သွေးနှင့် ကင်ဆာဌာနမှာ ကလေးတွေအတွက် အလှူသွားရောက်လုပ်ခဲ့တဲ့သွန်းဆက်

သွေးနှင့် ကင်ဆာဌာနမှာ ကလေးတွေအတွက် အလှူသွားရောက်လုပ်ခဲ့တဲ့သွန်းဆက်
January 9, 2019 Asian Fame
သွေးနှင့် ကင်ဆာဌာနမှာ ကလေးတွေအတွက် အလှူသွားရောက်လုပ်ခဲ့တဲ့သွန်းဆက်

အနုပညာအလုပ်တွေနဲ့ ခဏတာဝေးကွာခဲ့သော်လည်း ပရိသတ်တွေ အချစ်မလျော့ဘဲ အားပေးနေဆဲ အနုပညာရှင်ကတော့ သွန်းဆက်ပါ။ အခုအချိန်မှာတော့ သူမပါဝင် သရုပ်ဆောင်ထားတဲ့ ‘သမီးကလေးရဲ့ ရွာ’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ‘သရဲသင်္ဘော’ ရုပ်ရှင်ဇာတ်ကားကြီးတို့လည်း ပြသတော့မှာဖြစ်ပါတယ်။

ရန်ကုန်ကလေးဆေးရုံကြီး သွေးနှင့် ကင်ဆာဌာနမှာ အလှူသွား ရောက်လုပ်ဖြစ်တာနဲ့ ပတ်သက်ပြီး သွန်းဆက်က ”ရန်ကုန်ကလေးဆေးရုံကြီး သွေးနှင့် ကင်ဆာဌာနမှာ သွန်းဆက်ရယ်၊ သွန်းဆက်ရဲ့ Fan တွေနဲ့ အာဟာရအလှူ လှူဒါန်းခဲ့တယ်။ သွန်းဆက်အရင်ကလည်း လှူဖြစ်ပါတယ်။ ပရဟိတတွေလည်း လုပ်ဖြစ်တယ်။ သွန်းဆက်သိပ်ပြီးတော့ မဖော်ပြဖြစ်တာပါ။ ဒီတစ်ခေါက်လှူဖြစ်တာက အမေဖြစ်တဲ့ ရောဂါနဲ့ ဒီမှာရှိတဲ့ ကလေးတွေနဲ့ တူနေတာ ဖြစ်တဲ့အတွက် သွားရောက် လှူဒါန်း ဖြစ်တာပါ။ ကင်ဆာဖြစ်တာက လူကြီးတွေတောင် ဆေးအရှိန်ကြောင့် တော်တော်လေး ခံစားရတယ်။ ကလေးတွေဆိုရင် ပိုပြီးတော့ ဒီဆေးအရှိန်ဒဏ်ကို ခံစားရတယ်။ သူတို့ ခံစားရတာပိုပြီးတော့ ဆိုးတယ်။ အဲဒါကြောင့် သွန်းဆက်သွားပြီးတော့ ကလေးတွေကို သူတို့ကြိုက်မယ့် သူတို့ပျော်စေမယ့် မုန့်လေးတွေ၊ စတစ်ကာလေးတွေ သွားလှူဖြစ်တယ်။ ကိုယ်သွားလှူတာကို ကလေးတွေက မြင်ရတဲ့အတွက် ခဏတာ ပျော်ရွှင်သွား တယ်။ စိတ်ချမ်းသာသွားတယ်။ အဲဒါကြောင့် သွားလှူဖြစ်တာပါ” လို့ ပြောပြခဲ့ပါတယ်။

မိခင်ရောဂါဖြစ်တုန်းက သမီး တစ်ယောက်အနေနဲ့ အကောင်းဆုံး ကူညီပေးခဲ့တယ်ဆိုတာကိုလည်း ”မိခင်ရောဂါဖြစ်တုန်းက ကိုယ့်ကလည်း သမီးမိန်းကလေးဖြစ်တဲ့အတွက် မိခင်နောက်ကပဲ တောက်လျှောက်လိုက်ရတယ်။ ကိုယ်ကပဲ အရာအားလုံးကို Support လုပ်ပေးရတယ်။ သွန်းဆက်အလုပ်ကို တစ်နှစ်လုံး နားလိုက်တယ်။ အမေ့ကိုပဲ သေသေချာချာ ပြုစုစောင့်ရှောက်တယ်။ အခုတော့ အမေလည်း သက်သာလာပြီလို့ ထင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဝိတ်ချဖြစ်နေတဲ့ အကြောင်းကိုလည်း သွန်းဆက်က ”ထမင်းတွေ ဘာတွေ သိပ်မစားဖြစ်တော့ဘူး။ အရင်တုန်းက အရမ်းကြိုက်တဲ့အစားအစာတွေ မစားတော့ဘူး။ အဆီ အစိမ့်အကြော်အလှော် တွေကိုလည်း ခဏဖြတ်ထားတယ်။ ရိုက်ရမယ့် ကာရိုက်တာလေးတွေရှိတဲ့အတွက် ဝိတ်ကို ချပစ်နေတယ်။ သွန်းဆက် အရင်ကထက် လှချင်လာတယ်။ ၂ဝ၁၈ မှာ ကံမကောင်းတာဖြစ်တဲ့အတွက် ၂ဝ၁၉ မှာ ပိုပြီးကံကောင်းအောင် သွန်းဆက်ဘာသာရေးတွေပိုလုပ်ဖြစ်တယ်။ သွန်းဆက်ကို အခုအချိန်အထိ အားပေးနေတဲ့ ပရိသတ်တွေအတွက် သွန်းဆက်အကောင်းဆုံးကြိုးစားသွားမယ်”လို့လည်း ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း၊ ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*