ကျွန်တော်ရေးခဲ့သောစာအုပ်များ(၂၆)

ကျွန်တော်ရေးခဲ့သောစာအုပ်များ(၂၆)
March 18, 2019 Asian Fame
ကျွန်တော်ရေးခဲ့သောစာအုပ်များ(၂၆)

ကိုလိုနီခေတ်မှ မျက်မှောက် ခေတ်အထိ ပေါ်ထွန်းခဲ့သော စာရေး ဆရာ (စာဆို)များနှင့် ထိုစာဆိုတို့၏ စာများထဲမှ တစ်အုပ်ကောင်း၊ တစ် ပုဒ်ကောင်းကို လူငယ်စာဖတ်ပရိ သတ်နှင့် မိတ်ဆက်ပေးရန် စိတ်ကူး ရသည့်အတွက် လူငယ် (youth) မဂ္ဂ ဇင်းတွင် ကျွန်တော်လစဉ်ရေးခဲ့သော ဆောင်းပါးများကို လူငယ်များအ တွက် စာဆိုမိတ်ဆက်စာမိတ်ဆက် ခေါင်းစဉ်ဖြင့် ၂ဝဝ၆ ခုနှစ်တွင် ကောင်းသန့်စာပေက စာအုပ်ထုတ် ခဲ့ပါသည်။ ကောင်းနိုးရာရာ မိတ် ဆက်ပေးသော စာအကြောင်း ‘မြည် စမ်း’ကြည့်ပြီးနောက် ထိုစာများကို ရှာဖွေဖတ်ရှုလိုသောစိတ် အနည်းနှင့် အများပေါ်ပေါက်လာဖွယ်ရှိသည်ဟု မျှော်လင့်မိပါသည်။ စာဖတ်သူလူငယ် များကို အထူးသဖြင့် ရည်ညွှန်းလျက် ‘သားတို့ သမီးတို့’ဟု သုံးနှုန်းရေးသား ခဲ့ပါသည်။ လူငယ်မဂ္ဂဇင်းတွင် ‘လူ ငယ်နှင့် မြန်မာစာ’ ကဏ္ဍမှာ ဖော်ပြ ခဲ့ပါသည်။

ဆရာကြီး ပီမိုးနင်း၏ ‘တက် ကျမ်း’များကို မိတ်ဆက်ပေးရာ၌ လူ ငယ်များ အသိအမြင်ကြွယ်ဝရေး၊ တိုးတက်ကြီးပွားလိုစိတ် နိုးကြားရေး အတွက် ဆရာကြီးမိန့်ဆိုခဲ့ပုံများကို ကိုးကားဖော်ပြပြီး ကမ္ဘာ့အလင်း ကျမ်းကို မိတ်ဆက်ပေးခဲ့သည်။ ‘ကြီး ပွားရာလမ်းကို အဘယ်နည်းဖြင့် ပေါက်ရောက်အောင် ကြံနိုင်ပါမည် နည်း။ ထိုအသိဥာဏ်ကို ရလိုလျှင် ကမ္ဘာ့အလင်းကျမ်းကို ကြည့်လေ’ဟူ သော အမှာစကားနှင့်အညီ လူငယ် များအား ‘အလင်းရောင်’ပေးခဲ့ပုံကို သာဓကများဖြင့် မိတ်ဆက်ပေးထား ပါသည်။

ဆရာကြီး ဦးဖေမောင်တင်၏ ဘာသာလောကကျမ်းသည် ဘာသာ စကားဆိုင်ရာ အသိအမြင် တိုးပွား ရေးကို ရှေးရှုသော ကျမ်းဖြစ်သည်။ မြန်မာစာလောကတွင် ခေတ်မီဘာ သာစကား အသိအမြင် ဗဟုသုတ ပေးသည့်ကျမ်းများ အရေအတွက် မများလှပါ။ ထိုကျမ်းများတွင် ဘာ သာလောကကျမ်းလည်း အပါအဝင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဘာသာစ ကား ဝါးရိုးများကို ဖော်ပြပြီး မြန်မာ ဘာသာစကား၏ သွင်ပြင်လက္ခဏာ များကို ဖော်ထုတ်ပြထားသည်။ ကမ္ဘာပေါ်ရှိ ဘာသာစကားများနှင့် မြန်မာစာဖတ်ပရိသတ်ကို မိတ်ဆက် ပေးကျသော ဆရာကြီး၏ ကြိုးပမ်း မှုဖြစ်သည်။

တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များသည် ဆရာကြီး ရွှေဥဒေါင်း၏ ကိုယ်တိုင်ရေး အတ္တု ပ္ပတ္တိဖြစ်သည်။ ဆရာကြီး၏ဘဝတစ် လျှောက် အတွေ့အကြုံများနှင့် ဆရာကြီး၏ ပြုမူဆောင်ရွက်ချက်များ ကို အကောင်းရော အဆိုးပါ ရေး သားဖော်ပြထားသည်။ ဘဝဖြစ်ရပ် မြင်ကွင်းကျယ် ပန်းချီကားကြီးကို ကြည့်နေရသကဲ့သို့ ဖြစ်သည်။ ဆရာ ကြီးကို ဗဟိုပြု၍ နှီးနွှယ်ရာရာ မိတ် ဆွေများ၊ ဖြစ်ရပ်များကို သိရသည် မှာ စိတ်ဝင်စားစရာကောင်းသည်။ စာအရေးအသားဆိုင်ရာ လမ်းညွှန် ချက်များမှာလည်း အလွန်တန်ဖိုးရှိပါ သည်။

အမျိုးသားပညာဝန် ဦးဖိုးကျား ၏ ကိုယ်တွေ့ဝတ္တုများမှာ လေးစား အားကျဖွယ် အပြုအမူလေးများ၊ စိတ်ဓာတ်ကောင်းများကို ပုံဆောင် ထားသော ဇာတ်ဆောင်အမျိုးမျိုး ပါ ဝင်သည့် ဝတ္တုတိုများဖြစ်သည်။ ဝတ္တု တိုတစ်ပုဒ်စီတွင် နှစ်သက်ဖွယ်ရသ နှင့်အတူ သတိပြုဆင်ခြင်စရာ အသိ အမြင် တစ်မျိုးစီကို ပေးနိုင်စွမ်းရှိပါ သည်။ သိပ္ပံမောင်ဝ လေလံပွဲမှာမူ ခေတ်စမ်းပုံပြင်များ ပေါ်စကပင် ဆရာကြီး ပီမိုးနင်းချီးကျူးရသော စာ တစ်ပုဒ်ဖြစ်သည်။ လူ့စရိုက်လူ့အမူ အရာပေါ်လွင်သော၊ အသက်ဝင် သော စာတစ်ပုဒ်ဖြစ်သည်။

ဆရာကြီး သခင်ဘသောင်းစာ ပေကောင်းပုံကို ‘ဘာသာပြန်စာပေ’ စာတမ်းတွင် တွေ့နိုင်ပါသည်။ တို့ ဗမာအစည်းအရုံး၏ နိုးကြားရေးစာ တမ်း ၈ စောင်တွင် ပထမဆုံးစာ တမ်းဖြစ်သော ဘာသာပြန်ရေးစာ ပေ၌ နယ်ချဲ့ကို ‘ဘာသာပြန်’လက် နက်ဖြင့် တိုက်ခိုက်၍ လွတ်လပ်ရေး ကို အရယူရန် နှိုးဆော်ထားသည်။ သွက်လက်မြူးကြွ အသက်ဝင်သော စာအရေးအသား နမူနာကောင်း အဖြစ် လေ့လာနိုင်ပါသည်။

ဆရာကြီးဇေယျ၏ မြန်မာ့မျက် ပွင့် (ရွာဓလေ့၊ လူဓလေ့)သည် မြန် မာ့ကျေးလက်ယဉ်ကျေးမှုအလှနှင့် လေးစားဖွယ်သမိုင်းဝင်ပုဂ္ဂိုလ်များ အကြောင်းကို ဖတ်ချင်စဖွယ် ရသ မြောက်ရေးဖွဲ့ထားသော စာစုဖြစ် သည်။ အေးဆေးတည်ငြိမ်သော ရှင်းလင်းပြေပြစ်သော ဆရာကြီး၏ အရေးအသားကို လေ့လာနိုင်ပါ သည်။

ယနေ့ရသစာတမ်းဟုခေါ်သော ‘အက်ဆေး’အကြောင်းပြောလျှင် ဆရာကြီး ဦးတင်ဆွေ၏ ၂၄ နာရီ ဆိုသော စာစုကို ချန်ထား၍မရပါ။ ဆရာကြီးသည် လွတ်လပ်ရေးခေတ် ဦးကာလကပင် အက်ဆေးများ ရေး သားခဲ့သည်။ ‘ရန်ကုန်ပြန်’၊ ‘ခရေပင် ကြီးလဲ မပြုံးနိုင်တော့ပြီ’၊ ‘ဂျပိုးထိုး ခြင်း၏ အရသာ’၊ ‘စာသံပေသံ’ စ သည့် အက်ဆေးများဖြစ်သည်။ အတွေးရော အရေးပါ လှပသော စာ စုဖြစ်သည်။

