လူငယ် နဲ့ မူးယစ်ဆေး

လူငယ် နဲ့ မူးယစ်ဆေး
December 19, 2018 Asian Fame
လူငယ် နဲ့ မူးယစ်ဆေး

ပေါ်ပြူလာပရိသတ်များအတွက် မူးယစ်ဆေးဝါးကြောင့် ဘဝပျက်ခဲ့ကြတဲ့ လူငယ်တွေအပါ အဝင်အနုပညာရှင်အချို့ကို လူငယ်ပရိသတ်တွေကဘယ်လိုမြင်နေကြလည်း လူငယ်တွေအနေနဲ့ မူးယစ်ဆေးအပေါ် ဘယ်လိုသိနားလည်ထားသလဲဆိုတဲ့အကြောင်းတွေကို လူငယ်နဲ့မူးယစ်ဆေးဆိုတဲ့ ခေါင်းစဉ်နဲ့ စုစည်းဖော်ပြလိုက်ရပါတယ်။

မဇင်မီ
မူးယစ်ဆေးဆိုတာလူငယ်တွေရဲ့အနာဂတ်ဘဝကိုဖျက်စီးပစ်တဲ့ ဆေးတစ်မျိုးပါ။ မူးယစ်ဆေးအများ စုက များသောအားဖြင့် ရာမ၊ ကြယ်သီး၊ ရာဘ၊ မြင်းဆေး၊ ice အစရှိတဲ့ အမျိုးအစား အမျိုးမျိုးကို ဝယ်ယူသုံး စွဲနေကြတာတွေ့ရပါတယ်။ လူငယ်တွေ အများဆုံးသုံးတဲ့ မူးယစ်ဆေးဝါးတွေကို ကျောင်းပတ်ဝန်းကျင်၊ ဘူတာအစရှိတဲ့ နေရာတွေမှာ အလွယ်တကူ ရနေတာမျိုး မဖြစ်သင့်ပါဘူး။

မူးယစ်ဆေးဝါးသုံးခြင်းဖြင့် ထောင်ဒဏ် ၅ နှစ် အထိအများဆုံး ကျခံနိုင်ပါတယ်။ ယခုပြဋ္ဌာန်းချက် အရ ဆေးသုံးစွဲနေတဲ့ လူငယ်တွေကို ထောင်ဒဏ်အစား လူမှုရေး ပြစ်ဒဏ်များကို ပြောင်းလဲ ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။ မူးယစ်ဆေး တိုက်ဖျက်ခြင်းအတွက် AHEAD organization နဲ့အတူ ပူးပေါင်း ပါဝင်နိုင်ပါတယ်ရှင်။ ဇင်မီကိုယ်တိုင်လည်း ပါဝင်ဖြစ်ပါတယ်။ ပါဝင်ဖို့လည်း ဖိတ်ခေါ်ပါရစေ။

မူးယစ်ဆေးကြောင့် ဘဝပျက် နေခဲ့ရတဲ့သူတွေထဲမှ လတ်တလော မူးယစ်ဆေးမှုနဲ့ ထောင်ကျခဲ့ရတဲ့ အနုပညာရှင်တယောက်အတွက် ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အပေါ် စိတ်မကောင်းဖြစ်မိပါတယ် မူးယစ်ဆေး သုံးစွဲမှုဟာ တစ်ခဏပေမဲ့ တစ်ဘဝစာ အမဲစက် ထင်ကျန်နေနိုင်တာကြောင့် သုံးစွဲတဲ့သူတွေအနေနဲ့ တဖြည်းဖြည်းချင်း ပြင်ယူသွားကြပါလို့ အကြံပြုပါရစေ။

မူးယစ်ဆေးဝါးဆိုတာ မသုံးသင့်တဲ့ အန္တရာယ်ရှိပြီး ဘဝပျက်စေနိုင်တဲ့ ဆေးဝါးတမျိုးပါ။ တိုင်းပြည်ရဲ့ အားကိုးအားထား ပြုရမယ့် ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ လမ်းမှားရောက် နေသူတွေကို ပြုပြင်ပေးနိုင်ဖို့အတွက် ကိုယ်ကိုယ်တိုင် မူးယစ်ဆေးကို မသုံးဘဲ ရှောင်ရှားကြပါစို့လို့ ပြောချင်ပါတယ်ရှင့်။

