“ဆေး” သီချင်းကြောင့် ငိုခဲ့ရတဲ့သူတွေအတွက် စိတ်မကောင်း ဖြစ်နေရသူ ကော်နီ

“ဆေး” သီချင်းကြောင့် ငိုခဲ့ရတဲ့သူတွေအတွက် စိတ်မကောင်း ဖြစ်နေရသူ ကော်နီ
January 31, 2019 Asian Fame
“ဆေး” သီချင်းကြောင့် ငိုခဲ့ရတဲ့သူတွေအတွက် စိတ်မကောင်း ဖြစ်နေရသူ ကော်နီ

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး၊ မင်းမရှိရင် ဖြစ်တယ်ဆိုတဲ့ ဆေးဆိုတဲ့ ဆေးသီချင်းလေးက အခုတလော လူကြီး၊ လူငယ် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါ။ ဆေးသီချင်း သီဆိုဖြစ်တာနဲ့ ပတ်သက်ပြီး တေးသံရှင် ကော်နီက “ဒီသီချင်းက မကော် အခွေလုပ်နေတာ၊ ရှစ်နှစ်လောက်ရှိပါပြီ။ အဲ့ဒီ့အခွေထဲမှာပါတဲ့ သီချင်းလေးပါ။ သီချင်းလေးကလည်း ဝေကြီးဆီက ရကာစ၊ ဆိုချင်စိတ်ရှိတော့ မကော် ဒီသီချင်းလေးကို The Power Of Four မိန်းကလေးလေးယောက် Show မှာ အသစ်အနေနဲ့ ဆိုလိုက်တယ်။

ဝေကြီး တင်လိုက်တဲ့ Live ထဲကနေ သီချင်းလေးက ပေါက်နေတာ၊ ပရိသတ်တွေကလည်း ဒီသီချင်းလေးကို သိနေကြတယ်။ တချို့တွေကတောင် ဒီကောင်လေးဆိုထားတဲ့ သီချင်းကို မကော်က ပြန်ဆိုတယ်ဆိုပြီး ထင်နေကြတယ်။ မကော်ဟိုတစ်နှစ်ကလည်း အသက် ၅၀ ပြည့်တော့ ရွှေရတု Show ပွဲလေးလုပ်မယ်ဆိုပြီး မလုပ်ဖြစ်ဘူး။ မနှစ်ကလည်း ကျန်းမာရေး မကောင်းလို့ မလုပ်ဖြစ်ဘူး။ ဒီနှစ်တော့ ပရိသတ်အတွက် တစ်ခုခု လုပ်ပေးမယ်ဆိုပြီး စဉ်းစားလိုက်တော့ မကော်ရဲ့ ကျောင်းမှာ မကော် ပန္နက်ချတယ်။ သိမ်အလှူ လှူဖြစ်တယ်။ ဆေးသီချင်းလေးကို မကော်ပရိသတ်ကို မွေးနေ့လက်ဆောင်ပေးမယ်ဆိုပြီး တင်ဖြစ်လိုက်တယ်” လို့ ပြောပြပါတယ်။ ဝေကြီးဆီက ဒီသီချင်းလေး ရလိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း “ဝေကြီးရဲ့ သီချင်းတွေကလည်း ကောင်းတဲ့အခါကျတော့ မကော်ရဲ့ အခွေထဲမှာ နည်းနည်း ထည့်မလားလို့၊ ပထမအကြိမ် သူပေးတယ်၊ မကော်မကြိုက်ဘူး။ ဒုတိယအကြိမ် သူပေးတယ်၊ မကော် မကြိုက်သေးဘူး။ မကော်က တစ်ပုဒ်မကြိုက်၊ တစ်ပုဒ်မကြိုက်ဆိုတော့ သူလည်း နည်းနည်းတင်းလာတယ်ထင်တယ်၊ သူ့ရဲ့ ဝှက်ဖဲလေးပေါ့။ မကော်ကို ထုတ်ပေးတာ၊ မကော် အဲဒီသီချင်းလေးကို တစ်ကြိမ်ပဲ နားထောင်တယ်၊ မကော်ဒီသီချင်းလေးကို ယူမယ်ဆိုပြီး ယူဖြစ်သွားတယ်၊ မကော်ကလည်း သီချင်းတစ်ပုဒ်ကို နားထောင်လိုက်တာနဲ့ ဒီသီချင်းတစ်ပုဒ်က ဘယ်လိုမျိုးလဲဆိုတာ မကော်သိတယ်၊ ကိုယ်လည်း သီချင်းဆိုလာတာ အနှစ် ၃၀ ကျော်လာပြီဆိုတော့ ဒီသီချင်းလေးကို နားထောင်လိုက်တာနဲ့ တန်းယူဖြစ်သွားတယ်”လို့ ကော်နီက ပြောပြခဲ့ပါသေးတယ်။

ဆေးသီချင်းကြောင့် ငိုကျတဲ့ သူတွေကို အားနာမိတယ်ဆိုတာကိုလည်း ကော်နီက “ဒီသီချင်းက ကြားတဲ့သူတွေကို ငိုစေတယ်။ တစ်ခါတစ်လေကျရင် စဉ်းစားတယ်။ ဒုက္ခပါပဲ၊ အနုပညာသမားဆိုတာ ဘုန်းကြီးတွေ ဟောထားတာရှိတယ်။ အနုပညာသမားဆိုတာ ငရဲကြီးတယ်။ လူတွေကို ပျော်အောင်လည်း လုပ်တယ်၊ ငိုအောင်လည်း လုပ်တယ်။ အသည်းကွဲတယ်၊ ဝမ်းနည်းတယ် မျိုးစုံလုပ်ပေးနိုင်တဲ့အတွက် အနုပညာသမားတွေက ငရဲကြီးတယ်တဲ့။ ငါ့ကြောင့် ငိုကုန်ကျတယ်ဆိုတော့ ငါများငရဲကြီးကုန်ပလားလို့ စိတ်ထဲမှာ အဲဒီလိုမျိုးတောင် ဖြစ်ပါတယ်။ တော်တော်များများ Comment တွေဖတ်ကြည့်တဲ့အခါ ဒီအရွယ်ရောက်မှ ငိုလိုက်ရတာလို့ ရေးထားတဲ့စာ တွေ့တဲ့အခါ စိတ်ထဲမှာ အားလည်းနာတယ်၊ ကြည်လည်း ကြည်နူးတယ်၊ စိတ်မကောင်းလည်း ဖြစ်ရတယ်” လို့ ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*