ပန်းနုရောင်အလွမ်း

ပန်းနုရောင်အလွမ်း
February 7, 2019 Asian Fame
ပန်းနုရောင်အလွမ်း

”ဟေး နန်းစံ”

” မိုင်ဆွန်ခ မောင်”

”ဘာလဲ မိုင်ဆွန်ခဆိုတာ”

”မင်္ဂလာပါလို့ ရှမ်းလို နှုတ် ဆက်တာလေ”

သူနာပြုဆရာမလေး နန်းစံခမ်း က ပန်းနုရောင်ပါးချိုင့်လေးခွက်ဝင် သွားအောင် ပြုံးပြလိုက်တယ်။ သူ့ ရဲ့ ချစ်သူက ရန်ကုန်ကပြောင်းလာ တဲ့ အင်ဂျင်နီယာ ကိုမောင်မောင်။ နန်းနေတဲ့ ရှမ်းပြည်နယ်ရဲ့ မြို့လေး မှာ တာဝန်ကျတယ်။ ဒီနေ့ ရုံးပိတ် ရက်၊ အလုပ်အားတာနဲ့ သူ့ကိုတောင် ပေါ်ခရီးပို့ပေးမလို့ပါ။

”လာမောင်၊ ကောက်ညှင်း ပေါင်းနဲ့ ပဲပုတ်ထောင်း၊ ရေညှိပေါင်း စားကြရအောင်။ ပြီးတာနဲ့ တောင် ပေါ်ခရီးစကြစို့”

စားသောက်ပြီးတော့ သူတို့ခရီး စတင်ဖို့ ပြင်ဆင်ကြတယ်။

”စက်ဘီးစီးသွား ရအောင် မောင်။ နန်းတို့ ကမ္ဘာကြီးကို အငွေ့ သေတွေနဲ့ တစ်ခါလောက် အကျိုး ပြုရအောင်။ ဆိုင်ကယ်စီးသွားရင် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထွက် မယ်။ စက်ဘီးနင်းတော့ ကျန်းမာရေး ညီညွတ်တယ်”

”ပြောတတ်တဲ့ ရှမ်းမလေး။ အိုခေလေ။ စက်ဘီးစီးကြတာပေါ့”

စက်ဘီးတစ်ယောက်တစ်စီးနဲ့ တောင်ခြေအထိရသလောက် နင်းခဲ့ ကြတယ်။ တောင်ခြေရောက်တော့ နေ့လယ်ရောက်တော့မယ်။ နေ ရောင်က မြူတွေကြားထဲမှာ ယက် ကန်ယက်ကန် တိုးဝှေ့လို့ကောင်း တုန်း။

”ကဲ ဆရာမလေး ဒီစက်ဘီးနှစ် စီးကိုတောင်ထိပ်အထိ တွန်းသွားမှာ တော့ မဟုတ်ဘူးနော်”

”ဟင့်အင်း ဒီတောင်ခြေမှာ ထားခဲ့မှာ”

‘ခင်ဗျားစက်ဘီးက သော့မရှိ၊ ဘာမရှိနဲ့။ သူများခိုးသွားရင် ဘယ် လိုလုပ်မလဲ”

”အို ဘယ်သူမှမခိုးဘူး စိတ်ချ။ ဆိုင်ကယ်ရပ်ထားခဲ့။ သော့ထားခဲ့ တာတောင် ခိုးဖို့မပြောနဲ့ ယူတောင်မ စီးဘူး။ တောင်ပေါ်သားတွေ ရိုးသား တာ မောင်သိပါလိမ့်မယ်”

အံ့သြနေတဲ့ မောင့်မျက်နှာလေး ကို ကြည့်ပြီး သူမက ချစ်စနိုးနဲ့ နဖူး လေးကို တောက်လိုက်တယ်။

တစ်တောင်တက်၊ တစ်တောင် ဆင်းနဲ့ နှစ်ယောက်သား သဘာဝ တောတောင်၊ တိရစ္ဆာန်လေးတွေ၊ ပန်းရိုင်းတွေကြည့်ရင်း ပျော်မြူးနေ ကြတယ်။ လမ်းမှာ ခနော်ခနဲ့ တံတား တွေတွေ့ရင် အင်ဂျင်နီယာကြီးက ရ သလောက် ပြုပြင်ပေးတယ်။ နန်းက ဘေးက ကူညီပေးတယ်။ တံတား လေးအတွက် လိုအပ်တဲ့ သစ်၊ ဝါး တွေကို ပါလာတဲ့ ဓါးမလေးနဲ့ ခုတ် နေတဲ့နန်းကို သူအံ့သြလေးစားစွာ ငေးကြည့်နေမိတယ်။ ဆေးထိုးအပ် ကိုင်တဲ့ လက်နုနု၊ ဖြူဖြူလေးတစ်စုံ ဟာ ဒီလိုနေရာမျိုးမှာလည်း အသုံး ဝင်တာပါပဲလား။ သူတို့နှစ်ယောက် ခရီးအတော်ပေါက်လို့ ရွာလေးတစ် ရွာနား ရောက်ခဲ့ပြီ။

