဉ်သတိတရ ကျေးဇူးသိမှတ်လျက်ရှိသည်။ ရန်ကုန်၏ မူလအမည်မှာ ဒဂုံ။ သို့သော် ရန်ကုန်မြို့၏အထင်ကရ၊ မြန်မာနိုင်ငံ၏ အထွတ်အထိပ် ဂုဏ်ကျက်သရေ။ တစ်ကမ္ဘာလုံးအတွက် အံ့ဖွယ်ရတနာတစ်ပါးဖြစ်သော စေတီတော်မြတ်ကြီး၏ ဘွဲ့မည်တော်ကို “လေးဆူဓာတ်ပုံရွှေတိဂုံ” ဟု ရေးနေကြသည်။ ဘာကြောင့် “ရွှေဒဂုံ” လို့ မရေးကြတာလဲဟု ရန်ကုန်ကပြားက မကျေမနပ် ဒေါပွနေသည်။ ထိုအခါ ရန်ကုန်ရှိ အမျိုးသားပြတိုက်ထဲမှ ရှေးဟောင်းဂန္တဝင် သတ်ပုံကျမ်း ပေစာအုပ်များက မှန်ဗီရိုကြီးများထဲမှာ မိမိတို့ အကျဉ်းကျနေကြရသည့် ဘဝများကို မေ့လျော့ကာ တအုန်းအုန်း ရယ်မောကြသည်။ ” ဟဲ့..ကပြားရန်ကုန်၊ Hybrid Yangon ဟု သရော်ကြသည်။

မွန်မြန်မာကပြားရန်ကုန်သည် ၁၈၅၂ ခုနှစ်တွင် စိတ်နှလုံးညှိုးချုံး ကြိမ်မီးအုံးသို့ သောကဗျာပါဒကြီးစွာ ခံစားခဲ့ရသည်။ ထိုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တပ်ဖွဲ့သည် ရန်ကုန်ရှိ မြန်မာခံတပ်များကို လက်နက်အသာ စီးဖြင့် ဝင်ရောက်တိုက်ခိုက်သည်။ ရန်ကုန်ကပြားကလေးသည် သွေးရဲ၊ သံရဲ အသုဘလူသေအလောင်းတွေ ကို မကြည့်ဝံ့သဖြင့် မျက်နှာကိုဝှက် ထားခဲ့သည်။ မြန်မာတပ်တို့ရှုံးနိမ့်ပြီး ဆုတ်ခွာလာရသောအခါ ရန်ကုန်ကပြား ရှိုက်ကြီးတငင်ငိြုေ<ွကးခဲ့သည်။

နယ်ချဲ့အင်္ဂလိပ်တို့က ရခိုင်၊ တနင်္သာရီနှင့် အောက်မြန်မာပြည်ကို သိမ်းပိုက်မိချိန်တွင် ရန်ကုန်ကပြား တုန်လှုပ်ချောက်ချားလာသည်။ မကြာမီ မိမိ၏ကပြားစစ်မှန်မှုကို ဖျက်ဆီးတော့မည့် အခြေအနေ၊ အလားအလာကို ရန်ကုန်ကပြား တွေ့မြင်နေရသည်။ နယ်ချဲ့အင်္ဂလိပ်သည် အိန္ဒိယသား ကျေးကုလား မြောက်မြားစွာကို မြန်မာပြည်ထဲသို့ သွတ်သွင်းလာရင်း ရန်ကုန်ကပြား ကိုယ်တိုင် ကျေးကုလားများနှင့် သွေးနှောခံရသည်။ နယ်ချဲ့အင်္ဂလိပ်က ရန်ကုန်ကပြားကို ” သွေးနှောတာ ဘာမှမဆန်းဘူးငါ့လူ။ ငါတို့အင်္ဂလိပ်တွေလည်း ကြုံရာမှာသွေးနှောတာပဲ။ စကော့ Scot တွေနဲ့သွေးနှောတယ်။ အိုင်းရစ် Irish တွေနဲ့သွေး နှောတယ်။ ငါတို့ကျွန်းစုရဲ့အပြင်က ဆိုရင် ပြင်သစ်တွေ၊ ဂျာမန်တွေနဲ့ တောင် သွေးနှောခဲ့တာပဲ။ ကပြားဖြစ်သွားတာ ဂုဏ်ငယ်စရာမရှိပါဘူး” ဟု အားပေးနှစ်သိမ့်စကားဆိုသည်။ မကြာမီ ရန်ကုန်ကပြားသည် နယ်ချဲ့ အင်္ဂလိပ်တွေ၊ ကျေးကုလားတွေနှင့် သွေးနှောကာ ရန်ကုန်မြို့လယ်ကောင်တစ်ဝိုက်၌၊ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများ၊ ဟိန္ဒူဝတ်ကျောင်းများ၊ မွတ်ဆလင်ဗလီများ အပြိုင်းအရိုင်းပေါ်လာသည်။ သိင်္ဂုတ္တရကုန်းတော် ပေါ်မှ ရွှေတိဂုံစေတီတော်မြတ်က ခပ်မဆိတ်နေတော်မူသည်။ ဆူးလေ ဘိုးဘိုးကြီးခမျာ ခရစ်ယာန်တို့၏ ဧမာနွေလဘုရားရှိခိုးကျောင်းနှင့် မွတ်ဆလင်ဗလီကြီးတစ်ခုကြားမှာ ပုဏ္ဏားတိုင်လိုလို ဘာလိုလိုနှင့် မလှုပ်မခြောက် ရပ်နေသည်။ ” ဟေး ..ဗိုလ်တထောင်၊ ကျွန်ုပ်ကို မကယ်နိုင်တော့ဘူးလား” ဟု အရှေ့အရပ် မလှမ်းမကမ်းမှာတည်ရှိနေသော ဗိုလ်တထောင်စေတီထံ ဆူးလေ ဘိုးဘိုးကြီးက လှမ်းအော်သည်။

