ဗိုလ်ချုပ် နှင့် မမေ့နိုင်စရာများ

ဗိုလ်ချုပ် နှင့် မမေ့နိုင်စရာများ
July 4, 2016 Asian Fame

4:52 am
ဗိုလ်ချုပ် နှင့် မမေ့နိုင်စရာများ

bog

နတ်မောက်မြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ကျွန်တော်ရောက်ချင်နေတာကြာလှပြီ။ ဒါပေမဲ့ ဒီနှစ်မှပဲ ရောက်ဖြစ်တော့တယ်။ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်တုန်းက လူငယ်စာနယ်ဇင်းသမားတွေ သွားကြတော့ ကျွန်တော်ဖြင့် လိုက်ချင် သွားချင်လိုက်တာ။ ရူးလို့။ သူတို့ရောက်တဲ့ ပုံရိပ်တွေ စာနယ်ဇင်းမျက်နှာတွေမှာ မြင်ရတော့ ကျွန်တော့်ရင်ထဲထိတယ်။ တကယ်ပဲ။ အခု ကျွန်တော်ရောက်တာက မမျှော်လင့် မထင်မှတ်ဘဲမို့ ဝမ်းသာ လိုက်တဲ့ဖြစ်ခြင်း။ မမေ့နိုင်စရာပါပဲ။

ရောက်မယ့် ရောက်တော့ မမျှော်လင့်ဘဲ ရောက်ရတယ်ဆိုတာကသွားတဲ့ခရီး ဦးတည်ချက်က တစ်မျိုးပါ။ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ နယ်၊ ရေကျော်ရွာမှာ သဒ္ဓါဓိက ဆု တောင်းပြည့်စေတီတော် ထီးတင်ပွဲ ရှိလို့ ခရီးထွက်လာတာပါ။ ကျွန်တော့်မိသားစုအပါအဝင် လူ ၃ဝ တောင်ပါတယ်။ကျွန်တော်တို့မန္တလေး ကထွက်လာပြီးလမ်းရောက်တော့ ကျွန်တော့်သား မောင်တင်ကိုဦးက နတ်မောက်မြို့ ဗိုလ်ချုပ်ပြတိုက်ကိုဝင်ဖို့ စီစဉ်ပါတယ်။ အဲဒီ အစီ အစဉ်ကို ကြေညာလိုက်တော့ အားလုံးဝမ်းသာသွားကြတယ်။ ကျွန်တော်ဆိုတာကတော့ ပြောမနေနဲ့ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။ ကျွန်တော်ငယ်ကတည်းက တောင့်တခဲ့တဲ့ခရီးပါ။ ကျွန်တော်ကချောက်မြို့မှာမွေးတဲ့သူပါ။ ပြီးတော့ အထက် တန်းကျောင်းသားဘဝမှာ ကျောင်းသား သမဂ္ဂအမှု ဆောင်အနေနဲ့ရေနံချောင်းမြို့တို့ မကွေးမြို့တို့ကိုရောက်နေကျဖြစ်ပါတယ်။ ဒါပေမဲ့နတ်မောက်မြို့မှာ ရှိတဲ့ ဗိုလ်ချုပ်တို့ ငယ်စဉ်က နေထိုင်ခဲ့တဲ့ အိမ်ကိုမရောက်ဖြစ်ခဲ့ဖူးပါဘူး။၁၉၄၉၊ ၁၉၅ဝ၊ ၁၉၅၁-၅၂ နှစ်တွေမှာပါ။

