ညစောင့်…

ညစောင့်…
December 27, 2018 Asian Fame
ညစောင့်…

ညစောင့်သည် လက်ရိုက်သံချောင်းကိုဖြုတ်ယူ၍ တွဲလွဲဆွဲထား သော သံချောင်းရှည်ကို ဒေါင်ကနဲ တစ်ချက်ခေါက်လိုက်သည်။ ညဥ့် ၁၁ နာရီ။ ညစောင့်သည် စောင်ထူထူကြီးကို ခြုံကာ ကင်းတဲ မှာ ထိုင်နေသည်။ ညစောင့်သည် အိန္ဒိယလူမျိုး အဘိုးကြီးဖြစ်သည်။ ညစောင့်သည် မုတ်ဆိတ်ဖြူဖြူများနှင့် မျက်ကွင်းညိုညို နှာတံရှည် ရှည်၊ သူ့ထံမှ နွားနို့နံ့ကို ရတတ်သည်။ ညစောင့်သည် အသက် ၇ဝ နားနီးပြီဖြစ်သော်လည်း ဖျတ်လတ်သန်မာနေဆဲပင်ရှိနေသည်ဟု ထင်မှတ်ရသည်။ ညစောင့်သည် ကုန်လှောင်ဂိုဒေါင်ကြီးတစ်ခုကို စောင့်ရခြင်းဖြစ်သည်။

အပြင်ဘက်မှာ နှင်းတွေတသဲသဲ ကျဆင်း နေသည်။ ညစောင့်သည် ကင်းတဲငယ်ကလေးရှေ့၌ မီးဖိုထားသည်။ မီးဖိုမှာ ငြိမ်းလုပြီ။ မီးဖိုမှ တလူလူ အူထနေသော မီးခိုးကျဲကျဲသည် ညထဲက တသဲသဲ ကျဆင်းလာ နှင်းများနှင့် ရောယှက်သွားသည်။ နှင်းစက်တစ်ပေါက် မီးဖိုထဲသို့ ကျဆင်းသွားသောအခါ ရှဲဟုမြည် သည်။ ညစောင့်သည် တစ်ခါတရံ ဂန်ဂျားနည်းနည်းသုံးသည်။ ည စောင့်သည် များသောအားဖြင့် အလုပ်ချိန်တွင် ဂန်ဂျားသုံးလေ့မရှိ။ ညစောင့်သည် ရိုးဖြောင့်သူဖြစ်သည်။ ညစောင့်သည် သစ္စာစောင့် သိသူဖြစ်သည်။ ထို့ကြောင့်ပင် ဤအသက်အရွယ်အထိ သူ့ကို တာဝန်ပေးခိုင်းစေထားခြင်းဖြစ်သည်။ ဤဒွန္ဒယာကြီးထဲတွင် သူ သည် ညစောင့်အဘိုးကြီး အဖြစ် ပါဝင်သည်။ ထို့အတွက် သူ အမြဲ ကျေနပ်သည်။ ညစောင့်အလုပ်သို့ လာပြီဆိုလျှင် သူ၏သမီးဖြစ်သူ က ဒန်ချိုင့်ထဲတွင် နွားနို့တစ်ဝက်မျှ ထည့်ပေးလိုက်မြဲဖြစ်သည်။

သူ၏သမီးက ရံဖန်ရံခါ ဆာရီခြုံထဲမှ ထုတ်ပေးတတ်သည်။ ည စောင့်သည် တစ်ညလုံးမအိပ်ဘဲ မိုးစင်စင် လင်းအောင် တွေးတော ကြည့်နေခဲ့ဖူးသည်။ ဤဒွန္ဒယာကြီးထဲ၌ သူဋ္ဌေးကြီးဖြစ်လိုသူ၊ ဂျမား ဖြစ်လိုသူတွေ အများကြီးရှိသည်။ သူ့လိုညစောင့် ဖြစ်လိုသူမှာမူ အနည်းမျှသာ ရှိလိမ့်မည်ဟု ထင်သည်။ သူက ညစောင့်ဘဝကို ကျေနပ်ခဲ့သည်။ ညစောင့်သည် တစ်ညလုံးမအိပ်စက်ဘဲ မိုးကောင်း ကင်ထဲ ကြယ်ပွင့်များကို ကြည့်နေခဲ့ဖူးသည်။ ညစောင့်သည် ဂန်ဂျာ သုံးမိသည့်ညများဆိုလျှင် ပို၍ သတိထားကာ ဂိုဒေါင်တစ်လျှောက် လမ်းလျှောက်ကာ ခေါက်တုံ့ခေါက်ပြန် စေ့စေ့စပ်စပ်နှင့် နိုးနိုးကြား ကြား ရှိအောင်နေသည်။ ညစောင့်သည် ထိုညမျိုးများတွင် အာရာ ဒါးနား သီချင်းကို တိုးတိုးညည်းဆိုမိတတ်သည်။

ယခုတော့ ညစောင့်သည် သီချင်းမဆိုတော့ပြီ။ ညစောင့်သည် လက်ရိုက်သံ ချောင်းကို ဖြုတ်ယူကာ တွဲလွဲဆွဲထားသော သံချောင်းရှည်ကို ဒေါင် . . .ဒေါင်. . .ဟု နှစ်ချက်ခေါက်လိုက်သည်။ ညဥ့် ၂ နာရီ။ နှင်းပေါက်က မီးဖိုထဲသို့ ရှဲကနဲ ကျသွားပြန်သည်။ ညစောင့်သည် နွားနို့ဒန်ချိုင့်ကို မီးဖိုပေါ် တင်ထားလိုက်သည်။ ညစောင့်သည် စောင်ထူထူကြီးခြုံလျှက် ဂိုဒေါင်ဘက်သို့ တစ်လှမ်းချင်း လျှောက် သွားသည်။ ဂို ဒေါင်သည် သတ္တုအင်္ကျီဝတ်ထားသော သတ္တဝါကြီးတစ်ကောင်လို ညဥ့်ယံထဲမှာ ဝပ်နေသည်။ မဟုတ်ဘူး။ ဂိုဒေါင်သည် သတ္တုနံရံများနှင့် ဆောက်လုပ်ထားပြီး အမိုးခုံးနှင့် စတုရန်းတစ်ခုသဏ္ဍာန်ရှိသည်။ ဂိုဒေါင် ခေါင်မိုးအထက်၌ မိုးကုပ် စက်ဝိုင်းရှိပြီး လောကဓာတ်တစ်ခုလုံး ဖုံးလွှမ်းလုနီး ပါး နှင်းများတသဲသဲ ကျဆင်းနေသည်။ ညသည် အေးစက်တိတ်ဆိတ်နေသည်။ နှင်းပေါက်က မီးဖိုထဲသို့ ကျသွားပြန်သည်။ ဒီတစ်ခါ ရှဲလို့မမြည်တော့။ မီးဖို မှာ အေးစက်စပြုပြီ။ မီးသေပြီ။ နွားနို့ ဒန်ချိုင့်မှာ မီးဖိုပေါ်မှာရှိနေဆဲ။ သို့ရာ တွင် အေးစက်စ ပြုနေချေပြီတကား။

နေမျို

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*