ခရီးသွားရာသီနှင့် သူတို့သွားချင်တဲ့ နေရာဒေသ

ခရီးသွားရာသီနှင့် သူတို့သွားချင်တဲ့ နေရာဒေသ
December 18, 2018 Asian Fame
ခရီးသွားရာသီနှင့် သူတို့သွားချင်တဲ့ နေရာဒေသ

ခရီးသွားရာသီရောက်ပြီဆိုတာနဲ့ အားလုံးက ခရီးသွားဖို့ ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်။ ထို့အတူပဲ အနုပညာရှင်တွေအနေနဲ့လည်း ဒီလိုရာသီကာလမှာ သူတို့သွားချင်တဲ့ နေရာဒေသတွေက ဘယ်လိုနေရာတွေလဲဆိုတာ မေးမြန်းတင်ဆက်လိုက်ရပါတယ်။

သဉ္ဇာ

ဆောင်းရာသီရောက်ပြီဆိုတော့ သဉ္ဇာ မိသားစုနဲ့ အတူတူ ခရီးထွက်ချင်တယ်။ ဒီဇင်ဘာကျောင်းပိတ်ရက်၊ ခရစ်စမတ်လည်းနီးပြီဆိုတော့ ကျိုက်ထီးရိုး သွားချင်တယ်။ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်လေးနဲ့ ချောင်းသာ၊ ငွေဆောင်ကမ်းခြေဘက်တွေလည်း သွားချင်တယ်။ နောက်တစ်ခုက တောင်ကြီးတို့၊ အင်းလေးတို့ကိုလည်း မိသားစုနဲ့ အတူတူ သွားချင်တယ်။ ခရီးသွားရင်း အမှတ်တရဆို ကျိုက်ထီးရိုးသွားတုန်းက သဉ္ဇာရဲ့ အစ်ကိုတွေ၊ အစ်မတွေ အကုန်လုံး မိသားစုတွေ စည်းစည်းလုံးလုံးခရီးသွားတာ အရမ်းပျော်တယ်။ သဉ္ဇာ နှစ်တန်း သုံးတန်းလောက်ပဲ ရှိအုန်းမယ်။ အဲဒီအချိန်လေးကို အခုထိ အမှတ်ရနေတုန်းပဲ။ ပြန်သွားချင်တယ်။ အခု ၂ဝ၁၈ မှာလည်း အစ်ကိုတွေ၊ အစ်မတွေနဲ့ မိသားစု စည်းစည်းလုံးလုံး ထပ်သွားချင်တယ်။ ဒါပေမဲ့ သူတို့တွေက အခုအချိန်မှာ အလုပ်တွေ ကိုယ်ဆီနဲ့ မအားကြတော့ဘူး။ ဖြစ်နိုင်ရင် မိသားစုစုံစုံလင်လင်လေး ထပ်သွားချင်သေးတယ်။

နီလန်း

နီလန်းက ချင်းတောင်ကဆိုတော့ ချင်းတောင်ရဲ့ အလှကို ပရိသတ်ကို ချပြချင်တယ်။ တချို့လူတွေ ဆိုရင်​ ချင်းတောင်သွားဖို့ကို လမ်းပန်းဆက်သွယ်ရေး တအားခက်ခဲလို့ သွားဖို့ကို မစဉ်းစားကြဘူး။ သွားရလာရတာ သိပ်အဆင်မပြေဘူးလို့ ထင်ကြတယ်။ နီလန်းတို့ ချင်းတောင်ကို လာလည်ကြပါ။ ချင်းတောင်ရဲ့ အလှက တအားကိုလှပပါတယ်။ ချင်းတောင်ရောက်ရင် ပထမဆုံး မြင်ယောင်မှာက တောင်တန်းလေးတွေ၊ အခုအချိန်ဆို ချယ်ရီပန်းလေးတွေ ပွင့်နေပြီ။ သီမြစ်ချောင်းဆိုလည်း ချောင်းရေက တော်တော်ကိုအေးတာ။ စိမ့်နေတာပဲ။ ရေကလည်း ကြည်တယ်။ ရှု့ခင်းကလည်း လှတယ်။ ဟားခါး View Point ကနေကြည့်မယ်ဆိုလည်း အပေါ်စီးကနေ မြင်ရတဲ့ရှု့ခင်းက စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ တအားလည်းလှတယ်။ နီလန်းတို့ ချင်းပြည်ရဲ့ ရိုးရာအိမ်လေးတွေဆိုလည်း ဘယ်တိုင်းရင်းသားတွေနဲ့မှ မတူဘူး။ ရိုးရိုးလေးတွေနဲ့ လှတယ်။ ရိုးရာအိမ်တွေက ထူးဆန်းတယ်။ ပရိသတ်တွေကို လာကြည့်စေချင်တယ်။ နီလန်းပြိုင်ပွဲတုန်းက ဆိုထားတဲ့ ချယ်ရီမြို့ဆိုတဲ့ သီချင်းကို ချင်းပြည်မှာ ပြန်ပြီး MTV ရိုက်ဖို့လည်းရှိတယ်။ ချင်းပြည်ရဲ့ အလှအပတွေကို ပရိသတ်တွေကို သိသွားအောင်​ နီလန်း ကြိုးစားသွားဦးမှာပါ။

လှယမင်းအိမ်

ညီမက မြိတ်ဘက်က ကျွန်းတွေကို ခရီးသွားချင်တယ်။ ညီမက ဟိုငယ်ငယ်လေးကတည်းက ပင်လယ်ကို သဘောကျတယ်။ ကြိုက်တယ်။ ခရီးသွားမယ်ဆို ပင်လယ်ဘက်ကို သွားချင်တယ်။ ပြီးတော့ပုဂံသွားရတာလည်း ကြိုက်တယ်။ မြန်မာ့ရှေးဟောင်း အမွေအနှစ်တွေ အများကြီးရှိလို့ ပုဂံဘုရားတွေ အကြောင်း ဗိသုကာလက်ရာတွေ အကြောင်းကို လေ့လာရတာ ကြိုက်တယ်။ မြန်မာပြည်ကို လွမ်းလို့ ပြန်​လာရတော့မှာဆိုပြီး မနည်းအားတင်းနေရတယ်။ ပြန်ရောက်တာနဲ့ ခရီးတွေထွက်မယ်​။

ပန်းသော်တာ

အခု ဒီဇင်ဘာထဲမှာ ပုဂံဘုရားဖူး သွားချင်တယ်။ ချောင်းသာဘက်က ဂျိတ်လက်ကျွန်း အဲဒီကို သွားချင်တယ်။ ရေကြည်ကြည်လေးတွေနဲ့ သူများတွေ တင်ထားတာ ကြော်ငြာထားတာတွေ့တယ်။ တစ်ခါမှ မရောက်ဖူးဘူး။ အဲဒီဘက်တွေက အခုအချိန်​ဆောင်းရာသီရာသီဥတု အေးအေးလေးနဲ့ တအားနေ လို့ကောင်းမှာ။ ကမ်းခြေဆိုလည်း ကမ်းခြေအလျောက်​ဆောင်းလေလေး တဖြူးဖြူးနဲ့ အဲဒီလိုနေရာတွေကို သွားချင်တယ်။ မေမေ၊ ဖေဖေနဲ့က ပုဂံဘက်က ဘုရားဖူး သို့မဟုတ်​ မန္တလေးဘုရားဖူး သွားချင်တယ်။ လူကြီးတွေနဲ့ ဘုရားဖူး ပိုသွားချင်တယ်။ ပို့ပေးချင်တယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*