”သိပ်မကြာခင် နေဝင်တော့ မယ်မောင်။ နန်းတို့ ဒီရွာလေးမှာ ည အိပ်မှရမယ်။ မနက်မှ တောင်ခြေပြန် ဆင်းကြတာပေါ့”

လားဟူရွာလေးဟာ ကြက်သံ၊ ငှက်သံကလွဲလို့ တိတ်ဆိတ်အေးချမ်း နေတာပဲ။ နန်းကနီးစပ်ရာ တဲအိမ် လေးတစ်အိမ်ပေါ် တက်လိုက်တယ်။ ဝါးလှေကားနဲ့ ခြေတံရှည်အိမ်လေးက ကဗျာဆန်ဆန်လှပနေတယ်။ နန်း တံခါးကို အသာတွန်းဖွင့်လိုက်တယ်။

”နန်း ခင်ဗျား တံခါးတော့ ခေါက်သင့်တယ်ဗျာ”

ရုတ်တရက် မောင့်စကား ကြောင့် သူမပြုံးမိသွားတယ်။

”အိမ်ရှင်တွေ တစ်ယောက်မှ မရှိဘူး ချစ်သူ။ ကဲ လာဝင်ပါ။ ဗိုက် ဆာတယ်။ နန်း ထမင်းချက်လိုက်ဦး မယ်”

”ဟ ခင်ဗျားဟာ ပိုက်နက်ကျူး လွန်ရုံမက ပစ္စည်းပါ ကျူးလွန်နေပြီ။ ဒါမကောင်းဘူးထင်တယ်နော် နန်း။ နန်း အသိမိတ်ဆွေအိမ်လား”

”နန်း ဒီအိမ်တစ်ခါမှ မရောက် ဖူးပါဘူး။ မိတ်ဆွေလည်း မဟုတ် ဘူး။ တွေ့လည်းမတွေ့ဖူးဘူး။ ကဲ ဆရာကြီး နန်းအနားမှာထိုင်။ နန်း အလုပ်လုပ်ရင်း ရှင်းပြမယ် ဟုတ်ပြီ လား”

အားနာစိတ်၊ မလုံမလဲစိတ်နဲ့ မောင့်မျက်နှာ သုန်သုန်မှုန်မှုန်လေး ကို နန်းကြည့်ပြီး ရယ်မိတယ်။

”ဒီရွာလေးက လားဟူလူမျိုး တွေနေကြတာ မောင်ရဲ့။ သူတို့မနက် စောစောထ၊ စပါးထောင်း၊ ထမင်း ချက်စား၊ ကြက်စာ၊ ဝက်စာကျွေးပြီး ရင် အလုပ်လုပ်နိုင်တဲ့ မိသားစု အားလုံး တောင်ယာသွားကြတယ်။ တောင်ယာမှာ ထင်းခုတ်၊ မြေပေါက်၊ စပါးစိုက်၊ သီးပင်စားပင်စိုက် စတာ တွေ လုပ်ကြပြီး ညနေမှ အိမ်ပြန်လာ ကြတယ်။ တစ်ရွာလုံး ဒီလိုပဲ သွားကြ တာပဲလေ။

”မသွားခင် ဘယ်ဧည့်သည် ရောက်လာလာ၊ ချက်စားဖို့ မီးဖိုဘေး မှာ ဆန်၊ မုန့်ညှင်းရွက်၊ ငြုပ်သီး၊ ဆား ထားခဲ့ပေးတယ်။ ကျပ်ခိုးစင် ပေါ်မှာ ပြောင်းဖူးခွံခြောက်နဲ့ ဆေး ရွက်ကြီးပါ ထားပေးခဲ့တာ။ ဆေးလိပ် သောက်ချင် လိပ်သောက်လို့ရအောင် ပေါ့။ အခုလို မောင်နဲ့နန်းလို ဧည့် သည်တွေ အတွက်ပေါ့။ ချက်ပြုတ် စားသောက်ပြီး လိုရာခရီးဆက်ချင် ဆက်၊ မဆက်ချင်လို ညအိပ်မယ်ဆို လည်း အိပ်ပေါ့”

