ကမ္ဘာကြာ မောင်အောင်ဗလ

ကမ္ဘာကြာ မောင်အောင်ဗလ
January 11, 2019 Asian Fame
ကမ္ဘာကြာ မောင်အောင်ဗလ

အနုပညာသမားဆိုတာ အနု ပညာအာရုံထဲမှာပဲ မွေ့လျော်ကျက် စား လူးလွန့်မိန်းမောနေတတ်သူတွေ ဖြစ်တဲ့အတွက် တစ်ကိုယ်ရည်သန့် ရှင်းမှုနဲ့ အဝတ်အစားအသွင်အပြင် သန့်စင်သပ်ယပ်မှုကို အလေးမထား ကြဘူးတဲ့။ ပေပေတူးတူး စုတ်စုတ် ပြတ်ပြတ်၊ ခေါင်းစုတ်ဖွား၊ မျက်နှာ အဆီပြောင်ပြောင်နဲ့ နေတတ်ကြ သတဲ့။ ဟုတ်လည်း ဟုတ်တာပဲ။ ကျွန်တော်တွေ့ဖူးတဲ့ အနုပညာ သမားတချို့ဟာ အထက်ပါသွင်ပြင် ပုံစံနဲ့ နေတတ်ကြပါတယ်။ အဲသည် ‘မူ’ကို ဘယ်သူက ချပေးခဲ့တာလဲ။ ဘယ်ခေတ်က စခဲ့တာလဲ ကျွန်တော် မသိဘူး။ အနုပညာပါရမီရှင်ကြီး ‘လီ ယိုနာဒိုဒါဗင်ချီ’တစ်ယောက် အဲလို ပေတီးပေစုတ်နေခဲ့သလား။ ဂီတပါရ မီရှင်ကြီး ‘မိုးဇတ်’ကတော့ ရုပ်ရှင်ထဲ ကြည့်ရတာဖြင့် သားသားနားနား ဝတ်စားဆင်ယင်ပြီး ကျော့ရှင်းလှပ နေတာပဲခင်ဗျ။ ပန်းချီဆရာ ဗင်းဆင့် ဗန်ဂိုးကျပြန်တော့ သူ့ကိုယ်တိုင်ရေး ပုံတူတွေထဲမှာ ပေစုတ်စုတ်နဲ့ပါပဲ။ သူကိုယ်တိုင်ကလည်း ဆင်းရဲမွဲတေ ခဲ့ပေသကိုး။

မြန်မာပြည်က ပန်းချီဆရာ ‘ခင် ဝမ်း’ကို ဆူးလေဘုရားလမ်း ‘ဂုဏ်’ Globe ရုပ်ရှင်ရုံရှေ့မှာ စတွေ့ရ တော့ စုတ်ပြတ်နေတာပဲ။ မုဆိုး ဟောင်း နဲ့ ရှပ်လက်တို ခပ်ညစ် ညစ် နဲ့ ဂျပန်ဖိနပ် မြီးတိုကလေးကို စီးလို့။ အဲသည်ဂုဏ် ရုံရှေ့မှာတွေ့ ရပြန်တဲ့ ဆရာကြီး ‘ဗဂျီ အောင်စိုး’ကျ တော့ ဘောင်းဘီရှည်နံ့ သာနုရောင်နဲ့ ရှပ်လက်ရှည်အစိမ်းနု ရောင် လက်ရှည်နဲ့ ဘွတ်နဲ့ ရွှတ်နဲ့ စတိုင်လ် အကျသားခင်ဗျ။ နောက် ဆယ်နှစ် လောက်အကြာ ကျောက် မြောင်းထဲ က ‘ရုပ်ရှင်မျက်မှန်’ မဂ္ဂ ဇင်းတိုက် ထဲမှာ ဆရာကြီးဗဂျီအောင် စိုးကို တွေ့ရပြန်တော့ ပုဆိုးဟောင်း အင်္ကျီဟောင်းနဲ့ စုတ်ဖွားဖွားပေတူး တူးကြီးရယ်။ ပိုဆိုးတဲ့တစ်ယောက်က တော့ ‘စန္ဒရားလှမိုး’ဆိုတဲ့ အနုပညာ သမားကြီးပဲ။ သူ့ကို ပုဇွန်တောင် အရက်ဖြူဆိုင်မှာ ဆုံဆည်းခဲ့ရတာ။ သူ့ခမျာ ရှပ်အင်္ကျီကလေးတောင် ဝတ်မထားနိုင်ရှာပါဘူး။ စွပ်ကျယ် လက်စကဆန်ကာပေါက်အစုတ်ကြီး နဲ့ သူ့ကိုယ်သူ မိတ်ဆက်တော့ အလွန်ယဉ်ကျေးသိမ်မွေ့လှပါတယ်။

