ဧ၀ံမေသုတံ

ဧ၀ံမေသုတံ
March 18, 2019 Asian Fame
ဧ၀ံမေသုတံ

” ဇာတ်သမားပြန်ရင်၊ မှတ်သား စရာ ကျန်ရမယ်” ဆိုတဲ့ ဆိုရိုး စကားကို ကြားဖူးကြမှာပါ။ ဇာတ် သမားဆိုတာက မြန်မာ့ဇာတ်သဘင် တွေထဲက မင်းသားကြီး မင်းသား ငယ်ဦးစီး သရုပ်ဆောင်များကို ညွှန်း တာဖြစ်ပါတယ်။ ခေတ်ဟောင်းတုန်း က ဇာတ်သမားတွေရဲ့ နောက်ကွယ် မှာ (စာရေးဆရာ) လို့ ခေါ်ကြတဲ့ စာပေပညာရှင် စာသမားကြီးတွေ ရှိကြတယ်။ သူတို့က ဇာတ်ကွက်၊ ဇာတ်လမ်း၊ ဇာတ်ရုပ်နဲ့ လိုက်ဖက်မယ့် ရသမြောက်စာသ စားတွေကို ဖွဲ့နွဲ့ ဖန်တီးပေးရတယ်။ သူတို့ရဲ့ “ဇာတ် စာ”ကို မင်းသား မင်းသမီး သရုပ် ဆောင်တွေက သရုပ်ဆောင်တဲ့အခါ၊ ပြောဆိုဖွဲ့နွဲ့ကြရတယ်။ တေးကဗျာ ဆိုရင် အနုပညာ မြောက်အောင် သီကျူးပြကြရတယ်။ “ဇာတ်စာ” တွေထဲမှာ၊ ဒီကနေ့ခေတ် လူ အူ ကြောင်ကျားတွေက “ဖီလော်” လို့ အင်္ဂါမစုံတဲ့ စကားမျိုးသုံးတဲ့ ဒဿန တွေပါမယ်။ ဗုဒ္ဓရဲ့ တရားဓမ္မတွေ ပါမယ်။ ရှေးပညာရှိတို့ရဲ့ နီတိအဆုံး အမတွေပါမယ်။

အဲသလို တန်ဖိုးရှိတဲ့ စကားတွေ ကို ဇာတ်သမားအနုပညာရှင်တွေက သရုပ်ဆောင်ကပြရင်း၊ ရွတ်ဆိုပြော ကြားတတ်ကြတဲ့အတွက် “ဇာတ်သ မားပြန်ရင် မှတ်သားစရာကျန်ရမယ်” လို့ ရှေးလူတွေက ဆုံးမလမ်းညွှန်ခဲ့ကြ တာ။ သို့ပေမယ့် ဒီခေတ်မှာတော့ မှတ်သားစရာ မဟုတ်တဲ့ ဗလရွှတ်တ၊ ဖေတော့မောင်တော့ စကားတွေကို ဇာတ်စင်ပေါ်မှာ ကြားနေကြရပါ တယ်။ (အော် …) ခေတ်ပြောင်း တော့ လူတွေလည်း ပြောင်းကြရပေ သပေါ့။

ဒီကနေ့ … ခေတ်အခါမှာ စာပေဟောပြောပွဲခေါင်းစဉ်တပ်၊ စာ ရေးဆရာများ၊ ပြင်ပပညာရှင်များ၊ တစ်ဝက်တစ်ပျက် ပညာတတ်များ၊ လူလုံးပြဖျော်ဖြေရေး show-biz နယ်ထဲက အချို့သော အနုပညာသ မားများ၊ နိုင်ငံရေးသမား အငယ်အ လတ်များရဲ့ ဟောပြောပွဲတွေအခါ အခွင့်သင့်သလို ပေါ်ထွက်နေပါ တယ်။ တစ်နှစ်လုံး စာတိုပေစထိုင် ရေးလို့ မရနိုင်တဲ့ ဟောပြောခဥာဏ် ပူဇော်ငွေကို ၁ နာရီလောက် ဟော ပြောရုံနဲ့ ရရှိကြတဲ့ မောင်ကံကောင်း မယ်ကံကောင်း စာရေးဆရာတချို့ တောင် ရှိနေကြပါတယ်။ ပိုပြီး ကံ ကောင်းတဲ့ ဖိုးကံထူး ခင်ကံထူး စာ ရေးဆရာများကတော့ ပြည်ပကို တောင် သွားပြီး ပြည်ပရောက် မြန် မာပရိသတ်ကို ဟောပြောခွင့်ရနေကြ ပါတယ်။