မကျော့ကေသီနိုင်
မူးယစ်​​ဆေးဝါးဆိုတာ ဘာတွေလဲဆိုတော့ ကျွန်မသိသလောက်​​ပြောရရင် ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ ဆေးရွက်ကြီး၊ စိတ်ကြွဆေးပြား WY အစရှိသဖြင့်ပေါ့နော်။ မူးယစ်ဆေးဝါးကို ကိုယ်တိုင်တော့ မသုံးဖူးပါဘူး ပတ်ဝန်းကျင်မှာသုံးတာ မြင်ဖူးပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွက် ပါဝင်ကူညီချင်ပါတယ်ရှင့်။ ကျွန်မအနေနဲ့ အနုပညာကို ဝါသနာလည်းပါတယ် ချစ်လည်း ချစ်မြတ်နိုးတယ်ဆိုတော့ ခုလို အနုပညာရှင်တချို့ မူးယစ်ဆေးမှုနဲ့ ထောင်ကျနေအပေါ် ခံစားချက်က တကယ် စိတ်မကောင်းဘူးပေါ့နော်။ ပရိသတ်တွေရဲ့ idolတွေ စံပြတွေအနေနဲ့ ဒါမျိုးလည်း မလုပ်သင့်ဘူးလို့ မြင်မိတယ်ပေါ့။ မူးယစ်ဆေးသုံးတဲ့ သူတွေကို အကြံပေးချင်တာက မကောင်းတဲ့အတွက် ကျန်းမာရေးလည်း ထိ ခိုက်တာကြောင့် မသုံးနဲ့လို့ပဲ အကြံပေးချင်ပါတယ်။ မူးယစ်ဆေးဝါးကြောင့် ဘဝပျက်တဲ့သူတွေ မြင်ဖူးပါ တယ်။ မူးယစ်ဆေးဝါးကို မသုံးသင့်ဘူးလို့ ပြောကြတဲ့အပေါ် ကျွန်မရဲ့ ထင်မြင်ချက်ကတော့ ဒီမူးယစ်ဆေးကို သုံးစွဲတဲ့ လူတယောက်အနေနဲ့ သူသုံးစွဲတဲ့ဟာက သူ့အတွက်တော့​ကောင်းရင်​ကောင်းလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့လူမှုရေးတာဝန် စီးပွားရေး အကုန်လစ်ဟင်းမယ်။ သူ့ရဲ့ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ထိခိုက်မယ်။ နောက်ဆုံး သူဆေးစွဲလာပြီး စိတ်တွေပါ ဖောက်ပြန်လာရင် တခြားသူတွေအတွက်လည်း အန္တာရယ်ရှိ လာနိုင်တယ်လေ။ မူးယစ်ဆေး အနေနဲ့ လူငယ်ချင်းချင်း အကြံပေးချင်တာက မသုံးနဲ့ပေါ့နော်။ သုံးလိုက်ရင် ကိုယ့်လူငယ်ဘဝ ပျောက်ဆုံးမယ်၊ အညွှန့်ကျိုးမယ်။ ပတ်ဝန်းကျင်လည်း ထိခိုက်မယ်။ အဲဒါကြောင့် လုံးဝမသုံးစွဲဖို့ အကြံပေးချင်တာပါ။ ပြီးတော့ နောက်တစ်ခုက အစိုးရပေါ့နော်။ အစိုးရရဲ့ ဥပဒေကလည်း ဒီမူးယစ်ဖြန့်ချိတာတွေနဲ့ ပတ်သက်ပြီး တင်းတင်းကြပ်ကြပ် အရေးယူ သင့်တယ်ပေါ့။ အရင်းဆုံး ဖြန့်ချသူတွေကို တားဆီးနိုင်မှ သုံးစွဲသူလည်း နည်းပါးလာပါမယ်။