”ကျွန်တော်လှမိုးပါ။ စန္ဒရား ကိုယ်ပိုင်မရှိတဲ့ စန္ဒရားဆရာ စန္ဒရား လှမိုးပါ”တဲ့။

ကျွန်တော်နဲ့ ရင်းနှီးတဲ့ ပန်းချီ ဆရာ မောင်ဒီ (ခေါ်) မျိုးညွန့်ဟာ လည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ ကျော် လောက်ကဆို၊ အညာသားပီပီ အ ညာပုဆိုးကြမ်းနဲ့ အညာဖျင်ရှပ်အင်္ကျီ လက်တိုနဲ့ ကားတာယာဖိနပ်ကြီးစီး လို့ အခုအသက်ကြီးမှပဲ မောင်ဒီဟာ သပ်ယပ်သန့်ရှင်းစွာ လူရိုသေရှင်ရို သေဝတ်စားလာတာကို တွေ့ရပါ တယ်။

ကျွန်တော့်မိတ်ဆွေ ကဗျာဆရာ ကြီး သစ္စာနီကတော့ အနုပညာသမား တွေ ပေတီးပေစုတ်နေတာ မကြိုက် ဘူး။ ဆံပင်စုတ်ဖွားနဲ့ ပေစုတ်စုတ် နေတာဟာ ကွန်မြူနစ်သူငယ်နာမ စင်တာလို့ ပြောတယ်။ သူကိုယ်တိုင် အသက် ၇ဝ ကျော်လာတဲ့အခါ လူ ပျိုကြီးဘဝမှာ သန့်ရှင်းသပ်ယပ်စွာ အမြဲဝတ်ဆင်ပါတယ်။

ကျွန်တော်ကိုယ်တိုင် ပုဆိုးစုတ် အင်္ကျီစုတ်နဲ့ ရန်ကုန်မြို့လယ်စာပေ ရပ်ကွက်ထဲမှာ ကြမ်းပိုးထိုးခဲ့ဖူးပါ တယ်။ ကျွန်တော့်မှာ အဝတ်အစား ကောင်းတွေ မရှိ မဟုတ်ပါဘူး။ ရှိခဲ့ ပါတယ်။ နောက်တော့ အရက်နဲ့လဲ သောက်ပစ်လိုက်ရာက ရေလဲ ပုဆိုး နဲ့ စွပ်ကျယ်အစုတ်ဝတ်နေရတဲ့ ဘဝ ရောက်သွားပါတယ်။ တချို့ကတော့ ‘စာရေးဆရာ ကြူးနှစ်ဟာ တကယ့် အနုပညာရှင် စတိုင်လ်မျိုးနဲ့နေတာ” လို့ မှတ်ချက်ပေးကောင်းပေးကြမှာ ပါ။