အခု ကျွန်တော်တို့ ရောက်ကြ တဲ့နေ့က မတ်လ ၂၂ ရက် မနက် ပိုင်းမှာဖြစ်ပါတယ်။ ဝမ်းသာအားရပဲ ပြတိုက်လုပ်ထားတဲ့ အိမ်ကြီးထဲ ဝင် ကြတယ်။ အိမ်ထဲရောက်တယ်ဆိုရင် ပဲ ဗိုလ်ချုပ်ရဲ့အသံကို ကြားရတယ်။ ဗိုလ်ချုပ်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ဖွင့်ထားတာပါ။ ရောက်ရောက်ချင်း တော့ အိမ်ရှေ့စားပွဲမှာ တင်ထားတဲ့ ဧည့်မှတ်တမ်းမှာ ကျွန်တော် လက် မှတ်ထိုးတယ်။ ကျွန်တော့်မြေးက လေး မောင်ဖြိုးခန့်က ဓာတ်ပုံရိုက် တယ်။ အိမ်အတွင်း ခန်းထဲမှာ တော့ ဗိုလ်ချုပ်အောင်ဆန်း လှုပ်ရှားမှု ဓာတ်ပုံတွေ ချိတ်ဆွဲပြသထားတော့ အဲဒါတွေကို လိုက်ကြည့်ကြတယ်။ ကျွန်တော့်လက်ထဲမှာ အသံယူ၊ သိမ်းနိုင်တဲ့ ပစ္စည်းကလေးပါတယ်။ ကျွန်တော်လိုချင်တဲ့ ဓာတ်ပုံနေရာ ရောက်တဲ့အခါ ကျွန်တော်က ဓာတ်ပုံစာကို အသံထွက်ပြီး ဖတ်တယ်။ “ကချင်ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း -၁၉၄၆ ခုနှစ်နိုဝင်ဘာလ ၂၈ ရက် မြစ်ကြီးနားမြို့” ၊ နောက် တစ်ပုံကတော့ “ပင်လုံညီလာခံအား လာရောက်လေ့လာသော နိုင်ငံခြား သား ဧည့်သည်များနှင့်အတူ”။ အိမ်တွင်းက ပုံတွေကြည့်ပြီး ကျွန်တော် အိမ်နောက်ကိုသွားချင်တယ်ဆိုလို့ လိုက်ပို့ကြတယ်။ ကျွန်တော်က “နောက်ပြန်လှည့်ချင်တယ်” ပြောလို့ ခဏရပ်ကြတယ်။ အိမ် နောက်ပိုင်းကို မြင်ရတယ်။

“တိုင်ကြီးတွေနော်၊ ရေနံသုတ်ထားတယ်”
“အခုဟာက ပြန်ပြင်ဆောက်ထားတာ”
“အေး – ကြာရှည်ခံအောင်လုပ်ရမယ်”

ပြီးတော့ ကျွန်တော်တို့ ခရီးဆက်ကြတယ်။ မကွေးတံတားကြီးကို ဖြတ်တယ်။ တံတားပေါ်က အောက်ကိုလှမ်းကြည့်တော့ ဧရာဝတီမြစ်က သောင်တွေ ထွန်းနေတယ်။ ကျဉ်းလိုက်တာ။ လှစ်ခနဲ လှစ်ခနဲ လှပ်ခနဲ အတွေးစနဲ့ ခရီးဆက်နေပါတယ်။ ခရီးက မမေ့နိုင်စရာ …။

မမေ့နိုင်စရာကစလို့

ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လို့ ကျွန် တော်တို့မှာ မမေ့နိုင်စရာအကြောင်း အရာလေးများ ငယ်ဘဝကတည်းက ရှိနေခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများ လုပ်ကြံခံလိုက်ရတဲ့အခါကဆိုရင် ကျွန်တော့်အသက် ၁၃ နှစ် သား ရှိသေးတယ်။ ဆယ်ကျော်သက် အရွယ်ပေါ့။မမေ့နိုင်စရာ အကောင်းဆုံး အဖြစ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းက သူမကွယ်လွန်မီ ကလေးမှာ ကျွန်တော့်မိဘ ညီအစ်ကိုများနဲ့ ကျွန်တော်တို့ မြို့လူထုကို လာနှုတ်ဆက်သလို ဖြစ်ခဲ့ရတဲ့ အဖြစ်ပါပဲ။ ဟုတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်တော့် မွေးရပ် ချောက်မြို့ကို ၁၉၄၇ ခုနှစ် မတ်လ ၂၇ ရက်နေ့ မှာ ရောက်ခဲ့တာပါ။ လူထုတရားပွဲ ကြီး ကျင်းပသွားတာပါ။ သူ့ပြည်သူ ဖြစ်တဲ့ ချောက်မြို့လူထုကို သူပြော စရာရှိတာ ပြောရင်း လမ်းညွှန်စရာ ရှိတာကို ညွန်းဆိုဟောပြောသွား တာပါ။ ကိုင်း..တွက်ကြည့်၊ ဘာ ကြာလိုက်လဲ၊ ချောက်ကို မတ်လမှာ လာ၊ ဟော၊ ပြော ညွှန်၊ ပြန်သွား၊ ဇူ လိုင်လမှာ လုပ်ကြံခံရဆိုတော့ ဗိုလ် ချုပ်အောင်ဆန်းနဲ့ နိုင်ငံခေါင်းဆောင် တွေ လုပ်ကြံခံလိုက်ရတယ်ဆိုတော့ တစ်ပြည်လုံး ဝမ်းနည်းပူဆွေး ယူကျုံး မရ လွမ်းမျက်ရည်ကျကြရတဲ့အဖြစ် ကို ကျွန်တော်တို့ လူငယ်ဘဝ နုနယ်လှတဲ့အရွယ်မှာ ကြုံရပြီးတဲ့နောက်။ စာနယ်ဇင်းလောကထဲ ကျွန်တော် ရောက်လာတဲ့အခါ၊ လေ့လာ၊ တွေး ဆ၊ ရေးရသားရတာတွေ ထိတွေ့လာ ရတယ်။ တင်ပြစရာရှိတာကို ကိုယ့်အမြင် ကိုယ့်အယူအဆနဲ့ကိုယ် တင်ပြရေးသားခဲ့တယ်။ အခုလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ တင်ပြတဲ့အခါဗိုလ်ချုပ်ကိုအထွတ်မှာ ပဲတင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။