မောင်အောင်ခန့်
မူးယစ်ဆေးဝါး ဆိုတာကတော့ ရာမ၊ တပ၊ ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ ဘိန်းခြောက် ဒါတွေပါဝင် ပါတယ်။ ကိုယ်တိုင်တော့ မသုံးဘူးပေမယ့် သူငယ်ချင်းတွေ သုံးတာတော့ မြင်ဖူးတယ်။ မူးယစ်ဆေးဝါး သုံးသူတွေရဲ့အပြစ်ကတော့ အရင်ဆုံး ဆေးစွဲလာမယ်။ ပြီးတော့ ညဘက်တွေ မအိပ်ဖြစ်ဘူး။ ည ဆေးအရှိန် တက်နေမယ် မျက်ကွင်းညိုပြီး လူပိန်လာမယ် ထုံထိုင်းထိုင်းဖြစ်ပြီး အစာမစား ဆေးဘက်ကို ဦးတည်ပြီး သုံးစွဲ ဖြစ်လာမယ်။ ကိုယ်ကပိုက်ဆံ မရှိလို့ မဝယ်သုံးနိုင်တော့ရင်ခိုးမယ်။ အိမ် ကမိဘတွေကို ဒုက္ခပေးမယ် အမျိုးမျိုးပေါ့ဗျာ။ နောက်ဆုံးတော့ ဥပဒေနဲ့ အညီ နိုင်ငံတော်က ပြစ်ဒဏ်ပေးတဲ့ အထိပေါ့။ မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို ဝင်ရောက်ပါဝင်ချင်ပါတယ်။ လောလောဆယ်လည်း သုံးနေတဲ့ သူငယ်ချင်းတွေရှိရင်တောင် ဒီလိုအရာမျိုးကို မသုံးဖို့ တိုက်တွန်းမှာပါ။ ကိုယ်တိုင်ကလည်း ဒါမျိုးသုံးတာကို မကြိုက်သလို အားပေးမှာလည်း မဟုတ်ပါဘူး။ အနုပညာရှင် အချို့ပေါ့နော် မူးယစ်ဆေးဝါးနဲ့ ပက်သက်ပြီး ထောင်ကျတဲ့အပေါ် ကျွန်တော့် အမြင်ကတော့ ရိုးရှင်းပါတယ်။ အနုပညာသမားတိုင်းတော့ မဟုတ်ပါဘူး။ နာမည်လေးရလာ လက်ထဲအနုပညာကြေးလေး ခိုင်ခိုင်မာမာရှိလာပြီဆိုရင် ဒါတွေကိုလုပ်တဲ့ သူကများတယ်ဗျ။ အထူးသဖြင့် ဒီအရာကို သူတို့လုပ်ထားရင် လန်းဆန်းတယ်၊ တက် ကြွတယ်။ ဒါမျိုး ခံယူချက်ကြီးနဲ့ပေါ့ဗျာ။ ပိုက်ဆံလည်း သုံးနိုင်တာလည်း ပါတာပေါ့။ အဲ့လိုတွေကြောင့်လည်း ဥပဒေက ဘယ်သူဖြစ်ဖြစ် နားလည်မပေးနိုင်ဘူးလေ။ နောက်ဆုံးတော့ ထောင်ထဲ ရောက်ကြရတာပဲ။ ခံစားချက်ကတော့ အမှားကိုသိသွားပြီ ဆိုရင်တော့ အမှန်ကိုပြင်လိုက်ပေါ့ ဗျာ။ မကောင်းဘူးလို့ယူဆရင် ဆက်မလုပ်တာ အကောင်းဆုံးပါပဲ။ မူးယစ်ဆေးဝါးနဲ့ ပက်သက်ပြီး ဘဝပျက် သူတွေကိုတော့ မြင်ဖူးတယ်ဗျ။ တချို့ဆေးရုံမှာတောင် ရှိတယ် မူးယစ် ဆေးဖြတ်သူတွေပေါ့။ ဘဝလည်းပျက်ရော၊ သူတို့ဖြတ်ကြသေးတယ်။ အနည်းဆုံး အိမ်ပေါင်တဲ့အဆင့်ထိကို မြင်ဖူးတယ်ဗျ။ ဘာကြောင့် မူးယစ်ဆေးဝါးကို မသုံးသင့်ဘူးလည်းဆိုတော့ ဒီအရာက မကောင်းဘူးလို့ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေတော်တော် များများက ယူဆထားတာလေ။ တီဗွီမှာရော သတင်းစားတွေ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို ကြေငြာတယ် လိုက်မလုပ်ဖို့ တားဆီးတယ် အချိန်နဲ့ တစ်ပြေးညီ နိုင်ငံတကာကလည်း တိုက်ဖျတ်နေကြပါတယ်။ မူးရစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကောင်းတဲ့သတင်းဆိုလို့ မကြာဖူးပါဘူး။ သူ့ရဲ့ဆိုးကျိုးတွေကို လူတိုင်း သိနေတာပဲဗျ။ ကျွန်တော်ပြောချင်တာပေါ့ဗျာ။ ခုခေတ်လူငယ်တွေ ကျွန်တော်တို့လို အနုပညာသမားတွေ လူတိုင်းလူတိုင်းပေါ့ဗျာ။ ဒီမူးယစ်ဆေးဝါးဆိုတဲ့ အရာကြီးကို မသုံးစွဲ မိပါစေနဲ့ သုံးတဲ့သူတွေ့ရင်လည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အရာတွေကို ရှင်းပြပြီးရင် နောက်မလုပ် ဖို့မှာပေါ့ဗျာ။ ဒီလိုမျိုးအရာကြီးကို သုံးစွဲနေမယ့် အချိန်တွေအစား ကိုယ်ဝါသနာပါတဲ့အရာ ကိုယ့်မိဘအ တွက်၊ ကိုယ့်နိုင်ငံအတွက် အလုပ်တွေ ကိုပဲကြိုးစားပေးပါ။ ဘယ်တော့မှ မကောင်းတဲ့ အရာတွေကို ကိုယ့်ဘဝ၊ ကိုယ့်မိဘ၊ ကိုယ့်အသက်တွေနဲ့ မလဲလှယ်ကြပါနဲ့လို့ ကျွန်တော် အောင်ခန့် ကနေပြီး အထူးတလည် မှာကြားချင်ပါတယ်ဗျာ။