ဆရာဇော်ဂျီ၏ စာအုပ်စင်နှင့် ကျွန်တော်သည် ခက်ခဲနက်နဲသော ရသစာပေ၏ သဘောလက္ခဏာကို ပြောနေမှန်း မသိအောင် ပေါ့ပေါ့ပါး ပါးကလေး ပြောပြသွားပြီး နောက် ဆုံးကျမှ အလေးအနက် သဘော ပေါက် နားလည်စေသော ရေးသား ဟန်ထူးခြားသည်။ ရသစာတမ်းတစ် ပုဒ်ဖြစ်သည်။ အိမ်မှာရှိသော စာအုပ် စင်အကြောင်း၊ စာအဖတ်နေရာမကျ လျှင် ကျောင်းမှာ အရိုက်ခံရသည့် အတွက် စာအုပ်စင်ကို ကြောက်ခဲ့ပုံ၊ ကြောက်ရာမှ ရုပ်သေးမင်းသမီး ဦး ဖူးညို သီဆိုသော ကဗျာကလေးကို အကြောင်းပြု၍ ထိုကဗျာပါသော စာအုပ်စင်အနားသို့ ကပ်ရာမှ အ ကြောက်ပြေပြီး ရသစာပေနှင့် ထိ တွေ့ရပုံတို့ကို တစ်ဆင့်ပြီး တစ်ဆင့် ဖော်ပြရင်း စာဖတ်သူကို အစမှ အဆုံးတိုင် ဆွဲခေါ်သွားနိုင်သည့် စာ တစ်ပုဒ်ဖြစ်သည်။

ဆရာမင်းသုဝဏ်၏ ကဗျာရေး ချင်စာစပ်သင်မှာ ကဗျာရေးဖို့ ဝါသ နာပါသော လူငယ်များကို ကဗျာရေး နည်း သင်ပေးသော စာအုပ်ဖြစ် သည်။ အသံသဘော၊ ကာရန်သဘော ကို လွယ်လွယ်ရှင်းပြပြီး ဒွေးချိုးကဗျာ ကလေးများ ရေးဖွဲ့ပြထားသည်။ ‘ကဗျာဟူသည် အဘယ်နည်း’ ဟူ သော ရှင်းလင်းချက်လည်း ပါသည်။

ဆရာမောင်ထင်သည် မြဝတီ မဂ္ဂဇင်းတွင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ဆောင်းပါးများ ရေးခဲ့ရာ ထိုဆောင်းပါးများကို စုစည်းပြီး ဗမာ့ နိုင်ငံရေး သုခမိန် ခေါင်းစဉ်ဖြင့် စာ အုပ်ထုတ်ထားသည်။ ဆောင်းပါး တစ်ပုဒ်တွင် ဗိုလ်ချုပ်ကို ခေါင်း ဆောင်အင်္ဂါများနှင့် ချိန်ထိုးစိစစ်ပြ ထားပုံမှာ မှတ်သားစရာကောင်း သည်။ ခေါင်းဆောင်က နောက်လိုက် ငယ်သားထက် ပို၍ သတ္တိရှိရသည်။ စွန့်လွှတ်နိုင်ရမည်။ သန့်ရှင်းရမည်။ အခွင့်အရေးကို လျှော့ယူရမည်။ အလုပ်ပို လုပ်ရမည်ဟူသော စံများ ဖြင့် ချိန်ထိုးထားခြင်း ဖြစ်သည်။ လူ ငယ်များ စံပြုစရာ အရည်အချင်းများ ဖြစ်သည်။

ဆရာမင်းဆွေသည် နာမည်ဟူ သော စာအုပ်ကလေးတစ်အုပ် ရေး သားခဲ့သည်။ အဆုံးတွင် ‘ကျားသေ လျှင် သားရေကျန်ရသည် လူသေ လျှင် နာမည်ချန်ရသည်’ဟူသော ဂျပန်စကားပုံကို ကိုးကားလျက် အသက်ရှင်စဉ် မိမိနာမည်ကောင်း အောင် ဆောင်ရွက်ရန် ဆွေးနွေး သော စာအုပ်ကလေးဖြစ်သည်။