အခုလို ဖွဲ့စည်းတင်ပြဖြစ်စေတဲ့ အကြောင်းရင်းခံကလည်း ဗိုလ်ချုပ် အောင်ဆန်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ ငယ်ငယ်က စာတွေ့ကနေ စရမယ်ထင်ပါရဲ့။ ဖတ်ကြည့်ပါဦး။ ၁၉၄၇ ခုနှစ်၊ မတ်လ ၂၇ ရက် နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ချောက် မြို့ကိုလာတယ်။ ကိုယ်ရံတော် ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း) လည်း ပါတယ်။ ၂၆ ရက်ညက ဗိုလ်ချုပ်တို့ စဥ့်ကူမြို့မှာအိပ်တယ်။ သူတို့ ပခုက္ကူ မြို့က ခရီးဆက်လာတာဖြစ်တယ်။ ချောက်ရောက်တော့ အဲဒီတုန်းက နာမည်ကြီးနေတဲ့ သံပြားသတင်းစာကို သွားကြည့်တယ်။ သူများပြောတဲ့ သတင်းက မကြည့်မဖြစ်လို့ သွားကြည့်တာပဲ။သံပြားသတင်းစာဆိုတာ ချောက်မြို့ဈေးအနောက်ဘက်မှာ စိုက်ထူထားတဲ့ သံပြားဆိုင်းဘုတ်ကြီး။ အဲဒီသံပြားမှာ ရဲဘော်လူထွက် ရဲဘော်သံခဲဆိုသူက ချောက်မြို့မှာ မတော်မတရားလုပ်ကြတဲ့ သတင်းတွေကိုရွေးပြီး မြေဖြူခဲနဲ့ရေးသားတင်ပြတယ်။ မတော်မတည့်၊ မမှန်မကန်၊ မသင့်မလျော်မလုပ်လေနဲ့။ လုပ်လို့ကတော့ အဲဒီသံပြားသတင်း စာပေါ် ရောက်ပြီသာမှတ်။ ကျွန် တော် သံပြားသတင်းစာအကြောင်း ကို ၂ဝဝ၁ ခုနှစ်၊ သြဂုတ်လထုတ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာ ရေးသားတင်ပြဖူးတယ်။

ဗိုလ်ချုပ်တို့ ချောက်ရောက် တုန်း ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ သတင်းသံပြားသတင်းစာမှာ ရေးထားတယ်ဆိုတော့ ဗိုလ်ထွန်းလှက သွားကြည့်တယ်။ သံပြားသတင်းစာမှာ ရေးထားတာက “မြို့မျက်နှာဖုံးတွေက ဗိုလ်ချုပ်ကို ညာတော့မယ်” တဲ့။ အကြောင်းက ဒီလို။ ကန်ထရိုက်တာ မစ္စတာဂျမ်းတိုက်မှာ မြို့ပေါ်က လူတချို့က ဗိုလ်ချုပ်ကိုထမင်းပွဲနဲ့ ဧည့်ခံဖို့ စီစဉ်ထားတယ်။ ဘီအိုစီ ကုမ္ပဏီ အလိုတော်ရိတချို့နဲ့ ကုန်သည်ပွဲစားတချို့က စီစဉ်ထား တယ်ဆိုတာသိလို့ သံပြားသတင်းစာ အယ်ဒီတာ ရဲဘော်သံခဲက ရေးလိုက်တာ။ ဒါကို ဗိုလ်ထွန်းလှကသွားကြည့်ပြီး ဗိုလ်ချုပ်ကိုအကျိုးအကြောင်းပြောပြတော့ ဗိုလ်ချုပ်က ချောက်မြို့ ဗဟိုကွက်သစ်မှာရှိတဲ့ ပီပါခွံတွေကာရံပြီး တည်ဆောက်ထားတဲ့၊ ပြီးတော့ ဝါးကပ်မိုးထားတဲ့ တန်းမြင့်ကျောင်းကွင်းပြင်မှာ စုရုံး ရောက်ရှိနေကြတဲ့ လူထုဆီတန်းသွား တယ်။ အဲဒီတုန်းက အဲဒီကျောင်းမှာ ပညာသင်နေတာပါ။ ၁၉၄၇ ခုနှစ်ဆိုတော့ ကျွန်တော့် အသက် ၁၃ နှစ်ပဲရှိသေးတာပေါ့။ ကျွန်တော်တို့လည်း ဗိုလ်ချုပ်ပရိသတ်ပေါ့။