ပန်းချီဆရာ ‘မောင်အောင်ဗလ’ ဆိုတဲ့ လူဟာလည်း ဘယ်လိုပဲကြည့် ကြည့် ပန်းချီအနုပညာသမားနဲ့ မတူ တဲ့လူ။ ကိုယ်လုံးကိုယ်ထည်က ဂျပန် ‘ဆူမို’နပမ်းသမားလို့ ထွားထွားမား မား။ မျက်နှာပေါက်က ဂျပန် ‘ယာ ကူဇာ’ဂိုဏ်းသားလို အေးအေးစက် စက်။ ဆံပင်ပုံစံက ဂျပန်ဆံတောက် ညှပ်ပြီး ရှည်လာတဲ့ပုံ ပန်းချီဆရာလို့ ကို ထင်စရာမရှိပါဘူး။

ကျွန်တော်နဲ့ စသိတဲ့ ၁၉၇၈-၇၉ လောက်မှာ သူက ‘မောင်အောင် ဗလ’မဖြစ်သေးဘူး။ နာမည်ရင်း အတိုင်း ပန်းချီအောင်ဝင်းလို့ပှဲငါည ဆိုင်းထိုးတယ်။ သူ့ပန်းချီအလုပ်ခန်း က ၃၂ လမ်းအထက်ဆုံးဘလောက် က ဆူးလေစေတီနဲ့ မျက်စောင်းထိုး ပထမထပ်မှာ သူငှားနေတဲ့အခန်းက ‘သက်တင်စာပေ’ အခန်းရဲ့အတွင်း ပိုင်း ငါးပေပတ်လည်လောက် အစွန် အဖျားအခန်း။ ပန်းချီဆွဲတဲ့ခုံနဲ့ သူ ထိုင်တဲ့ ခုံချထားရုံပဲ ကျယ်တယ်။ အဲ သည်အခန်းကျဉ်းထဲမှာ လူကောင် ကြီး ပန်းချီဆရာက ပုံ့ပုံ့ကြီးထိုင်ပြီး ပန်းချီဆွဲတာ။

မကြာခင် နာမည်တူပေါ်လို့ဆို ပြီး ပန်းချီအောင်ဝင်းကနေ ပန်းချီ မောင်အောင်ဗလလို့ ပြောင်းလိုက် တယ်။ ပြောရဦးမယ်။ အဲသည်တုန်း က နာမည်ရစ ပြုနေတဲ့ ‘မင်းသိင်္ခ’ ကလည်း မောင်အောင်ဗလနဲ့ တစ် ခန်းထဲမှာ အခန်းကန့်ပြီး ဗေဒင်ခန်း ဖွင့်ထားတယ်။ အဲသည်တုန်းက မင်း သိင်္ခဟာ ချစ်တီးဆိုင်က ပဲဟင်းနဲ့ပဲ အမြဲတမ်းထမင်းစားတယ်။ ဟောခ အဖြစ် လူတစ်ယောက် ၄၅ ကျပ်သာ ယူပေမယ့် တစ်နေ့တစ်နေ့ ဝင်ငွေ နည်းမှ မနည်းတာ။

အဲသည်တုန်းက လုံးချင်းဝတ္တု တွေ ပလူပျံအောင် ဖွံ့ဖြိုးတဲ့ခေတ်။ လုံးချင်းဝတ္တုတွေ ပလူပျံတော့ ဝတ္တု မျက်နှာဖုံးပန်းချီတွေလည်း အရမ်း အလုပ်ဖြစ်တာပေါ့။ မျက်နှာဖုံးပန်းချီ ဆရာလောကမှာ လက်မှာ စက်တပ် ထားသလို ရေးရသူကတော့ ပန်းချီ ဆရာမောင်မောင်သိုက်ပဲ။ ကျွန် တော်တို့ရဲ့ မောင်အောင်ဗလက မောင်မောင်သိုက်ရဲ့ ဘော်ဒါညာ လက်ရုံးကြီးကိုး။ သည်တော့ မောင် အောင်ဗလလည်း အလုပ်မပြတ်လှ ပါဘူး။ သို့သော် မောင်အောင်ဗလ က အလုပ်စားပွဲမှာ မြဲမြဲထိုင်ဘူး။ ဟိုသွားဒီသွားနဲ့ လျှောက်လစ်နေတာ များတယ်။ တစ်ခါတော့ အလုပ်အပ် ထားတဲ့ ထုတ်ဝေသူတစ်ယောက်က စိတ်မရှည်တော့ဘဲ စောင့်ရတာကြာ လွန်းလို့ မောင်အောင်ဗလရဲ့ အလုပ် ခန်းနံရံမှာ ‘ကမ္ဘာကြာ မောင်အောင် ဗလ’ဆိုပြီး စုတ်တံနဲ့ စာရေးပစ်ခဲ့ဖူး တယ်။

