ကိုယ့်ပရိသတ်ကိုလည်း မျက်နှာမငယ်ရအောင် ကြည့်ရတယ် ဇော်ဝင်းထွဋ် နဲ့ တွေ့ဆုံခြင်း

0
199

Zaw Win Htut

ရော့ခ်အဆိုတော်ဇော်ဝင်းထွဋ်က သင်္ကြန်ကာလကို မန္တလေးမြို့ ၆မိုင်ကခြံတစ်ခုမှာ ရင်းနှီးတဲ့ မိတ်ဆွေ အပေါင်းအသင်း ပရိသတ်များနဲ့အတူ သီချင်းများဆိုရင်း ဖြတ်သန်းခဲ့ပါတယ်။ ဒီနှစ်သစ်မှာ စီးရီးသစ်တွေလည်း ထွက်ရှိလာဦးမယ့်ဇော်ဝင်းထွဋ်နဲ့တွေ့ဆုံခိုက် မေးမြန်းမိသမျှအကြောင်းအရာ တချို့ကို ဖော်ပြလိုက်ရပါတယ်။

မေး- ဦးညီထွဋ်အနေနဲ့ ကိုယ်ပိုင်သံစဉ်တွေစုပြီး လက်ရွေးစင်တေးတွေ ပြန်ထုတ်ဖို့ရှိတယ်သိရပါတယ်။ အဲဒါက ပြန်ဆိုပြန်တီးပြီး ထုတ်မှာလား။ အဲဒီအစီအစဉ် လေးအကြောင်း သိချင်ပါတယ်။

ဖြေ- ကျွန်တော့်ရဲ့ ကိုယ်ပိုင်သံစဉ်တွေချည်းပဲ လက်ရွေးစင်စုပြီး ထုတ်ဖို့ရှိတယ်။ အဲဒါလေးတွေစုပြီး ပြန် သွင်းလာတာ အပုဒ် ၂ဝ၊ ၃ဝ လောက်ရှိပြီး အဲဒါကို ၁ဝ ပုဒ်၊ အပုဒ် ၂ဝတစ်တွဲကို နှစ်ချပ်စီ တွဲထုတ်သွားဖို့ရှိတယ်။ လစဉ် မဂ္ဂဇင်းထွက်သလိုမျိုးပေါ့။ Fan တွေ အတွက်ပါပဲ။ The Journey ခရီးစဉ်ဆိုပြီး ၁၊ ၂ နံပါတ်လေးတွေနဲ့ တွဲ ထွက်သွားမယ်။ အမှတ်တရလည်း ပြန်သိမ်းလို့ရတာပေါ့။ အားလုံးပြန်တီး ပြန်ဆိုပါမယ်။ စီးရီးသစ်ကတော့ လုပ်တော့လုပ်နေပြီ။ အဓိကကတော့ music ပုံစံက အရေးကြီးတော့လေ။ ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင်လုပ်နေတယ်။ အဓိကကတော့ rock နဲ့ blues ဖြစ်တဲ့ rock ပေါ့။ အဲဒီဟန်မျိုးကို ဦးစားပေးဖြစ်တဲ့အတွက် music က အရင်ချရတာပေါ့။ ပြီးမှ သီချင်းရေးတဲ့သူ တွေနဲ့ တိုင်ပင်ပြီး စာသားတွေ ဝိုင်းဖြည့်ရမှာပေါ့။

မေး- ဦးညီထွဋ်က rock music မှာ ရပ်တည်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပေါ့။ နောက်ထပ်ပေါက်ဖွားလာတဲ့ rock ရဲ့ အမျိုးအစားသစ်တွေ အများကြီးရှိပေမယ့် ဦးညီထွဋ်ကိုတော့ ဇော်ဝင်းထွဋ်ရဲ့ rock ပုံစံအတိုင်းပဲ ခုထိမြင်နေရပါတယ်။ ဒီတော့ ဦးညီထွဋ်တို့ရဲ့ rock ဂီတအပေါ် ဖန်တီးမှုတွေအကြောင်းလည်း သိရပါတယ်။

ဖြေ- ကျွန်တော်တို့က rock ကိုပဲ Traditional ပေါ့။ music ပုံစံလည်း သိပ်မထွင်ပါဘူး။ ပြောရရင်ကို ဇော်မျိုးတီးတဲ့ solo တွေဆိုလည်း လူနားမလည်လောက် တဲ့ စကေးတွေ၊ အလုံးတွေပြတာမျိုးထက် ရိုးရိုးရှင်းရှင်းနဲ့ ရင်ထဲရောက်သွားမယ့်အလုံးတွေ တီးတာများတယ်။ ဘာလို့ဆို သူကလည်း Clapton တို့၊ Queen က ဂစ်တာသမား Brian May တို့ကို ကြိုက်တော့ Speed ထက်တစ်လုံးချင်းရဲ့ခံစားချက်ကို ဦးစားပေးတော့ ဒါကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ရဲ့ ချိတ်ဆက်မှုပေါ့။ Blues ဆိုတဲ့ music ကလည်း ဒီလိုပဲလေ။ ဥပမာ BB King တို့ဆိုလည်း ဒီကြိုးတစ်ချောင်း တည်းကို တွန်းနေတာကပဲ လူတွေက ကြိုက်နေတာ။ အတွင်းကခံစားချက်ပေါ့။ လူတိုင်းလည်း လိုက်ခံစားနိုင်တဲ့ music မျိုးပေါ့။ အဓိကကတော့ ဒီ blues ဆန်တဲ့ rock ထဲက ထွက်မှာမဟုတ်ပါဘူး။