”ဟာဗျာ မသိဘဲနဲ့ အဲဒီလို ည အိပ်ခွင့်ပြုလို့လား။ ခင်ဗျားဟာက ချက်ပြုတ်စားသောက်တာနဲ့တင် အားနာစရာ ဖြစ်နေပြီဗျာ”

”သူတို့မှာ အဲဒီလိုမကြည်ဖြူတဲ့ စိတ်ဓာတ် လုံးဝမရှိဘူးမောင်။ ကမ္ဘာ ပေါ်မှာ ရှားပါးသွားပြီဖြစ်တဲ့ လူသား ဆန်လွန်းတဲ့ လူသားစိတ် အလှတရား ပါပဲ။ နန်းကတော့ ဂုဏ်ယူတယ်။ ကိုယ့်မြန်မာနိုင်ငံမှာ ဒီလိုလူမျိုး၊ ဒီလို စေတနာ သဒ္ဒါတရား၊ ဒီလို ဓလေ့ လေး ရှိတာကို”

”ဟုတ်တယ်နော်”

”ရွာလေးမှာ စာသင်ကျောင်း မရှိဘူး။ ဆေးပေးခန်းမရှိဘူး။ ဘု ရားကျောင်းမရှိဘူး။ ဘုန်းကြီး ကျောင်းမရှိဘူး။ လျှပ်စစ်မီးမရှိဘူး။ စစ်တပ်မရှိဘူး။ ရန်သူမရှိဘူး။ ပါတီ မရှိဘူး။ ဘယ်သူ့ကိုမှ တောင်းဆိုမှု မလုပ်ဘူး။ သူတို့ဟာသူတို့ ရိုးသား စွာ စိုက်ပျိုးလုပ်ကိုင်စားသောက်ကြ တယ်။ လိုအပ်တာရှိရင် မြို့ကိုဆင်း တယ်။ ဘယ်သူလာလာ ကြိုဆိုတယ်။ စစ်တပ်လာလည်း ကျွေးတယ်။ ရန် သူလာလည်း ကျွေးတယ်။ ဘာမှမ မေးဘူး။ မစပ်စုဘူး။ သူတို့မိသားစု ဝင်တွေလိုပဲ နေထိုင်ကြတယ်”

”သြော် ထူးဆန်းလိုက်တာ နန်းရယ်”

လားဟူ ထမင်းမွှေးမွှေး၊ ပူပူ လေးရယ်၊ ဟင်းချိုရယ်၊ ငြုပ်သီးဆား ထောင်းလေးရယ်ကို ခေါင်းမဖော် တမ်းစားနေတဲ့ ရန်ကုန်သား အင်ဂျင် နီယာလေးကိုကြည့်ပြီး နန်းကျေနပ် မိတယ်။

ညနေစောင်းတော့ အိမ်ရှင် မိသားစု ပြန်လာကြပြီ။နန်းက အိမ် ရှင်တွေစားဖို့ ထမင်းဟင်း ချက်ထား တာလည်း ကျက်ပြီ။ ဝက်စာလည်း ကျွေးပေးပြီးသွားပြီ။ ပင်ပန်းနေတဲ့ မျက်နှာ၊ ရိုးသားဖြူစင်တဲ့ မျက်ဝန်း၊ လှိုက်လှဲကြိုဆိုတဲ့ အပြုံးတွေနဲ့ အိမ် ရှင်မိသားစုဟာ စကားများများမပြော ဘဲ ပျော်နေကြတယ်။ ဘာမှမမေးဘဲ အိပ်ယာပြင်ပေးတယ်။ မီးဖိုဘေးမှာ ရေနွေးကြမ်းအိုးချပေးတယ်။ ခေါ ပုတ်ကင်ကျွေးတယ်။

အိပ်ယာမဝင်ခင် ကွပ်ပျစ်လေး မှာ ချစ်သူနှစ်ယောက် ခဏထိုင်ကြ တယ်။ တောင်ပေါ်လေဟာ ရှတတနဲ့ လတ်ဆတ်တယ်။ လရောင်တဖိတ် ဖိတ်အောက်က ရွာငယ်လေးဟာ အမှောင်ထဲက ပိုးစုန်းကြူးလေးတွေ လိုပဲ။ တိတ်ဆိတ်အေးချမ်းမှုဟာ စိမ့် ဝင်သွားတယ်။