အဲဒီလူထုတရားပွဲမှာ အစ်ကိုလှ (စာရေးဆရာ ဌေးမောင်) က အခမ်းအနားမှူးလုပ်တယ်။ အစ်ကိုလှက ကျွန်တော့်အစ်ကို ရဲဘော် သန်းရွှေ (စာရေးဆရာ မောင်သစ်) နဲ့ ရေးဖော်ရေးဖက်တွေပါ။ လူထုတရားပွဲမှာတော့ ဗိုလ်ချုပ်က ညီညွတ်ဖို့အရေးကြီးကြောင်း၊ ညီညွတ်မှ လွတ်လပ်ရေးရမှာဖြစ် ကြောင်း၊ အလုပ်လုပ်ကြရမယ်ဖြစ် ကြောင်း၊ အလုပ်မလုပ်ဘဲနဲ့တော့ လည်း ဘာမှရမှာမဟုတ်ကြောင်း ပုံပြင်ကလေး ဥပမာဆောင်ပြီး ဟောပြောသွားတယ်။ ဗိုလ်ချုပ်က လူတစ်ယောက်ရှိတယ်။ အဲဒီလူတစ်ယောက်ဟာ သူ့ကို ဗေဒင်ဆရာက ဘုရင်ဖြစ်မှာဆိုပြီးဟောလိုက်လို့ တစ်နေ့ ဘုရင်ဖြစ်မှာပေါ့၊ ဒီတော့ တစ်နေ့ ဘုရင်ဖြစ်မှာဆိုပြီး ဘုရင်ရူး ရူးနေတယ်။ ဘာမှမလုပ်ဘဲ ပြောရုံ သာ ပြောနေလိုက်တာ။ ဒီလိုနဲ့ ဘာမှ မဖြစ်ဘဲ တစ်နေ့တော့ လမ်းဘေးမှာ သေပါလေရော။ ဘုရင်ကတွေ့တော့ အကျိုးအကြောင်းမေးပြီး သူ့မကိုဋ် ကိုဆောင်းပေးလိုက်တယ်။ ဒါကြောင့် ဘာမှမလုပ်တော့ ဘာမှ မဖြစ်ဘဲ သေခါမှ ဘုရင်ဖြစ်လေရဲ့။ ဒါကြောင့် ဒီပုံပြင်ကို သတိမူကြပါ။ အလုပ်လုပ် မှဖြစ်မယ်။ အလုပ်လုပ်ကြပါ စသဖြင့် ဗိုလ်ချုပ်က ဟောပြောသွားတယ်။ တရားဟောပြောပြီးတော့ ဗိုလ်ချုပ်က သူ့ထုံးစံအတိုင်း ပွင့်ပွင့်ရိုးရိုးပဲ ” ဆာတယ်ဗျာ၊ ဘာစားစရာရှိသလဲ” လို့ မေးတယ်။ အဲဒီတော့ အနားမှာရှိတဲ့ အမျိုးသမီးခေါင်းဆောင်ဒေါ်တင် ရွှေက ရှိတဲ့ဘူးသီးကြော်နဲ့ ဖာလူဒါ ယူတဲ့ပြီး ဧည့်ခံလိုက်တယ်။ ဒေါ်တင် ရွှေဆိုတာ ကျွန်တော်တို့ အစ်မကြီးလိုခင်လို့ ကျွန်တော်တို့က အစ်မကြီး လို့ပဲခေါ်ပါတယ်။