ရန်ကုန်ကပြားသည် မိမိအဖြစ်ကို မိမိယူကျုံးမရ အပူလုံြး<ွကလျက်ရှိသည်။ တစ်မြို့လုံး မည်းမှောင်နေသည်ဟုထင်ရလောက်အောင် ကျေးကုလားတွေ ကြက်ပျံမကျစည်ကား နေပါရော့ကလား။ ကျေးကုလား သူဌေးတွေလည်းပါသည်။ ကျေး ကုလား ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တွေလည်း ရှိကြသည်။ ဇာတ် နိမ့်တွေက ရေနှင့် မိလ္လာဌာနကို တာဝန်ယူကြသည်။ ရန်ကုန် ဆေး ရုံကြီးတွင် ဆရာဝန်မှအစ၊ တံမြက်လှည်းသမား ဂျာရူးဝါးလားအထိ ကျေးကုလားတွေသာ ကြီးစိုးသည်။ ဆေးရုံရင်ခွဲတိုက်ကို ပြေးကြည့် လိုက်ဦး။ အလောင်းကို လိုအပ်သလို ခွဲစိတ်လှီးဖြတ်ပေးနေသူမှာ ကျေးကုလား။

” အိမ်း..မောင်မင်းတို့ရောက်လာကြတာ တော်တော်ကလေး ဟန်ကျသကွယ်။ ငရို့ တကောင်း အဘိရာဇာ သာကီနွယ်ဗမာတွေက မင်းတို့ အခုလုပ်နေကြတဲ့ အလုပ်မျိုး ကို ကမ္ဘာဦးအစ၊ မဟာသမ္မတမင်း လက်ထက်ကတည်းက လုပ်ခဲ့ကြတာမဟုတ်ဘူး” ရန်ကုန်ကပြားက မသိမသာြ<ွကား၍ ကျေးကုလားကို နှိမ်သည်။ နောင် နှစ် ၁ဝဝ ကျော်မျှကြာသောအခါ ရှေးက ကျေးကုလားတို့လုပ်သွားသော အလုပ်များကို ကိုယ့်ဘာသာ ကိုယ်ရွှေဘွဲ့ခံခဲ့ကြသည့် ရွှေဗမာတွေ ကိုယ်တိုင်လုပ်နေကြရတော့သည်။ ကိုလိုနီခေတ်ဦးပိုင်းတွင် ရန်ကုန်ကပြား ကြိုတင်စိုးရိမ်မိသကဲ့ သို့ ရန်ကုန်မြို့တွင် ကျေးကုလားတို့ လွှမ်းမိုးလာကြသည်။ ဆိပ်ကမ်းကူလီ လောကမှာ ကျေးကုလားတွေ ကြီးစိုး ထားကြသဖြင့် ပြဿနာဖြစ်ကြသော အခါ အင်အားနည်းသော ရွှေဗမာ ကူလီတွေ ထိပ်ပေါက်ခေါင်းကွဲ၊ သွေးရဲသံရဲဖြစ်ကုန်ကြသည်။ နောင် တစ်ချိန်၌ ဘာသာရေးဝေဖန်မှုပါ သော “အနာကာလီ” အမည်ရှိ အိန္ဒိယရုပ်ရှင်၏ ပယောဂကြောင့် ရန်ကုန်တွင် ကျေးကုလားအချင်း ချင်းပင် ဖြစ်ကြလင့်ကစား ဟိန္ဒူနှင့် မွတ်ဆလင်တို့ ရိုက်ပွဲဆင်နွှဲကြလေသည်။