အလုပ်၊ တာဝန်တွေနဲ့ ဝန်ပိုပိ နေတဲ့ ရင်ဘတ်တစ်စုံဟာ အပြာ ရောင်ညအောက်မှာ ပေါ့ပါးလို့လေ။ ချစ်သူနှစ်ဦး တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်လိုက်ကြတယ်။ တိုင်းပြည်အတွက်၊ လူသားတွေအ တွက်၊ တွဲလက်တစ်စုံဟာ ရှမ်းတောင် တန်းကြီးတွေနဲ့ အပြိုင်ခိုင်မာမြဲမြံလို နေတယ်။

မိုးမလင်းခင် အိမ်ရှင်ကထပြီး ချက်ပြုတ်ကျွေးတယ်။ ခြံထဲက ငှက် ပျောရွက်ခူးပြီး လမ်းမှာစားဖို့ ထမင်း နှစ်ထုတ် ထုပ်ပေးတယ်။ ကြက်သား ကင်နဲ့ ငြုပ်သီးထောင်းပေါ့။ ဘူးသီး ခြောက်နဲ့ သောက်ရေထည့်ပေးလိုက် တယ်။ မောင်က အားနာတဲ့ မျက်နှာ နဲ့ ကျေးဇူးတင်စကား တလေးတစား ပြောတယ်။ သူတို့နားမလည်ပေမယ့် ခေါင်းလေးငြိမ့်ပြရှာတယ်။ ပြုံးကြည့် နေတဲ့ ညစ်ပေပေကလေးငယ်နှစ် ယောက်ကို မောင် မုန့်ဖိုးပေးတော့ ခေါင်းခါပြီး ထွက်ပြေးသွားတယ်။ လုံးဝမယူဘူး။

”နန်း လားဟူလို ကျေးဇူးတင်ပါ တယ်ကို ဘယ်လိုပြောရမလဲဗျာ”

မောင်က နန်းကိုတိုးတိုးလေး ကပ်မေးတယ်။

”အော်ဘို့အူဂျား”တဲ့မောင်
ပြီးတော့ နန်းတို့ရွာထဲက မကျန်းမာတဲ့လူ၊ သက်ကြီးရွယ်အို တွေ၊ ကိုယ်ဝန်ဆောင်တွေကို ပါလာ တဲ့ ဆေးတွေ၊ အခမဲ့ပေးတယ်။ ကျန်း မာရေး အသိပညာတွေပေးတယ်။ ကလေးတွေကို ကျောင်းထားဖို့ ပြော ခဲ့တယ်။

ရွာကလည်း သူတို့မှာရှိတဲ့ မုန် ညင်း၊ ငြုပ်သီးခြောက်၊ ခေါပုတ်၊ ငှက်ပျောသီးတွေ လက်ဆောင်ပြန် ပေးတယ်။ အကုန်မသယ်နိုင်လို့ လာ တဲ့အခါ စားပါ့မယ်လို့ ပြောရတယ်။ ရပ်တည်မှုမတူ၊ ဘာသာမတူ၊ လူမျိုး မတူ၊ စကားမတူ၊ ပညာမတတ်ပေ မယ့် လူသားစိတ်အပြည့်အဝရှိတဲ့ လူ သားတွေကို မောင်တအံ့တသြ ကြည့် နေတယ်။ မောင်က ခေါင်းလေးညွှတ် ပြီး သူတို့ကို နှုတ်ဆက်လိုက်တယ်။ ”မိုင်ဆွန်ခ၊ အော်ဘို့အူဂျား”

ကျေနပ် သဘောကျသွားတဲ့ သူတို့ရယ်သံတွေဟာ လောကကို ပိုလှပသွားစေတယ်လေ။ တစ်မိုး အောက်မှာ ရှမ်းမလေး၊ ဗမာလေးနဲ့ လားဟူတွေက တစ်သွေးတည်း၊ တစ်သားတည်း ဖြစ်သွားကြတယ်။ တိမ်တစ်အုပ်ကြားက ပန်းနုရောင် ဆည်းဆာဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ကမ္ဘာကြီးကို လှစ်ကနဲ ပြုံးပြလိုက် သလိုပဲ။
အိမ်အပြန်လမ်းမှာ ချစ်သူနှစ် ဦးအတွက် ကြည်နူးကျေနပ်မှုတွေနဲ့ လတ်ဆတ်လို့။ လူသားတွေကြောင့် ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေလို့ သူတို့အတူ ဆုတောင်းလိုက်ကြတယ်။

နန်းခင်သန္တာဦး (တောင်ကြီး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*