GG (Female Vocalist)
မူးယစ်ဆေးဆိုတာ လူတွေရဲ့ စိတ်တွေကိုထွေပြားပြီး စိတ်ကြွရူးသွပ်စေတဲ့ ဆေးဝါးတွေပါပါတယ်။ပတ်ဝန်းကျင်မှာ သုံးတာတော့ မမြင်ဖူးပါဘူး။ မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးအပြစ်တွေကို သိပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျတ်ဖို့ဆိုရင် ပါဝင်ကူညီဖို့ အသင့်ရှိပါတယ်။ အနုပညာရှင် အချို့ရဲ့ မူးယစ်ဆေးမှုနဲ့ ထောင်ကျနေကြတဲ့အပေါ် ခံစားချက်က အင်မတန်မှကို စိတ်မကောင်း ဖြစ်မိတယ်။ စိတ်အလိုလိုက်ပြီး မမှားသင့်မလုပ်သင့်တဲ့ မူးယစ်သားကောင် ဖြစ်သွားရတဲ့ အနုပညာသမားတွေရဲ့ တန်ဖိုးရှိတဲ့ အနုပညာတွေအတွက်လည်း ဝမ်းနည်းပြီးနှမြောမိပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဘယ်လိုအကြံပေးရမလည်းဆိုရင် မူးယစ်ဆေးဝါး သုံးစွဲမှုတွေ လျှော့နိုင်သလောက်လျှော့ပြီး မူးယစ်သားကောင် ဘဝမရောက်ခင် အမြန်ရုန်းထွက်နိုင်အောင် ကြိုးစားကြပါလို့ အကြံပေးချင်ပါတယ်။ မူးယစ်ဆေးဝါးကြောင့် ဘဝပျက်သူတွေကိုလည်း မြင်ဖူးပါတယ်။ မူးယစ်ဆေးဝါးကို မသုံးသင့်ဘူးလို့ ပြောကြတာဟာ ဒီမူးယစ်ဆေး ဝါးသုံးလို့ရတဲ့ရလဒ်က လူတွေရဲ့စိတ်ဓါတ်တွေ မိသားစုဘဝ လူမှုရေးဘဝတွေအတွက် ဘယ်လိုမှကောင်းကျိုး မဖြစ်ပဲ အဆိုးဘက်တွေကိုသာ ဖြစ်စေလို့ပါ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လူငယ်အချင်းချင်း အကြံပေးချင်တာက မူးယစ်ဆေးဝါးကို လုံးဝလုံးဝမသုံးစွဲကြပါနဲ့ မစမ်းသပ်ကြပါနဲ့လို့ အကြံပေးချင်ပါတယ်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*