ကျေးကုလားတို့နှင့် မရှေးမနှောင်းကာလမှာပဲ မြန်မာနိုင်ငံ၏ အရှေ့မြောက်နှင့် အရှေ့ဘက်လမ်း ကြောင်းများကနေ “အီးစံကွားလား၊ ဘိုကွားလား” ဟု သံပြိုင်ဟစ်အော်ကာ အသားဝါ “စိန” လူမျိုးတွေ အအုံလိုက်၊ အခဲလိုက် တိုးဝင်လာကြကာ ရန်ကုန်အနောက်ပိုင်းမှာ နေရာယူ စုဝေးလိုက်ကြသည်။ သူတို့က အစွန်းရောက်စီးပွားရေးဝါဒီတွေ ဖြစ်ကြသည်။ စီးပွားရေးတွင် သမာအာဇီဝ၊ မိစ္ဆာအာဇီဝဟူ၍ မခွဲခြား။ အကျိုးအမြတ်ရရှိရေးသာပဓာန။ သို့ဖြင့် ရန်ကုန်ကပြားသည် စိန တို့၏ ပျော်ပွဲစားရုံ၌ စိမ်ရည်ကိုလည်း သောက်မျို၏။ ကွမ်းပုံကိုလည်း မီးမြှိုက်ရှူသွင်း၏။ “ကွိတ်”ဟုခေါ် သော လူနတ်သမီးတွေနှင့်လည်း မွေ့လျော်၏။ ငွေစကြေးစရွှင်သောအခါ စိနတို့၏ လေးကောင်ဂျင်ဝိုင်းမှာ ကံစမ်း၏။

သို့ဖြင့် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သောအခါ ရန်ကုန်ကပြားမှာ ကပြားအစစ်အမှန် မဟုတ်တော့ဘဲ ကကတစ်လိုလို၊ ကသပေါင်းလိုလို ဖြစ်လာတော့ သည်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆ဝ ကျော်လာသောအခါ ရန်ကုန်ကပြားသည် Globalization တံခါးမရှိဓားမရှိ စီးပွားရေးလှိုင်းလုံးကြီးထဲမှာ အလိုက်သင့်ရွေ့မျောရင်း သူ့ကိုယ်သူ ပြန်ကြည့်လိုက်သောအခါ မွန်မြန်မာ ကပြားမဟုတ်တော့ဘဲ ဥရောပယဉ်ကျေးမှုနှင့် အာရှ ယဉ်ကျေးမှုတို့ အချိုးမညီစွာ ပေါင်းစပ်ထားသော သတ္တဝါတစ်ကောင် ဖြစ်နေကြောင်း အထိတ်တလန့် တွေ့ ရှိလိုက်ရသည်။

ရန်ကုန်ကပြားသည် မဟာ ဗန္ဓုလပန်းခြံ မြောက်ဘက်အဝင် လှေကားထစ်များပေါ်မှာထိုင်ရင်း တရုတ်ပြည်မှထုတ်လုပ်သော အမေရိကန်စီးကရက်ကို ဖွာရှိုက်နေ သည်။ စီးကရက်ဖွာရှိုက်ရင်း ရန်ကုန် ကပြားက မြို့တော်ခန်းမအဆောက် အအုံကြီးကို လှမ်းကြည့်ပြီး ပြုံးလိုက်သည်။ “အသင့်ဒီဇိုင်းကလည်း အကျွန်ုပ်လိုကပြားပါပဲ” ရန်ကုန်ကပြားက ပန်းခြံထဲသို့ လှည့်ကြည့်လိုက်ပြန်သည်။ အတွဲတစ်တွဲသည် ထီးကလေးကွယ်၍ ဥရောပအနမ်းပုံစံဖြင့် လောကကြီး ကို မေ့နေကြသည်။ ရန်ကုန်ကပြား မျက်စိလွှဲလိုက်သောအခါ တိုယိုတာ ကုမ္ပဏီမှထုတ်လုပ်သော ကပြားကားတစ်စီးက သူ့ရှေ့လာရပ်ကြောင်း တွေ့ရသည်။ ကားထဲကနေ အမေရိကန်မြန်မာကပြား သီချင်းတစ်ပုဒ်ကို ကပြားအဆိုတော်တစ်ယောက် သီဆိုသည့် သီချင်းသံက ရန်ကုန်ကပြား၏သောတအာရုံကို လာရောက်ပွတ်သပ်သည်။ “ကပြားတွေချည်းပဲ..ကပြား တွေချည်းပဲ။ ဘာမှမစစ်တော့ဘူး” ဟု လည်ချောင်းသံကြီးဖြင့် အော်ဟစ်ရင်း ရန်ကုန်ကပြားသည် မဟာ ဗန္ဓုလလမ်းမကြီးပေါ်သို့ ရူးကြောင် မူးကြောင်ဖြင့် ထွက်ပြေးသည်။ သူ့ကို ကားရှင်းစဉ်တစ်ရှိန်ထိုးမောင်းနှင် လာသော ဂျပန်တရုတ်ကပြား ဆလွန်းကားတစ်စင်းက တည့်တည့် ကြီးဝင် “အောင်း” လိုက်တော့သည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*