လင်္ကာဒီပ ပြဇာတ်ကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့ခြင်း လုံးဝမရှိပါကြောင်း ဒါရိုက်တာမောင်သီ ပြောကြား

လင်္ကာဒီပ ပြဇာတ်ကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့ခြင်း လုံးဝမရှိပါကြောင်း ဒါရိုက်တာမောင်သီ ပြောကြား
December 26, 2018 Asian Fame
လင်္ကာဒီပ ပြဇာတ်ကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့ခြင်း လုံးဝမရှိပါကြောင်း ဒါရိုက်တာမောင်သီ ပြောကြား

လင်္ကာဒီပချစ်သူပြဇာတ်ကတော့ မန္တလေးမြို့မှာ နှစ်ရက်တာ ကပြခဲ့ပြီးဖြစ်ပါတယ်။ အမျိုးသားဇာတ်ရုံမှာ ကပြခဲ့တာဖြစ်ပြီး နှစ်ရက်လုံး အောင်မြင်ခဲ့ပါတယ်။ လင်္ကာဒီပအဖွဲ့ သားတွေအနေနဲ့လည်း ပြဇာတ်အတွက် ကြိုတင်ဇာတ်တိုက်ပြင်ဆင်မှုတွေကို အကြိမ် များစွာ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း နှစ်ရက်တာလုံး လာရောက်ကြည့်ရှုသူ အပြည့်နဲ့ အောင်မြင်မှုရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေရရှိခဲ့သလို ဝေဖန်မှု တွေလည်းရှိခဲ့ပါတယ်။ ဝေဖန်မှုဆိုတာကတော့ ဝတ်စုံဒီဇိုင်းပိုင်းနဲ့ ဆက်တင်ပိုင်းဆိုင်ရာတွေ မှာ ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုဝေဖန်မှုတွေအတွက်နဲ့ ပတ်သက်ပြီးလည်း ဒါရိုက်တာမောင် သီက သူ့တစ်ယောက်တည်းအပေါ်မှာပဲ အားလုံးတာဝန်ရှိပါကြောင်း ပြောလာပါတယ်။

”ဒီလင်္ကာဒီပပြဇာတ်ကြီးသည် အဓိကတာဝန်ရှိသူက ကျွန်တော်ပဲ ဖြစ်ပါတယ်။ အပြစ်မြင်မယ် ပြောမယ်ဆိုရင် အဲဒါတွေအားလုံးကို ကျွန်တော်ခံယူပါတယ်။ ကျန်တဲ့လူ တွေမှာတာဝန်မရှိပါဘူး။ ဆရာချစ်ဦးညိုသည် သူအောင်မြင်ပြီးသားဖြစ်တဲ့အတွက် ကြောင့် ပြဇာတ်ရဲ့ အောင်မြင်ခြင်းကျရှုံးခြင်းနဲ့ ပတ်သက်ပြီး ဆရာနဲ့မဆိုင်ပါဘူး။ ကျွန်တော့်အပေါ်ပဲပြောကြပါလို့ ကျွန်တော် ကြိုပြောခဲ့တာတွေရှိပါတယ်။ အခုလည်း ကျွန်တော်တာဝန်ယူပါတယ်။ အပြစ်ရှိရင်အမှားရှိရင် ကျွန်တော့်ကြောင့်လို့ပဲခံယူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်ခဲ့တဲ့ဟာအပေါ်မှာ ဖျက်လိုဖျက်ဆီးစိတ် ပြီးပြီးရောဖြစ်သလို တစ်ချို့ထင်နေသလို ကျွန်တော်တို့ လုံးဝမလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့ အချိန်ယူပြီးတော့ လုပ်ခဲ့ပါတယ်။ အားစိုက်ပြီးတော့လုပ်ခဲ့ပါတယ်။ လင်္ကာဒီပအပေါ်မှာ တအားကို တန်ဖိုး ထားလို့ ဂရုဏာဒေါသတွေဖြစ်ကြတာလို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမဲ့ အနုပညာဖန်တီး မှုတစ်ခုကို အစအဆုံး မကြည့်ရသေးဘဲနဲ့ အပြင်ပန်းဝတ်စားဆင်ယင်မှု တစ်ခုတည်းနဲ့ ပြောလာတဲ့အခါကျတော့ ကျွန်တော်တို့ အားစိုက်ထားတဲ့ ကျွန်တော်တို့ ကြိုးစား ထားတဲ့အရာတစ်ခုအတွက် စိတ်မကောင်းဖြစ်ရပါတယ်” လို့ ဒါရိုက်တာမောင်သီက ပြဇာတ်နဲ့ပတ်သက်လို့ သူ့မှာသာတာဝန်ရှိကြောင်းကို ပြောပါတယ်။

ပြဇာတ်ရဲ့ဆက် တင်ပိုင်းနဲ့ ပတ်သက်လို့လည်း ဇာတ်ရုံရဲ့ နေရာအဆင်မပြေမှုတွေကြောင့် တစ်ချို့ ဆက်တင်ပစ္စည်းတွေကို လျှော့ချပစ်လိုက်ရတာမျိုးတွေလည်း ရှိကြောင်းလည်းသိရပါ တယ်။

”ပစ္စည်းတွေက မလွတ်တဲ့ဟာတွေ အများကြီးရှိတယ်။ တောင်တွေဆိုရင် ဖြုတ်လိုက်ရတယ်။ ဆက်တင်ပိုင်းတွေမှာ ကျွန်တော်အများကြီး လျှော့လိုက်ရတာတွေရှိ တယ်။ ကျွန်တော်တို့အနေနဲ့ ပြဇာတ်ကိုကတဲ့ အချိန်မှာတော့ ကျွန်တော်တို့ တတ်စွမ်း နိုင်သလောက် အကုန်လုံးသည် အားလျော့တာ တစ်ခုမှမရှိပါဘူး။ အနုပညာအရကော စိတ်ကူးစိတ်သန်းအရကော ကြည့်တဲ့ပရိသတ်တွေတန်အောင် ကြည့်တဲ့ပရိသတ်တွေ နှစ်ခြိုက်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ချို့ယွင်း ချက်ကြောင့် အမှားအယွင်းတွေဖြစ်ပေါ်လာတယ်။ အဲဒါကိုလည်း ဝန်ခံပါတယ်။ ကျွန်တော်တို့ ပြ ဇာတ်သည် စင်းလုံးချောလုံးဝပြည့်စုံသောလို့ ကျွန်တော်တို့မပြောပါဘူး။ ကျွန်တော့်တို့ စွမ်းအင်နဲ့သိသလောက်၊ တတ်သလောက်လုပ်ထားပါတယ်။ ဒါကတော့မလျော့ပါဘူး” လို့ ဆက်တင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဒါရိုက်တာမောင်သီက ပြောပါတယ်။ လင်္ကာ ဒီပပြဇာတ်ကို ရန်ကုန်နဲ့ စင်ကာပူမှာထပ်မံ ကပြမယ်လို့ ကြားနေရတဲ့အတွက် ဒါရိုက်တာ မောင်သီကို မေးကြည့်တဲ့အခါမှာတော့ ပရိုဂျုစာအပေါ်ပဲ မူတည်ပါကြောင်း ပရိုဂျုစာ ကတော့ ဆက်ကမယ်လို့ပြောကြောင်း၊ သူ့အနေနဲ့ကတော့ ထပ်လုပ်ချင်တယ်လို့လည်းမဟုတ် သလို မလုပ်ချင်ဘူးလို့လည်း မဟုတ်ကြောင်း မောင်သီကပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*