ခင်မင်လေးစားတဲ့ စာရေးဆရာ တစ်ယောက်ဆိုရင် စာအရေးနည်းပြီး လက်မလည်အောင် ဟောပြောနေရ လွန်းလို့ စာရေးသူက “စာဟော ဆရာ” လို့ ကျီစားပြီး ခေါ်လေ့ရှိပါ တယ်။ “ဟောပြောခြင်းအတတ်” ဆို တဲ့ မြန်မာတို့ရဲ့ ရှေးအစဉ်အလာ ယဉ်ကျေးမှု ထွန်းကားတာ ကျေနပ် စရာဖြစ်ပါတယ်။ သို့သော် ဟော ပြောခွင့်ရတိုင်း ဘလချေးနန်း ပရမ်း ပတာ၊ ဟာသပြက်လုံးတွေ ထိုးရင် တော့ စာရေးသူက “စာပေဟောပြော ပွဲ”ခေါင်းစဉ်အောက်မှာ မထားပါ ဘူး” ပရိသတ်လက်ခံလို့ဟောတာ ဘာဖြစ်သလဲကွာ။ မင်းအပူပါသ လား”လို့ စာရေးသူကို ငေါ့မယ်ဆိုရင် လည်း စာရေးသူက “ကိုယ့်သမိုင်း ကိုယ်ရေးပေါ့ ဘုရားဒကာ”လို့ ပြန် ပြီး ရိလိုက်မှာပဗျာ။

စာဟောဓလေ့ဆိုတာက၊ မနေ့ တစ်နေ့ကမှ ပေါ်လာတာ မဟုတ်ရ ပေါင်ဗျာ။ လူ့ယဉ်ကျေးမှု ဖွံ့ဖြိုးလာ ပြီး “ပညာရှင်” ပုဂ္ဂိုလ်လို့ အများက သတ်မှတ်ယုံကြည်သူများ ပေါ်ထွန်း လာတဲ့အချိန်မှာ ပညာရှိတို့ရဲ့ စာ ဟော ဓလေ့ ရှင်သန်လာခဲ့ပါပြီ။ (ဘယ်ခေတ်၊ ဘယ်သက္ကရာဇ်မှာ စာ ဟောဓလေ့ ပေါ်လာသလဲ လို့တော့ မမေးကြပါနဲ့ဗျာ။ စာရေးသူက သု တေသီမဟုတ်လို့ ခွင့်လွှတ်ကြပေ ရော့။ သိချင်သပဆို …ရည်ညွှန်း ကျမ်းများကို လှန်ကြလှောကြပါ။ အင်တာနက်ထဲ ပြူးပြဲဝင်ကြည့်ကြ ပါ။) ခေါမ (ဂရိ) ခေတ်ကတော့ စာ ဟောဆရာကို “အောရတု” Orator ရယ်လို့ သူရို့ဘာသာစကားနဲ့ ခေါ် ကြပါသတဲ့။ မြန်မာ့ယဉ်ကျေးမှုနယ် ပယ်မှာတော့ “နှုတ်မှုပညာ”လို့ခေါ် သပ။ ဘိုလိုတော့ oratory လို့ သုံး နှုန်းကြကြောင်းပါ။

ကနေ့ …စာပေဟောပြောပွဲ တွေမှာ စာပေအတွေ့အကြုံရှိပြီး နှုတ်မှုပညာ ကျွမ်းကျင်သူများက သရဖူဆောင်းနေကြပါတယ်။ စာပေ အတွေ့အကြုံမရှိလှဘဲ။ နှုတ်မှုပညာ အားကိုးနဲ့ စာဟောဆရာ လုပ်စားနေ သူတချို့လည်း ရှိသဗျ။ စာပေ အ တွေ့အကြုံများစွာရှိသော်လည်းပဲ။ နှုတ်မှု ပညာစွမ်းရည်ကင်းမဲ့၊ အာ ဝဇ္ဇာန်းမရွှင်လို့ ပရိသတ်ရဲ့ သြဘာ သံမရရှာသူတွေကိုလည်း တွေ့ဖူးပါ ရဲ့။ အဆို၊ အငို၊ အက၊ အခုန် ကျွမ်း ပေမယ့်၊ အသံသြဇာနဲ့ နှုတ်မှုပညာ တစ်ဘက်ကမ်းခတ်တဲ့ “ကြာနီကန် ဆရာတော်” ကို မယှဉ်နိုင်လို့ ပဲခူး-ရွှေမော်ဓော ဘုရားပွဲမှာ ထွက်ပြေး ကြရတဲ့ ဇာတ်အဖွဲ့တွေ ရှိခဲ့ဖူးပါပြီ လားဗျာ။

