သရုပ်ဆောင် သင်တန်း တက်ပြီးမှ အနုပညာနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုဖြစ်လာတဲ့ နန်းမြတ်ဖြိုးသင်း

Share

(ရန်ကုန်၊ စက်တင်ဘာ ၁၇)
ပြင်သစ်နိုင်ငံမှပညာရှင် Mr.Thierry Bleu သင်ကြား ပေးသော မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး သရုပ်ဆောင် သင်တန်းကို တက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ စိတ်အား ထက်သန်မှု များနှင့် အနုပညာကို ယုံကြည်မှုများ ပိုဖြစ်လာသည်ဟု နန်းမြတ်ဖြိုးသင်း က ပြောသည်။
”သင်တန်းက ဘာပညာ ရလိုက်လဲဆိုတော့ နန်းမြတ်ရဲ့ စိတ်ထဲမှာ မုဒ်ကို ဘယ်လိုသွင်းရမလဲ။ အိုက်တင် တကယ်ကောင်းတယ် ဆိုတာ ဘာလဲ ဆိုတာကို တကယ် ကွဲကွဲပြားပြား သိလိုက်ရတယ်။ သင်ရိုးညွှန်းတမ်း တွေက တကယ် အကျိုးရှိပြီးတော့ နိုင်ငံတကာ သရုပ်ဆောင် သင်တန်းဆိုတာ ကိုလည်း နားလည်ရတယ်” ဟု သူမက ဆိုပါသည်။
သင်တန်းစချိန်က ဖိအားများ ပေးရသည့် ရည်ရွယ်ချက်မှာ အမှန်တကယ် ကောင်းမွန်သော  Selection များ ကျန်စေချင်သည့် သဘောဖြစ်ပြီး ထိုကဲ့သို့ လုပ်လိုက် သည့် အတွက်လည်း ပိုပြီး ကြိုးစားချင်စိတ်နှင့် စိတ်အား ထက်သန်မှု များဖြစ်လာကြောင်း သူမက ပြောသည်။
”ဒီလို သင်တန်း မျိုးတွေက လိုအပ်တယ်လို့ ထင်ပါတယ်။ သင်တန်းက နန်းမြတ်တို့ အတွက်ဆို မွမ်းမံ သဘောပေါ့။ တကယ့် Actor ကြီးတွေ ဆို သူဘယ်လို သင်တန်းပေးမလဲ စိတ်ဝင်စားပါတယ်။ ပညာတွေ အများကြီး ရသွားတဲ့ အတွက် ရှေ့လျှောက် လုပ်မယ့် သရုပ်ဆောင် အလုပ်ကိုလည်း အရင်ကထက် အရည် အသွေးကောင်းမွန် တဲ့ အနုပညာနဲ့ လုပ်နိုင်မယ် ထင်ပါတယ်”ဟု ပြောသည်။
၎င်း၏ ရှေ့ဆက်ပြီး လုပ်သွားမည့် အနုပညာ အလုပ်များကို ကြည့်၍ ပရိသတ် အနေနှင့် နန်းမြတ်ဖြိုးသင်း ဘာတွေပြောင်းလဲသွားလဲ ဆိုတာ ဝေဖန်ပါဟုလည်း ဆိုသည်။
လတ်တလောတွင် သင်တန်း တက်လိုက်သည့် အတွက် သူမအနေဖြင့် ဇာတ်ကား နှင့်ကြော်ငြာများ ရိုက်ရန် အကြွေးများ ရှိနေပြီး သွားတိုက်ဆေးကြော်ငြာ၊ Wedding  ဆိုင်ကြော်ငြာနှင့် ဓာတ်မြေသြဇာ ကြော်ငြာများ ရိုက်ဖြစ်မည်ဟု သိရသည်။

သီဟ

Share
ဆက်နွယ်သည့် သတင်းများ