အနုပညာအလုပ်နဲ့ ခရီးတွေထွက်ရင်း မြန်မာပြည်အနှံ့ကို ရောက်ဖြစ်နေကြတဲ့ အနုပညာရှင်များ

အနုပညာအလုပ်နဲ့ ခရီးတွေထွက်ရင်း မြန်မာပြည်အနှံ့ကို ရောက်ဖြစ်နေကြတဲ့ အနုပညာရှင်များ
December 17, 2018 Asian Fame
အနုပညာအလုပ်နဲ့ ခရီးတွေထွက်ရင်း မြန်မာပြည်အနှံ့ကို ရောက်ဖြစ်နေကြတဲ့ အနုပညာရှင်များ

အနုပညာအလုပ်လုပ်ပြီဆိုတာနဲ့ မြန်မာပြည်အနှံ့ ခရီးတွေတောက်လျှောက် ထွက်ကြရတာတော့တာ ပါပဲ။ ဘာကြောင့်လဲဆိုရင် ရုပ်ရှင်ပိုင်းက သရုပ်ဆောင်တွေဆိုရင်လည်း နယ်တွေထွက်ပြီး ရိုက်ကူးရေးတွေ လုပ်ကြရပါတယ်။ အဲဒီအခါမှာလည်း သူတို့အနေနဲ့ သူတို့ရောက်တဲ့ နေရာဒေသက ပရိသတ်တွေနဲ့ တွေ့ဆုံရင်း ဒေသရဲ့ဗဟုသုတတွေကိုလည်း လေ့လာလို့ ရကြပါတယ်။ ဂီတပိုင်းက အဆိုတော်တွေဆိုရင်လည်း ရန်ကုန်ပွဲတွေအပြင် မြန်မာပြည်အနှံ့ကို သွားရောက်ပြီးဖျော်ဖြေပွဲတွေ သီဆိုကြရလေ့ရှိပါတယ်။ အဲဒီအခါမှာလည်း သူတို့တွေအနေနဲ့ တစ်လအတွင်းမှာပဲ မြို့ပေါင်းများ စွာဖျော်ဖြေရလေ့ရှိပါတယ်။ လစဉ် ခရီးတွေသွားရင်းနဲ့ သူတို့က တေးသီချင်းတွေကို မနားတမ်း ဖျော်ဖြေကြရင်းပေါ့။ ဒီလိုပဲဇာတ် အဖွဲ့တွေ ဆိုရင်လည်း မြန်မာပြည် အောက်ပိုင်းကပြဖျော်ဖြေမှုတွေ ပြီးတဲ့နောက်မှာ တော့ မြန်မာပြည်အထက်ပိုင်းနဲ့ အလယ်ပိုင်းနေရာတွေကို သွားရောက်ပြီး ကပြတင်ဆက်ကြရပါတယ်။ တ ချို့ခရီးတွေဆိုရင် တော်တော်လေးကို ဝေးလံခေါင်သီတဲ့ နေရာဒေသတွေအထိ သွားရောက်ကပြတင်ဆက်ကြတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုသွားရခြင်းကလည်း အဲဒီနေရာဒေသတွေက ပရိသတ်တွေအနေနဲ့ မြန်မာ့ဇာတ်သဘင်ကို ကြည့်ရှုစေချင်တာရယ် ဇာတ်သဘင်ကို ပျံ့နှံ့စေချင်တာရယ်ကြောင့် ဖြစ်တယ်လို့လည်း သဘင် အနုပညာရှင်တွေက ပြောကြပါတယ်။

ဒါကြောင့်လည်း အနုပညာရှင်တွေ အတွက်ကတော့ ခရီးသွားရာသီရယ်လို့ သီးသန့်မရှိတော့ဘဲ အလုပ် တစ်ခုခုပေါ်လာပြီဆိုတာနဲ့ ခရီးက ထွက်ရတော့တာပါပဲ။ သူတို့တွေ အနေနဲ့လည်း အားလပ်တဲ့အချိန် ဆိုတာ တအားရှားပါးကြတာကြောင့် အနုပညာအလုပ်နဲ့ ခရီးတွေထွက်ရင်းနဲ့ပဲ အပန်းဖြေကြရတာမျိုးပါ။ သို့ပေမယ့်လည်း သူတို့တွေ အနေနဲ့ သူတို့အားလပ်တဲ့ အချိန်တွေမှာတော့ သူတို့တကယ် သွားရောက်ချင်တဲ့ နေရာဒေသပဲဖြစ်ဖြစ်၊ ဘုရားဖူးသက်သက်ပဲဖြစ်ဖြစ် သွားဖြစ်တာမျိုးတွေလည်း ရှိပါတယ်။ သူတို့က သူတို့ရောက်ရှိတဲ့ နေရာဒေသတွေရဲ့ ထူးခြားမှုတွေ လှပမှုတွေကိုလည်း ဓါတ်ပုံတွေရိုက်ပြီး Facebook မှာတင် ပေးလေ့ရှိကြပါတယ်။ ဒါကလည်း သူတို့ချစ်တဲ့ ပရိသတ်တွေကို တွေ့မြင်စေချင်လို့ပဲဖြစ်ပါတယ်။ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့ အနုပညာရှင်တွေ ဆိုရင်လည်း လှပတဲ့ရှုခင်းတွေကို ဓါတ်ပုံတွေ ရိုက်ရင်း အမှတ်တရ အနေနဲ့ သိမ်းထားတတ်ကြပါတယ်။ အခုဆိုရင်လည်း ခရီးသွားရာသီလို့ သတ်မှတ်ကြတဲ့ ဒီဇင်ဘာကာလ ကိုရောက်ရှိလို့လာပါပြီ။ ဒီလမှာလည်း အနုပညာရှင်တွေကတော့ ခရီးတွေထွက်ရင်းနဲ့ အနုပညာအလုပ် လုပ်တွေလုပ်ရင်းနဲ့ပဲ ခရီးသွားလကိုကုန်ဆုံးကြမှာပဲဖြစ်ပါတယ်။ ခရီးတွေ ထွက်ခြင်းကတော့ ဒေသန္တာရ ဗဟုသုတတွေများစွာရရှိသလို စိတ်ကိုလည်း အပန်းဖြေ လန်းဆန်းစေပါတယ်။ ဒါကြောင့်လည်းခရီးတွေ ထွက်ကြဖို့ အနုပညာရှင်တွေကတိုက် တွန်းကြလေ့ရှိပါတယ်။ ၂ဝ၁၈ ခုနှစ် ကကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လန်းဆန်းတက်ကြွစေမယ့် ခရီးတွေသွားရင်းနဲ့ပဲ ၂ဝ၁၉ ခုနှစ်ကို ကြိုဆိုနှုတ်ခွန်းဆက်လိုက်ကြပါစို့ ရဲ့…။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*