မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို) အမှုဆောင်သစ်ထံသို့ လက်ရှိအမှုဆောင်အဖွဲ့မှ တာဝန်ဝတ္တရားများ တရားဝင်လွှဲပြောင်းပေးအပ်

Share

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) အမှုဆောင်သစ် ၂ဝ၁၂ထံသို့ လက်ရှိအမှု ဆောင်အဖွဲ့မှ တာဝန်ဝတ္တရားများတရားဝင် လွှဲပြောင်းပေးအပ်ခြင်းကို စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၁၁နာရီက မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားတွင် ယခင်အမှုဆောင်အဖွဲ့၏ လုပ်ငန်း တာဝန်များနှင့် စာရွက်စာတမ်းများကို ၂ဝ၁၂ အမှုဆောင်အဖွဲ့သစ်ထံသို့ လက်ရှိအတွင်း ရေးမှူး ဦးကိုကိုလွင်မှ လွှဲပြောင်းပေးအပ်ခဲ့သည်။ လွှဲပြောင်းပေးအပ်သော ပစ္စည်းများတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး အဆောက်အအုံအပါအဝင် ယခင်အမှုဆောင်အဖွဲ့မှ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမှ အစ အထွေထွေ စာရွက်စာတမ်း ငွေစာရင်းများပါဝင်သည်။ လွှဲပြောင်းပေးအပ်သော ငွေစာရင်းများမှာ ဘဏ်များတွင် အပ်နှံထားသော အစည်းအရုံး ရန်ပုံငွေ ကျပ် ၈၄၉၄ဝ ၂၈၄  ဒသမ ၅ဝနှင့် FMများမှ ရရှိထားသော အနု ပညာကြေးပေါင်း ကျပ် ၁၁၆၁၂၉၉၄၈ဒသမ ၄ဝ ဖြစ်သည်။ ယခု ၂ဝ၁၂ခုနှစ်တွင် အသစ် ဖွဲ့စည်းလိုက်သည့်အမှုဆောင်အဖွဲ့မှာ စတုတ္ထ သက်တမ်းဖြစ်ပြီး ၁၉၉၁ခုနှစ်က စတင်ခဲ့သော ဂီတအစည်းအရုံး၊ပထမနှင့် ဒုတိယသက်တမ်းတွင် အကော်ဒီယံအုန်းကျော်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဦးမောင်မောင်လတ်က တတိယသက်တမ်းတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ယခုစတုတ္ထသက်တမ်းတွင်မူ ဂီတလောကသားများ၏ ရွေးကောက် တင်မြောက်မှုအရ ကာလပေါ်အလွှာမှ ဦးတင်ဦးလေးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး တေးသံရှင်ဖြူဖြူကျော်သိန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
”ဒီနေ့အစည်းအရုံးက စာရင်းတွေ လွှဲပေးလိုက်တဲ့အခါမှာ တွေ့ရတာကတော့ ဂီတလောကသားများရဲ့ချွေးနည်းစာတွေ၊ ရစရာတွေ  အများကြီးကျန်နေသေးတဲ့ကိစ္စ အခု ကိုယ်တွေ အားလုံးရဲ့ ခေါင်းပေါ်ရောက် သွားပြီပေါ့နော်။ ဒါတွေကိုပဲ မှန်မှန်ကန်ကန် နဲ့ ရနိုင်အောင်လို့ ပြေပြေပြစ်ပြစ်တောင်းဆို ပေးရတော့မှာပေါ့ လေ။ တချို့အဖွဲ့ အစည်းများဆိုရင် ပေးပါမယ်ဆိုတဲ့ ကတိတချို့တော့ ရထားပြီးပြီ။ ဒါပေမဲ့ ကျွန်မတို့အစည်းအရုံး အသစ်နဲ့တော့ မဟုတ်သေးဘူးဆိုတော့ ဒါလေးတွေကိုလည်း ဒီတစ် ပတ် ၂ပတ်အတွင်း မှာတော့ ပြေပြေလည်လည်နဲ့ စတင်ပြီးတော့ ပြောဆိုညှိနှိုင်းဆွေးနွေး ရတော့မှာပါ”ဟု ဂီတအစည်းအရုံး၏ အတွင်းရေးမှူးသစ် ဖြူဖြူကျော်သိန်းက လွှဲပြောင်းပေးအပ်ပွဲ အပြီးတွင်ပြောသည်။

ရဲရဲ

Share
ဆက်နွယ်သည့် သတင်းများ