သူ့အလုပ်ခန်းမှာ အလုပ်အပ် ထားတဲ့လူတွေ တစ်ယောက်ပြီး တစ် ယောက်တန်းစီးနေကြတယ်။ အလုပ် ပြီးအောင်သူကို ဝိုင်း ‘လော’နေကြ တာ။ မောင်အောင်ဗလက ‘ငိုပြ’တဲ့ နေရာမှာတော့ ချန်ပီယံပဲ။ ”စိတ်ချ ပါ အစ်ကိုရယ်။ မနက်ဖြန်တော့ ရမှာပါ။ စိတ်ချပါ အစ်ကို”ဆိုပြီး အလုပ်အပ်သူကို အနူးအညွတ် တောင်းပန်အာမခံပေးတော့တယ်။ ဒါပေမဲ့ မနက်ဖြန်သွားကြည့်ရမှာ မဟုတ်ဘူး။ နောက်နေ့ထပ်ချိန်းဦးမှာ ပဲ။ ဒါကြောင့် သူ့ကိုကမ္ဘာကြာဘွဲ့ပေး ကြတာ။ သူက ရေးရင်တော့ အရမ်း မြန်တယ်။ ကောင်းအောင်လည်း ရေးနိုင်တယ်။ ”ရွှမ် ..ရွှမ်”နဲ့ စုတ် တံကို ခတ်သွားတာများ။ မျက်နှာဖုံး တစ်ဖုံးကို နာရီဝက်အတွင်း ပြီး အောင် ရေးနိုင်တဲ့ ကမ္ဘာကြာမောင် အောင်ဗလဗျ။

သည်လိုနဲ့ မောင်အောင်ဗလ ကံကြမ္မာနိမ့်ပါးပြီး သူနေတဲ့မြောက် ဥက္ကလာပကနေ ကျွန်တော်နေတဲ့ မင်္ဂလာဒုံ၊ ဝိုင်ယာလက်ကို ပြောင်း လာတယ်။ တောတိုက်ရွာတဲက တော တိုက်ဓမ္မရိပ်သာအနားမှာ နေတယ်။ တစ်နေ့တော့ ဓမ္မရိပ်သာနဲ့ ပရိဝုဏ် စည်းရိုးအုတ်တံတိုင်းကို မောင် အောင်ဗလ ထုံးသုတ်နေရှာ တယ်။
”ပန်းချီဆရာပဲဗျာ။ စုတ်တံကိုင် နေရရင် ကျေနပ်တယ်”လို့ သူက ရယ်ရယ်မောမောပြောပါတယ်။

နောက်လေးငါးနှစ်ကြာတော့ ရွှေပေါက္ကံမြို့သစ်မှာ ပန်းချီဆရာ မောင်အောင်ဗလတစ်ယောက် ပြင်း ထန်တဲ့ဆီးချိုရောဂါနဲ့ မထင်မရှား ဆင်းဆင်းရဲရဲပဲ ကွယ်လွန်သွားရှာပါ တယ်။ ‘ကမ္ဘာကြာ’တစ်ယောက် မကြာတော့ဘဲ အဆုံးသတ်သွားခဲ့ပါ ပြီ။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*