ဆရာတက်တိုး၏ ဘဝနှင့်စာပေ မှာ ကမ္ဘာ့စာပေမှ ဝတ္တုများကို မိတ် ဆက်ပေးသော စာအုပ်ဖြစ်သည်။ ဝတ္တုသဘောတရား ဝတ္တုအင်္ဂါရပ်များ ကို ရှင်းပြပြီး ကမ္ဘာကျော် ဝတ္တုများ ကို တစ်ပုဒ်ချင်း မိတ်ဆက်ပေးသည်။ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ အရေး အဖွဲ့တို့ကို သုံးသပ်ထားသည်။ စာ ပေလေ့လာသူများအတွက် မြင်ကွင်း ချဲ့ပေးသော စာအုပ်ဖြစ်သည်။

ဆရာ တက္ကသိုလ်မောင်မောင် ကြီးသည် နိုင်ငံ၏ မျက်နှာဟူသော ရသစာတမ်းတွင် ရွှေတိဂုံစေတီတော် မြတ်ကြီး၏ ဂုဏ်ကို ဖော်ထုတ်ရေးဖွဲ့ ထားသည်။ ဖူးမြင်ရသော စေတီ တော်ကြီး၏ ဗိသုကာ အနုပညာလက် ရာပြေပြစ်ပုံ၊ စေတီတော်သမိုင်း စသည်တို့ကို ဖော်ညွှန်းပြီးနောက် ရွှေတိဂုံစေတီတော်ကြောင့် မြန်မာ နိုင်ငံ မျက်နှာရှိသည့်အတွက် ‘နိုင်ငံ တော်မျက်နှာ’ပါတကားဟု တင်စား လိုက်ခြင်းဖြစ်သည်။

ဆရာမ ဂျာနယ်ကျော်မမလေး သည် ခင်ပွန်းဂျာနယ်ကျော် ဦးချစ် မောင်ကွယ်လွန်ခါစတွင် ခင်ပွန်း၏ အကြောင်းကို သူလိုလူ ခေါင်းစဉ်ဖြင့် ပုံဖော်ခဲ့သည်။ အရေးအဖွဲ့ကောင်း သော ဝတ္တုဟန်အထ္ထုပ္ပတ္တိဖြစ်သည်။ မေတ္တာနှင့်ယှဉ်၍ ကျေးဇူးရှင်ခင်ပွန်း ၏ ဂုဏ်ရည် ဖော်ကျူးထားသည်။

ဆရာ ဒဂုန်တာရာ၏ ရုပ်ပုံလွှာ မှာ တာရာမဂ္ဂဇင်းတွင် ‘လူကို လေ့ လာခြင်း’ခေါင်းစဉ်ဖြင့် မိမိသိကျွမ်း ခင်မင်သူတစ်ဦးချင်းကို ပုံဖော်ထား သည်။ ‘အောင်ဆန်း သို့မဟုတ် အရိုင်း’၊ ‘ဗဟိန်း သို့မဟုတ် ကဗျာ’၊ ‘ညို့မြ’၊ ‘မတုန်မလှုပ်’၊ ‘ကိုဗဆွေ’၊ လျှို့ဝှက်သော အပြုံး’စသည့် စိတ်ဝင် စားဖွယ် ခေါင်းစဉ်ကလေးများဖြင့် ရေးဖွဲ့ထားသည်။ မြန်မာစာပေတွင် အတ္ထုပ္ပတ္တိရေးပုံ တစ်မျိုးတိုးလာ ကြောင်း ဆရာဇော်ဂျီက မှတ်ချက်ချ ထားသည်။

သော်တာဆွေနှင့် ကျွန်တော့် ဘဝဇာတ်ကြောင်း၊ ကြေးမုံဦးသောင်း နှင့် ဗမာ့ခေတ်မှ ကြေးမုံသို့၊ စိန်စိန် နှင့် ခရီးဝင်္ကပါ၊ မင်းကျော်နှင့် ခွေး ညို-ကျော်ဆွေ၊ တင်မိုးနှင့် ခုနစ်စင် ကြယ်၊ မောင်မြင့်ကြွယ်နှင့် ကျွန်တော် ဘီစီအက်စ်၊ မလေးလုံနှင့် ဖေမောင် တင် သို့မဟုတ် အသက်ရှည် စသည့် စာအုပ်များကိုလည်း စာဆိုတို့၏ အကြောင်းနှင့်အတူ မိတ်ဆက်ပေး ထားပါသည်။ ကျွန်တော် လူငယ်ဘဝ ကစ၍ နှစ်သက်စွဲလမ်းခဲ့ရသော စာ အုပ်များ၊ စာများ ဖတ်ခဲ့ရသည့် အတွေ့အကြုံကို ယနေ့လူငယ်များ အား ဝေမျှခြင်း ဖြစ်ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*