ဒီအကြောင်းကို ၂ဝဝ၁ ခုနှစ်၊ အောက်တိုဘာလထုတ်ရုပ်ရှင် တေးကဗျာမဂ္ဂဇင်းမှာ ရေးခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်လို့ ကျွန် တော်တို့တစ်တွေ မမေ့နိုင်တဲ့ အကြောင်းတစ်ခု ရှိပါသေးတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကပါပဲ။ ချောက်မြို့၊ ဗဟိုကွက်သစ် တန်းမြင့် ကျောင်းမှာ ကျောင်းနေတုန်းကပါ။ မမေ့နိုင်တဲ့ ဆရာတစ်ဦး ရှိဖူးပါ တယ်။ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇံပါ။ ဒီဆရာကြီးက ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်က ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဆရာ ဖြစ်ခဲ့ပါတယ်။ ရေနံချောင်းမှာပေါ့။ဆရာကြီး ဦးကျော်ဇံကျွန်တော်တို့ ကျောင်း အုပ်ဖြစ်လာတဲ့အခါ ဆရာပြောဖူးတဲ့ စကားတစ်ခွန်းကို မှတ်မိ နေပါတယ်။ “အောင်ဆန်းနဲ့ ငါနဲ့ တွေ့တော့ ပြော တယ်ကွ။ စစ်သားလုပ်မလား” တဲ့။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆရာ ကြီးဦးကျော်ဇံနဲ့ တွေ့ဆုံရာက ပြောစကားကို ကြားယောင်နေမိပါရဲ့။ကျွန်တော်တို့နဲ့အတူ စာရေး ဆရာမင်းကျော်၊ စာရေးဆရာကာတွန်းဆရာရေနံမြေအောင်ဖေ တို့တစ်တွေဟာ ဆရာကြီး ဦးကျော်ဇံ ရဲ့တပည့်များဖြစ်ကြပါတယ်။ ဒီအကြောင်းကို ရေနံမြေ အောင်ဖေက မှတ်တမ်းတင်ဖူးတယ်။

” ဟာသတစ်ပုဒ်ကို ဖတ်ဖူးပါတယ်။ “ငါက ဗိုလ်ချုပ်အောင်ဆန်း နဲ့ တက္ကသိုလ်မှာ အတူတူကွ”လို့ ဆိုပါတယ်။ဘယ်မှာလဲလို့မေးတော့.. “ပုဂံဆောင်မှာ” လို့ဖြေတယ်။ သူက စားဖိုဆောင်ကဆိုတော့ ထမင်းစားဖို့လာတဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူက ထမင်းစားဆောင် (ပန်းကန်ပြားရှိရာ ပန်းကန်ဆောင် = ပုဂံဆောင်) မှာ အတူတူနေခဲ့တာ လို့ ပြောခြင်းကိုသတိရပါတယ်။ မင်းကျော်တို့၊ ကျွန်တော်တို့ သည် ကြံဖန်ပြောကြစတမ်းဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်တော် တို့သည် တစ်ဆရာတည်းဖြစ်ပါသည်ဟု ပြောနိုင်ပါသည်။ ချောက်မြို့ကို ရဲဘော်များသိမ်းပြီး ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇံ (ဗိုလ်ချုပ်အောင်ဆန်း၏ဆရာ) သည် ရဲဘော်များနှင့် လိုက်ပါသွားပါသည်။ ထိုစဉ်က ချောက်မြို့ရှိ ကျောင်းသူ၊ ကျောင်းသား အားလုံးတို့က “တို့တစ်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တစ်ဆရာတည်း တပည့်များ” ဟု ပြောနိုင်ကြသည်ချည်း ဖြစ်ပေသည်။” (ရေနံမြေအောင်ဖေရဲ့ ကျွန်တော်တို့ နှင့် မင်းကျော် စာအုပ်စာမူမှ)

ချောက်မြို့ ဗဟိုကွက်သစ်တန်းမြင့်ကျောင်းမှာနေတုန်း ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး ၃ နှစ်လောက်အကြာမှာ အာဇာနည်နေ့ စာပေပြိုင်ပွဲကျင်း ပတယ်။ ကျွန်တော်က ကဗျာဝင်ပြိုင် တယ်။ ဆရာ ဦးအောင်ကိုး သင်ပေး တဲ့ ဟိုက္ကူ ကဗျာစပ်နည်းအတိုင်း ရေးပြီး ပြိုင်ပွဲဝင်ခဲ့တာပါ။ ကဗျာက-ဗိုလ်ချုပ်ရုပ်သွင် စိတ်ဝယ်ထင်သည် ဘယ်တွင်မေ့နိုင်လိမ့်တကား ..တဲ့။ ကျွန်တော် တတိယဆုရခဲ့တယ်။ ဒါကလည်း ဗိုလ်ချုပ်နဲ့ပတ်သက်လို့ မမေ့နိုင်စရာပါပဲ။ ကျွန်တော့်အဖို့ ပြောတာပါ။

မောင်သစ်လွင် (လူထု)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*