စာရေးသူကတော့ …စာပေ အနုပညာသမားဖြစ်တဲ့အပြင်၊ ကိုယ့် အကြိုက် ကိုယ့်စရိုက်နဲ့ နေတတ်သူ ဆိုတော့ ကနေ့ခေတ် လူပြောများတဲ့ စာပေ ဟောပြောပွဲတွေကိုတောင် မသွားပါဘူး။ ကုန်ကုန်ပြောရရင် စာပေဟောပြောပွဲ ဧကရာဇ်ကြီး ဖြစ် ခဲ့တဲ့ သွားလေသူ ဆရာကြီး “အောင် သင်း” ရဲ့ ပွဲကိုတောင်၊ လမ်းကြုံမှပဲ ခရီးသွားဟန်လွှဲ နားထောင်တာပါ။ စာရေးဆရာဆိုတာ “အော်သာ” author အလုပ်ပဲ လုပ်ရမယ်။ “အော ရတု” orator အလုပ်မလိုအပ်ဘူးလို့ ခံယူထားပါတယ်။

တစ်သက်မှာ မမေ့နိုင်ဆုံးက တော့ ၁၉၇၄/၇၅ ကာလ၊ မန္တလေး ဟံသာဝတီသတင်းစာတိုက်မှာ စနေ နေ့တိုင်း ခင်းကျင်းခဲ့ကြတဲ့ “စနေ ဝိုင်း” ပါပဲ။ ဝါရင့်၊ သမ္ဘာရင့်စာပေ အနုပညာရှင်ကြီးတစ်ဦးက စာတမ်း ဖတ်မယ်။ ပြီးရင် တက်ရောက်သူတွေ က ဆွေးနွေးမယ်။ နောက်ဆုံး စာ တမ်းရှင်က ပြန်လည်ဆွေးနွေးမယ်။ ပြင်းထန်တဲ့ “ဒီဘိတ်” debate မရှိပါဘူး။ အေးဆေးနဲ့ မှတ်သားစရာ ချည်းပဲ။

သွားလေသူ ဆရာကြီးဒေါက် တာသန်းထွန်းက ဆွေးနွေးတော့ “ဗမာပဒေသရာဇ် သမိုင်းဆရာတွေ ဟာ လူလိမ်တွေ” တဲ့။ “ယိုးဒယားကို သွားတိုက်လို့ ရန်သူ ၁ဝ ယောက် သတ်ခဲ့တာကို နန်းတွင်းမှာ သမိုင်း မှတ်တမ်းရေးတော့ သုညနှစ်လုံးတိုး ပြီး ရန်သူ ၁ဝဝဝ သုတ်သင်ခဲ့တယ် လို့ ကြွားကြ” သတဲ့။ “ကိုယ့်ဘက်က စစ်သည် ၁ဝဝ ကျခဲ့ရင်တော့ သုည နှစ်လုံးကို ဖျောက်ပြီး ဖုံးဝှက်လိမ်ညာ ရေးကြ” သတဲ့။

အဲသည် ဟောချက်ကိုတော့ စာရေးသူအကြိုက်ဆုံးပဲ။ ဆရာကြီး ဒေါက်တာ သန်းထွန်းထက် ရှေးကျ စွာ သမိုင်းဆရာတွေကို “ထောင်း”သူ ကတော့ ကမ္ဘာကျော်စာရေးဆရာ ကြီး ဖြစ်တဲ့ “လီယိုတောစကွိုင်း”ပါပဲ။

အဲသည် “စနေဝိုင်း”မှာ ဆရာ “မုံရွာဦးလေးခန့်”စာတမ်းဖတ်တဲ့နေ့ က ဆွေးနွေးပွဲမှာ ဝင်ပြီး “ချွန်”တဲ့ လူတစ်ယောက် တွေ့ခဲ့ရသေး။ သူက “မြန်မာဆိုင်းဝိုင်းကြီးနဲ့ တီးမှုတ်နေလို့ အမျိုးသားဂီတမှန်သော်လည်း တီး မှုတ်တဲ့အကြောင်းအရာက ပဒေသ ရာဇ်ဘုန်းတော်ဘွဲ့ဖြစ်နေရင်၊ အဲ သည်ဂီတဟာ ဖောက်ပြန်တဲ့ အနု ပညာပါ”တဲ့။ အင်မတန် ဒီဘိတ်လုပ် လို့ ကောင်းတဲ့ ဆွေးနွေးချက်ပဗျာ။ ဆွေးနွေးသူကတော့ နာမည်နဲ့လိုက် အောင် “ချွန်”တတ်တဲ့။ သွားလေသူ “ကာတွန်းကံချွန်”ဆိုတဲ့ ပုဂ္ဂိုလ်ပါပဲ ခင်ဗျား။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*