Star Awards ရုပ်ရှင်ဆုအပေါ် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းရဲ့အမြင်

Star Awards ရုပ်ရှင်ဆုအပေါ် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းရဲ့အမြင်
January 22, 2019 Asian Fame
Star Awards ရုပ်ရှင်ဆုအပေါ် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းရဲ့အမြင်

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ချီးမြှင့်မယ့် Star Awards ရုပ်ရှင်ဆုကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၅ရက်နေ့မျာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆုရွေးချယ်ရေးအတွက် အတိုင်ပင်ခံအဖွဲ့ကို အဖွဲ့ဝင် ၆ ဦး၊ ဆုရွေးချယ်ရေး ကော်မတီ အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပါတယ်။ အဆိုပါ Star Awards ရုပ်ရှင်ဆုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက သူ့ရဲ့အမြင်ကို အခုလိုပြောပြလာတာက . . .

“ဒီ Star Awards ဆုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းကနေပြီးတော့မှ ဥက္ကဋ္ဌဖြစ်တဲ့ ဦးမြတ်ခိုင်ကနေ စာပေးပို့လာပါတယ်။ ဒီလိုပါပဲ သက်ဆိုင်ရာဝန်ကြီးဆီကိုလည်း စာပေးပို့လာတာ တွေ့ရပါတယ်။ ပေးပို့လာတဲ့ စာအရကို ကျွန်တော်မှတ်မိသမျှကို ပြောကြားလိုတာကတော့ မြန်မာ့ရုပ်ရှင်ဟာ အောင်မြင်မှု တိုးတက်မှု လမ်းကြောင်းတစ်ခုကို ဦးတည်လို့နေပြီဆိုတာ တွေ့ရပါတယ်။ ဒီတိုးတက်မှုကို ပိုမိုပြီးပံ့ပိုးလိုသော ဆန္ဒနဲ့ မြန်မာနိုင်ငံသတင်းစာ ဆရာများ အသင်းကနေ Star Awards ဆိုတဲ့ ရုပ်ရှင်ထူးချွန်ဆု တစ်ခုကို ချီးမြှင့်လိုပါတယ်။ ဒီ့တွက်ကို လူကြီးမင်းများက သဘောတူညီပေးဖို့ဆိုတဲ့ သဘောမျိုး ရေးလာပါတယ်။ ရေးလာတဲ့အခါမှာ ကျွန်တော်သည် ဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ နာယကများနဲ့ အမှုဆောင်အဖွဲ့များကို ဒီစာကို တင်ပြရပါတယ်။ ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။ ဆွေးနွေးတဲ့အခါမှာ နိုင်ငံတကာမှာလည်း အော်စကာဆုရှိသလိုမျိုး တခြားသောဆုတွေလည်း ရှိတယ်။ ဒီလိုပဲ တရုတ်ပြည်မှာဆိုရင်လည်း ရွှေကြက်ဖဆုအပြင် တစ်ခြားသော ဆုတွေရှိတယ်။ ဒါ့အပြင် စာပေမှာတောင်မှပဲ အမျိုးသား စာပေဆုဆိုတာရှိသလို စာပေဗိမ္မာန်ဆု ဆိုတာရှိတယ်။ ရွှေအမြုတေစာပေဆုရှိတယ်။ ပခုက္ကူဦးအုံးဖေ စာပေဆုရှိတယ်။ ဒီဆုတွေသည် ဘာကြောင့်ပေးကြသလဲ။ စာပေလောက ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စေတနာနဲ့ လုပ်ကြတာဖြစ်တယ်။ ရေရှည်တည်တံ့စွာ ပေးသွားနိုင်တဲ့ ဆုတွေရှိသလို တချို့လည်း တစ်ပိုင်းတစ်စနဲ့ ရပ်တန့်သွားတာမျိုးတွေလည်း ရှိတယ်။ ဆုတွေရဲ့ စံချိန်စံနှုန်းကတော့ ပေးတဲ့အဖွဲ့အစည်းနဲ့ ပေးတဲ့ပုဂ္ဂိုလ်များ စုဖွဲ့လိုက်တဲ့ စံချိန်စံနှုန်း အတိုင်းပဲဖြစ်တယ်။ ဒီဟာကို ကျွန်တော်တို့ တားဆီးလို့လည်း မရပါဘူး။ ကန့်ကွက်လို့လည်း မရပါဘူး။ အဲ့ဒီတော့ မည်သူမှလည်း မကန့်ကွက်ကြပါဘူး။ ကျွန်တော်တို့ နာယကကြီးများကလည်း ခွင့်ပြုကြပါတယ်။ ကျွန်တော်တို့က ပြန်ကြားရေး ဝန်ကြီးဌာနကို အကြောင်းကြားပါတယ်။ ပြီးတော့ ဆရာဦးမြတ်ခိုင်တို့ထံကိုလည်း လေးလေးစားစားနဲ့ ပြန်ကြားပေးပါတယ်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေနဲ့ လူကြီးမင်းများ ချီးမြှင့်မည့် Star Awards ဆုအား ကန့်ကွက်ရန် မရှိပါကြောင်း လူကြီးမင်းများ ချီးမြှင့်မယ့်ဆုသည် တရားအမျှတဆုံးနဲ့ အမှန်တရားနဲ့ အနီးစပ်ဆုံး ဖြစ်ရန်လည်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဆိုပြီး ကျွန်တော် စာပြန်ကြားပေးခဲ့ပါတယ်” လို့ပြောပါတယ်။ ဆက်လက်ပြီး ဒီဆုနဲ့ ပက်သက်လို့ သူထပ်မံပြောခဲ့တာကတော့ . . .

“ဘယ်သူတွေကပဲပေးပေး၊ ဘယ်အဖွဲ့အစည်းကပဲပေးပေး ပေးမယ်ဆိုကတည်းက ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေကိုပဲ ပေးရမှာပဲ၊ ကျွန်တော်တို့ လောကသားများ ရကြမယ့် ဆုဖြစ်တဲ့အတွက် ကျွန်တော် မုဒိတာ ဖြစ်ပါတယ်။ ရုပ်ရှင်လောကသားများ ပိုရမယ်ပေါ့ဗျာ။ ဒုတိယအချက် ဝမ်းသာမိတာကတော့ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောကကို တနည်းအားဖြင့် မြန်မာ့ရုပ်ရှင်ကို ချီးမြှင့်ရကောင်းမှန်း ဂုဏ်ပြုရကောင်းမှန်း အားပေးရကောင်းမှန်း သိလာတဲ့အတွက် ဒါသည် ကျွန်တော်တို့ လောကသားများအတွက် ကြိုးစားမှုရဲ့ အသီးအပွင့်လို့ ကျွန်တော် ခံယူတဲ့အတွက် ကျေဇူးလည်း တင်သလို ဂုဏ်လည်းယူပါတယ်” လို့ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*