မေး- ဦးညီထွဋ်တို့ရဲ့ Emperor ဝိုင်းဆိုလည်း သက်တမ်းရှည်ကြာခဲ့ပါပြီ။ Emperor နဲ့ တွဲဖက်တွေလည်း အများကြီးပေါ့။ ဒီနောက်ပိုင်းမှာရော Emperor ရဲ့ မျိုးဆက်သစ် သွေးသစ်အနေနဲ့ ထပ်လောင်းဖို့ ရှိမလား။

ဖြေ- ဒီဘက်ခေတ်ကျတော့ ပွင့်လင်းသွားတာပေါ့။ တို့တုန်းကတော့ အင်ပါယာဆို အင်ပါယာဝိုင်း နာမည်ဝိတ်ကြီးနဲ့ဖိပြီး အဲဒီလိုသူရဲကောင်းတွေရဲ့ ခေတ်လည်း မဟုတ်တော့ဘူး။ အားလုံးက လွတ်လပ်စွာနဲ့ပဲ ကိုယ်ကြိုက်တာ ကိုယ်စားသုံးလို့ရတဲ့ ခေတ် ဖြစ်နေပြီ။ တို့ကလည်း ဒီ Emperor ဆိုတာကြီးတစ်ခုကို ဆက်ထူထောင်ထားပြီး စွဲကိုင်ထားဖို့လည်း မလုပ်ချင်ပါဘူး။ အချိန်တန်လို့ ကျွန်တော်တို့မလုပ်နိုင်တဲ့ အချိန်ကျရင် ဒီကိစ္စက ပြီးသွားမှာပဲ။ ကမ္ဘာကြီးမှာ ဘာမှ မတည်မြဲပါဘူး။ ဘာကတည်မြဲမလဲဆိုရင်တို့ ဖန်တီးခဲ့တဲ့ သီချင်းလေးတွေက ကျန်ရင်ကျန်မယ်။ အခု လူငယ်တွေဆိုလည်း အများကြီးလုပ်နေတာပဲ။ ဥပမာ – ကျားပေါက်ဆိုလည်း ကျွန်တော်တို့ နောက်မျိုးဆက်ပဲ။ သူအောင်မြင်တာကြည့်ပြီး မျက်ရည်တောင်လည်ရတယ်။ အဲဒီလို လူငယ်တွေ သူ့နည်းသူ့ဟန်နဲ့ ထိုးဖောက် သွားတာ ပိုကြိုက်တယ်။ အခုကိုခူဆဲသမီး ဖွေးနုမိုးတို့ဆို လည်း လုပ်နေကြပြီ။ ကျွန်တော့်သား အီတိုးဆိုလည်း သူ့ဘာသာဆိုဆို တီးတီး ကြိုက်တာလုပ်။ ဒါပေမဲ့ သူ့ နည်းသူ့ဟန်နဲ့ အီတိုးတစ်ယောက်ဖြစ်ရမယ်။ ဒို့အရိပ်တွေနဲ့ အင်ပါယာရဲ့ မျိုးဆက်သစ်တို့ဘာတို့ အဲဒီလိုလုပ်ဖို့ စိတ်ကူးမရှိဘူး။

မေး- အီတိုးအကြောင်း စကားစပ်မိလို့ တစ်ခုထပ်မေးချင်တာက အီတိုးဖန်တီးတဲ့ ဂီတတွေကို အနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်အတော်များများ ကပါ စိတ်ဝင်တစားရှိကြတာတွေ့ရပါတယ်။ ဦးညီထွဋ် ကိုယ်တိုင်ရော ဖခင်တစ်ဦးအနေနဲ့ သူ့ကို ဘယ်လိုမြင်သလဲ။

ဖြေ- ဟိုတစ်နေ့က ကျားပေါက်နဲ့တောင်ပြော ဖြစ်တယ်။ တို့မှာအီတိုးကို ပြန်အားကျရတဲ့ ဘဝရောက်နေတာလို့။ သူဖန်တီးချင်တာကို သူ့စိတ် ကြိုက်ကောင်း ကောင်းမွန်မွန်ဖန်တီးရတဲ့ဘဝ။ တို့တုန်းကတော့ အဲဒီ လောက်မလွတ်လပ်ဘူး။ သူစမ်းသပ်ချင်တာတွေ၊ သူ စမ်းသပ်လို့ရတယ်။ တို့ကကျတော့ လမ်းကြောင်း တစ်ခုပေါ် ရောက်နေတဲ့အခါ စမ်းသပ်ချင်တိုင်း စမ်းသပ်လို့မရဘူး။ ကိုယ့်ပရိသတ်ကိုလည်း မျက်နှာမငယ်ရအောင် ကြည့်ရတယ်။ အခွေရောင်းရဖို့ဆိုတာထက် သူများပရိသတ်နဲ့ ယှဉ်ရင်ကိုယ့်ပရိသတ်ဖြစ်ရတာ ဂုဏ်မငယ်စေချင်ဘူး။ ဒါကြောင့် တချို့ဟာလေးတွေမှာလည်း လိုက်လျောညီထွေဖြစ်ဖို့ လုပ်ရတယ်။ အီတိုးမှာတော့ သူ့စိတ်ကြိုက် သူလုပ်ချင်တာကိုလုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here