ဧယဉ်ကျုးဖို့အတွက် စာတွေကျက်နေတဲ့ ဝင်းသပြေထွန်း

ဧယဉ်ကျုးဖို့အတွက် စာတွေကျက်နေတဲ့ ဝင်းသပြေထွန်း
December 11, 2018 Asian Fame
ဧယဉ်ကျုးဖို့အတွက် စာတွေကျက်နေတဲ့ ဝင်းသပြေထွန်း

သဘင်မင်းသမီး ဝင်းသပြေထွန်းက အခုလတ်တလောမှာတော့ စာကျက်နေပါတယ်။ စာကျက်နေရခြင်း အကြောင်းကတော့ မတ်လလောက်က စတင်ပြီး သူဦးဆောင်ကာ ဧယဉ်ကျုးဖို့အတွက် ပါဠိစကားလုံးတွေကို ကျက်နေရခြင်းပဲ ဖြစ်ပါတယ်။ သူက ဧယဉ်ကျုးနဲ့တော့ သိပ်မစိမ်းပါဘူး။ ဘာကြောင့်လဲဆိုရင် သူ့အမေကိုယ်တိုင်က လက်ရှိမှာ ဧယဉ်ကျုးနေတဲ့ မင်းသမီးတစ်ဦး ဖြစ်တာကြောင့် မိခင်ဆီကနေ ဧယဉ်ကျုးတဲ့ ပညာကို မြင်နေသိနေတဲ့အတွက် သိပ်မစိမ်းဘူးလို့ ပြောရခြင်းပါ။ မိခင်ဖြစ်သူနဲ့ လိုက်ပါရင်း မိခင်ဖြစ်သူ ဧယဉ်ကျုးနေတဲ့ အသံတွေ၊ ဟန်တွေကို နားရည်ဝနေပါပြီ။ ပရိသတ်တွေကလည်း သူ့ရဲ့ဧယဉ်ကျုးမှုကို နားထောင်ချင် ကြတဲ့အတွက် သူဟာဧယဉ်ကျုး ပညာရပ်ကို ဝမ်းစာပြည့်အောင် မိခင်ဖြစ်သူ ဆီကနေ လေ့လာသင်ယူနေပါပြီ။

”ဇာတ်ကရတာနဲ့ ဧယဉ်ကျုးရတာက မတူဘူး။ တစ်မျိုးစီပါပဲ။ ဧယဉ်ကျုးရတာ ပိုခက်တယ်။ ဇာတ်မှာလည်း ငိုချင်းတွေ ငိုရပါတယ်။ ဒါပေမဲ့ ဇာတ်မှာကြတော့ လူတစ်ဦးနဲ့ လူတစ်ဦး စကားပြောသလိုမျိုး တင်ဆက်ရတာ။ ဧယဉ်ကျုးရတာကြတော့ ပါဠိလိုတွေပြောပြီး ငိုရတာ။ ပြီးတော့ ဆရာတော်ကြီးတွေရဲ့ ဘဝဖြစ်စဉ်တွေကို လေ့လာရတယ်။ ပြီးတော့ အဆွဲအငင်နဲ့ ငိုချင်းရှည်ပြောရတယ်။ အဓိကတော့ လာတဲ့သူတွေရဲ့ရင်ထဲကို ထိအောင်ပြောဆို ငိုရတယ်။ တော်တော်တော့ ခက်ပါတယ်။ ညီမအနေနဲ့ကတော့ အမေနဲ့အတူ ဧယဉ်ကျုးပွဲတွေ တော်တော်များများ လိုက်ဖြစ်တယ်။ အမေနဲ့ အတူတူ ၃ခါလောက်တော့ ဧယဉ်ကျုးဖြစ်တယ်။ တစ်ယောက်တည်းတော့ ဧယဉ်မကျုးဖြစ်ဘူး။ ပရိသတ်တွေက တစ်ယောက်တည်း ကျုးစေချင်တယ်။ ဒါပေမဲ့ ညီမအနေနဲ့ကလည်း ဝမ်းစာပြည့်မှပဲ လုပ်ချင်တယ်လေ။ ဒါကြောင့် မလုပ်ဖြစ်တာပါ။ အခုတော့ အမေကလည်း တိုက်တွန်းတယ်။ တစ်ယောက်တည်း ဧယဉ်ကျုးဖို့ပေါ့။ ဒါကြောင့် အခု စာကျက်နေတာပါ” လို့ ဝင်းသပြေထွန်းက ပြောပြပါတယ်။ ဧယဉ်ကျုး ဆိုတာကတော့ ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ အခါမျိုးမှာ ဆရာတော်ကြီးတွေရဲ့ ဘဝဖြစ်စဉ်တွေကို ဆိုငိုပြောပညာရပ်နဲ့ ဧည့်ပရိသတ်တွေရဲ့ ရင်ထဲထိအောင် ဧယဉ်ကျုးရတာပဲ ဖြစ်ပါတယ်။ လက်ရှိဧယဉ်ကျုးမှာတော့ အငယ်တန်း မင်းသမီးတန်း အနေနဲ့ နည်းပါးလျက်ရှိတယ်လို့ သိရပါတယ်။ ဧယဉ်ကျုးခြင်းကတော့ အသက်အရွယ်နဲ့ မဆိုင်ဘဲ ကျွမ်းကျင်မှုနဲ့သာဆိုင်ပြီး ပွဲများလာတာနဲ့အမျှ အတွေ့အကြုံတွေ များလာမှာ ဖြစ်သလို ကျွမ်းကျင်လာမှာပဲဖြစ်တယ်လို့ သူကဆိုပါတယ်။ ဝင်းသပြေထွန်း အနေနဲ့ကတော့ နောက်ပိုင်းမှာလည်း ဧယဉ်ကျုးမှုကို လုပ်ဆောင်သွားမှာ ဖြစ်သလို တစ်ဖက်မှာလည်း အငြိမ့်ကခြင်းနဲ့ ဇာတ်ကခြင်းကိုလည်း လုပ်ဆောင်သွားမှာပါလို့ ပြောပြပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*